All News

ကယားပြည်နယ်အစိုးရအဖွဲ့၏ အာဏာ အလွဲသုံးစားမှု နိုင်ငံတော်သမ္မတထံ တင်ပြတိုင်ကြားမည်

ဓာတ်ပုံ- ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို (Photo Credit- Kantarawaddy Time)

ရန်ကုန်၊ သြဂုတ် ၁၃

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့သည် အာဏာ အလွဲသုံးစားမှု ဆောင်ရွက်နေသဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီတူးက ပြောသည်။

ကယားပြည်နယ်အစိုးရသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လူငယ်များ၊ ကယန်းအမျိုးသားပါတီဗဟိုကော်မတီဝင်များကို သက်သေအထောက်အထားမဲ့စွာဖြင့် မတရားဖမ်းဆီးထောင်ချနေမှုများကို ကျူးလွန်ခြင်းဖြင့် အာဏာအလွဲသုံးစားပြုနေကြောင်း၊ ကရင်နီသမိုင်းကြောင်း ဖြန့်ဝေသည့်လူငယ်များကို ပုဒ်မ ၅၀၅ ဖြင့်လည်းကောင်း၊ သက်သ အထောက်အထားခိုင်လုံမှုမရှိဘဲ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီဝင် ခွန်းကောရီယိုကို တရားစွဲထားကြောင်း၊ စုစုပေါင်း ၂၃ ဦးသည် ကယားပြည်နယ်အစိုးရ၏ မတရား ဖမ်းဆီးတရားစွဲဆိုခြင်းကို ခံနေရကြောင်း ကယန်းအမျိုးသားပါတီက ထုတ်ပြန်သည်။

“ကျနော်တို့ လောလောဆယ် သမ္မတရုံးနဲ့ စကားပြောခွင့်တောင်းနေတယ်။ စာတွေ ၊ အထောက်အထားတွေ ဖိုင်တွေ စုနေတုန်း။ တိုင်စရာရှိတာတိုင်မယ်။ ကယားပြည်နယ် အစိုးရရဲ့အာဏာ အလွဲသုံးစားမှုနဲ့ပတ်သက်ပြီး ဆက်တင်ပြသွားမယ်” ဟု ခွန်းဘီတူး ကဆိုသည်။

လတ်တလော ကယားပြည်နယ်အစိုးရအဖွဲ့၏ တရားစွဲဆိုခြင်းခံနေရသော သူများသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များဆိုင်ရာ ပြဋ္ဌာန်းချက်များ၏ အကာအကွယ်မရဘဲ ချိုးဖောက်ခံနေရသည်ဟု ကယန်းအမျိုးသားပါတီက ထုတ်ပြန်ပြောဆိုထားသည်။

ကယားပြည်နယ်အစိုးရ၏ တရားစွဲဆိုခြင်းခံထားရသောသူ ၂၃ ဦးအနက် ၆ ဦးမှာ လွိုင်ကော်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေပြီး ကျန်လူများမှာ တရားရင်ဆိုင်နေရကြောင်း သိရှိရသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန် ကယားပြည်နယ် အစိုးရက ကြိုးပမ်းခဲ့ပြီး ယင်းကြိုးပမ်းမှုကို ကရင်နီ ပြည်သူများက ကန့်ကွက်ခဲ့ကြရမှာ ဆန္ဒပြပွဲများဖြစ်ပွားပြီး ဖမ်းဆီး တရားစွဲဆိုမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အလားတူ ကရင်နီသမိုင်းကြောင်း စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟုဆိုကာ လူငယ်တချို့ကိုလည်း ကယားပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်များနှင့် တရားစွဲဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts