Features

၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးခရီး ရှေ့ဆက်ဖို့ မဖြစ်နိုင်တာ ဘာကြောင့်လဲ

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရရှိဖို့ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနေပေမယ့်လည်း ၂၁ ရာစုပင်လုံညီလာခံဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါ ရပိုင်ခွင့်တွေကို အကောင်အထည် ဖော်နိုင်မယ့် အခြေအနေမရှိဘူးလို့ ကရင်တိုင်းရင်းသားတွေဘက်က အစီရင်ခံစာ တစ်စောင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်လို့ ခေါ်တဲ့ KPSN က  “ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှု ခရီး” လို့ ခေါ်တဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပြီး  အဲဒီအစီရင်ခံစာမှာ ကရင်တိုင်းရင်းသားတွေ လိုလားတဲ့ မြေယာကဏ္ဍမူဝါဒတွေ ဘယ်လို ကျရှုံးသွားခဲ့သလဲဆိုတာကို ဥပမာပေး ဖော်ပြထားပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးမှုတွေမှာ အဆင့်ဆင့်သော အဖွဲ့အစည်းတွေ၊ လုပ်ငန်းစဉ် တံခါးပေါက်တွေ ထားရှိပေမယ့် အဓိကအားဖြင့်တော့ တပ်မတော် ရဲ့ သဘောတူညီချက်မရတဲ့အခါမှာသော်လည်းကောင်း၊ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စွဲကိုင်ထားပြီး တိုင်းရင်းသားတွေရဲ့ တင်ပြချက်တွေကို ပယ်ချတဲ့ အခါမှာသော်လည်းကောင်း၊ NLD  အစိုးရကိုယ်တိုင်က တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ် ပြည်ထောင်စု လိုလားချက်ပါ အခွင့်အရေးတွေကို လျစ်လျူရှုပြီး တည်ဆဲဥပဒေ တွေကို ညွှန်းဆိုနေတာကြောင့် လည်းကောင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား တွေလိုလားတဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ တိုင်းရင်းသားတွေဘက်က ပြောဆိုနေပါတယ်။

၂၁ ရာစုပင်လုံညီလာခံနဲ့ ခက်ခဲတဲ့ တံခါးပေါက်များ

ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့ကနေ မေလ ၂၉  ရက်နေ့ အထိကျင်းပခဲ့ပြီး သမိုင်းတွင်တဲ့ သဘောတူညီချက် ၃၇ ချက်ရရှိခဲ့ပါတယ်။ အဲဒီ ၃၇ ချက်ထဲမှာ နိုင်ငံရေး မူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ ၄ ချက်နဲ့ မြေယာ နဲ့ သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ ၁၀ ချက်ဆိုပြီး ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်တွေထဲက မြေယာနဲ့သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ ၁၀ ချက်ဟာ ကရင်တိုင်းရင်းသားတွေ လိုလား တင်ပြခဲ့တဲ့ အချက်တွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် ဘားအံမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကရင်တိုင်းရင်းသားတွေဘက်က လိုလားတဲ့ မြေယာမူဝါဒတွေ ပေါ်ထွန်းခဲ့ပြီး ပြည်ထောင်စု သဘောတူညီချက်ထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ တပ်မတော်ရဲ့ ကန့်ကွက်ချက်ကြောင့် ပျက်ပြယ်ခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ လိုလားတဲ့ အချက်တွေ ရဖို့ မလွယ်ကူသလို တိုင်းရင်းသားတွေ လိုလားချက်တွေကို တင်ပြ သဘောတူညီနိုင်ဖို့ ခက်ခဲစေတဲ့ တံခါးချပ် ၆  ပေါက်လည်းရှိနေပါတယ်။

NCA နဲ့ ဖြတ်ကျော်ဖို့ ခက်တဲ့ တံခါးချပ် ၆ ပေါက်

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်(NCA) ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCA အကောင်အထည်ဖော်ရေး အဖွဲ့တွေ၊ လုပ်ထုံးလုပ်နည်းတွေ ပါဝင်လာပါတယ်။

NCA ကြောင့်ပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JIMC) ၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) တို့ ပေါ်ပေါက်လာပါတယ်။ JIMC က အမြင့်ဆုံးဖြစ်ပြီး JMC နဲ့ UPDJC က မဖြေရှင်းနိုင်တာတွေကို JIMC က တစ်ဆင့် ဖြေရှင်းနိုင်ပါတယ်။

အဲဒီနောက် လုပ်ငန်းစဉ်ကြီးတွေလို့ ခေါ်ရမယ့် တံခါးချပ် ၆ ပေါက်လည်း ပေါ်ပေါက်လာပြီး ဒီတံခါးချပ် ၆ ပေါက်ကလည်း အင်မတန်မှကို ခက်ခဲတဲ့ အဆင့်တွေ ဖြစ်ပါတယ်။

ပထမ တံခါးချပ်

NCA အကောင်အထည်ဖော်ဖို့ ပထမ တံခါးချပ်ကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရေးပဲဖြစ်ပါတယ်။ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မကျင်းပနိုင်တဲ့ အကြောင်းအရင်းတွေထဲမှာ ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တပ်မတော်၊ NLD အစိုးရနဲ့ RCSS အကြားမှာ သဘောထားမတူညီမှုကစလို့ နောက်ဆုံးမှာ တင်းမာမှုတွေပါ ဖြစ်ပေါ်ခဲ့တာပါ။

ပထမတံခါးချပ်ကလည်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့နဲ့ NLD အစိုးရအကြား သဘောတူညီမှုရှိရုံနဲ့ မရနိုင်ဘဲ တပ်မတော်ကပါ သဘောတူညီဖို့ မဖြစ်မနေ ရမှသာ ဖြတ်ကျော်နိုင်တာပါ။

ပထမတံခါးချပ် တောင် မပွင့်သေးတဲ့ ပြည်နယ်တွေရှိနေပြီး ရှမ်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတာမို့ ၂၁ ရာစုပင်လုံညီလာခံရဲ့ ပထမ ငြိမ်းချမ်းရေး တံခါးချပ်က မပွင့်နိုင်သေးတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။

ဒုတိယတံခါးချပ်

ပထမ တံခါးချပ်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပလို့ရပြီဆိုရင်တော့ ဒုတိယတံခါးချပ်ကို ထပ်မံ ဖွင့်လှစ်ဖို့လိုပါတယ်။ ဒီတံခါးချပ်မှာလည်း အဟန့်အတားကြီးတွေ ရှိနေပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေ ဆွေးနွေးလိုက်တဲ့ သဘောတူညီချက်တွေကို UPDJC က ဖွဲ့စည်းထားတဲ့ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ(TWC) မှာ ထပ်မံဆွေးနွေးပြီး ပြင်ဆင်ဖြတ်တောက်မှုတွေ လုပ်ဆောင်ပါတယ်။ အဲဒီလို ပြင်ဆင်ဖြတ်တောက်မှုတွေ လုပ်ဆောင်ရမှာလည်း တပ်မတော်သား အစုအဖွဲ့ရဲ့ မှတ်ချက်က အရေးကြီးပြီး သူတို့ သဘောမတူတဲ့အခါ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲက ပေါ်ထွက်လာတဲ့ မူဝါဒတွေဟာ ပျက်ပြယ်သွားနိုင်ပါတယ်။

တတိယတံခါးချပ်

TWC လို့ ခေါ်တဲ့ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွေက ဆွေးနွေးလိုက်တဲ့ မူဝါဒတွေကို UPDJC-S လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ မှာ ထပ်မံ ဆွေးနွေးမှာဖြစ်ပါတယ်။ UPDJC-S  မှာလည်း ပထမအုပ်စု၊ ဒုတိယအုပ်စုနဲ့ တတိယအုပ်စုဆိုပြီး ၃ ဖွဲ့ခွဲထားပြီး ပထမအုပ်စုမှာ တပ်မတော်၊ အစိုးရနဲ့ လွှတ်တော် အစုအဖွဲ့၊ ဒုတိယအုပ်စုမှာ တိုင်းရင်းသားနက်ကိုင် အဖွဲ့များကို ကိုယ်စားပြုသူများနဲ့ တတိယအုပ်စုမှာ နိုင်ငံရေးပါတီတွေ ကိုယ်စားပြုသူတွေ ပါဝင်ပါတယ်။

TWC က အတည်ပြုလိုက်တဲ့ မူဝါဒတွေဟာ UPDJC-S က ပယ်ချရင်လည်း မပါလာနိုင်ပါဘူး။ တတိယတံခါးချပ်မှာလည်း တပ်မတော်ဟာ အဓိက အခရာအဖြစ် ရှိနေဆဲပါပဲ။

စတ္တုတတံခါးချပ်

UPDJC-S အဖွဲ့က ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ UPDJC  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို ရောက်ရှိလာပြီး ပြည်ထောင်စုသဘောတူ စာချုပ်ရဲ့အခြေခံ ဖြစ်လာမယ့် ဘုံမူဝါဒမူကြမ်းအဖြစ် ပေါ်လာရေး ဆွေးနွေး ပြင်ဆင် ဖြတ်တောက် အတည်ပြုတာတွေလုပ်ဆောင်မှာပါ။ အဲဒီအဆင့်မှာလည်း တပ်မတော်ဟာ အဓိကပါသလို အစိုးရကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ တိုင်းရင်းသားတွေကဘယ်လိုပဲ တင်ပြပြ အစိုးရ သို့မဟုတ် တပ်မတော်ဘက်က ကန့်ကွက်ရင် မူဝါဒမူကြမ်းအဖြစ် မြင်တွေ့ရဖို့ခက်ပါတယ်။

ပဉ္စမ တံခါးချပ်

UPDJC က ထွက်ပေါ်လာတဲ့ ပြည်ထောင်စု သဘောတူညီချက်မူကြမ်းတွေဟာ ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ညီလာခံမှာ အားလုံးသဘောတူညီချက်ရမှ ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ဆဋ္ဌမ တံခါးချပ်

၂၁ ရာစုပင်လုံညီလာခံက ပေါ်ထွက်လာတဲ့အချက်တွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခြင်းဟာ ဆဋ္ဌမ တံခါးချပ်ဖြစ်ပြီး အဲဒီတံခါးချပ်ပွင့်အောင် ဖွင့်နိုင်တဲ့ မူဝါဒတွေဟာငြိမ်းချမ်းရေးအတွက် အဓိက သက်ရောက်တဲ့ မူဝါဒတွေ ဖြစ်လာမှာဖြစ်ပါတယ်။

တံခါးချပ် ၆ ချပ်လုံးရဲ့  တံခါးမှူးက တပ်မတော်

ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ ဖွင့်ရမယ့် တံခါးချပ် ၆ ချပ်လုံးရဲ့တံခါးမှူးဟာ တပ်မတော်ပါပဲ။ တပ်မတော်ရဲ့ သဘောတူညီချက် မရဘဲ ဘယ်တံခါးချပ်ကိုမှ မဖွင့်နိုင်ပါဘူး။ တပ်မတော်ဟာ ငြိမ်းချမ်းရေး တံခါးကို လိုအပ်သလောက်ပဲ ချိန်ညှိဖွင့်ပေးနိုင်တဲ့ အင်အားရှိသလို လုံးလုံးပိတ်နိုင်တဲ့ အင်အားလည်းရှိနေပါတယ်။

ပြည်ထောင်စု သဘောတူညီချက်ဖြစ်လာတဲ့ မြေယာမူဝါဒ ၁၀ ချက် ကရင်တွေ သဘောမတူ

၂၀၁၇ ခုနှစ် ကရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးပွဲတွေက ထွက်ပေါ်လာတဲ့ မြေယာမူဝါဒအကြံပြုချက် ၆၉ ချက်ရှိပြီး အဓိကအားဖြင့်တော့ အရေးကြီးတဲ့ မူ ၃ ခုပါဝင်ပါတယ်။ အဲဒီမူတွေက “တိုင်းရင်းသားပြည်သူလူထုသည် နိုင်ငံအတွင်းရှိ မြေယာ၏ မူရင်းပိုင်ရှင်များဖြစ်သည်။  ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် မိမိပြည်နယ်နှင့် ကိုက်ညီသည့် ပြည်သူလူထုပူပေါင်းပါဝင်မှုရှိသော မြေယာမူဝါဒဥပဒေနှင့် နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသည်။ ပြည်နယ်အစိုးရသည် မိမိပြည်နယ်အတွင်း မြေယာမှတ်ပုံတင်ခြင်း၊ မြေယာပြဿနာဖြေရှင်းခြင်းအပါအဝင် မြေယာစီမံခန့်ခွဲပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့် ရှိရမည် ဆိုတဲ့ အချက်တွေ ဖြစ်ပြီး အဲဒီ အချက် ၃ ချက်လုံးဟာ နောက်ဆုံးမှာ ပယ်ဖျက်ခံလိုက်ရပါတယ်။

အဓိကအားဖြင့်တော့ တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆိုပြီး ကန့်ကွက်ခဲ့သလို အစိုးရကလည်း တည်ဆဲဥပဒေအတိုင်းပဲ ဆိုပြီး ပုံစံသစ်တစ်မျိုး ပြဋ္ဌာန်း ပယ်ချတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ပြည်ထောင်စုသဘောတူညီချက် အဖြစ် ထွက်ပေါ်ခဲ့တဲ့ မြေယာမူဝါဒ ၁၀ ချက်က ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ မူဝါဒတွေကို ပယ်ဖျက်ပြီး ကရင့်သဘောထားမပါတဲ့ မူဝါဒတွေဖြစ်သွားတယ်လို့  ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN ) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အလုပ်ဖြစ်ပါ့မလား

ဇူလိုင်လ ၁၁ ရက်နေ့ကနေပြီး ဇူလိုင် ၁၆ ရက်နေ့အထိ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားတွေရဲ့ လိုလားတောင်းဆိုချက်တွေကို ဖြည့်ဆည်းခြင်းမရှိဘဲ ဆောင်ရွက်မယ့် ဒီညီလာခံဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်(KPSN) မှ စောအဲလက်စ်က ပြောပါတယ်။

“ကျနော်တို့ ထုတ်ထားတဲ့ အစီရင်ခံစာက မြေယာကို ဥပမာပေးထားပေမယ့် အခြားအရာတွေကိုလည်း ကိုယ်စားပြုတယ်။ မြေယာတစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ အားလုံးက ဒီ Process အတိုင်းပဲ သွားနေတာပါ။ NLD အစိုးရလက်ထက်မှာ တတိယအကြိမ် ၂၁ ပင်လုံညီလာခံက နောက်ဆုံး ဖြစ်လာမယ်။ တိုင်းရင်းသားတွေ လိုလားချက် ဘာမှမဖြည့်ဆည်းဘဲ ညီလာခံလုပ်တာက အရုပ်ဆိုးတယ်။ ဘာမှလည်းပြေလည်မှာမဟုတ်ပါဘူး” လို့ စောအဲလက်စ်က သုံးသပ်ပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.