Local News

အဖမ်းအဆီးများကြောင့် မလေးရှားရောက် တရားမဝင်မြန်မာများ ပုန်းအောင်းနေရ

ကွာလာလမ်ပူမြို့ မှာရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမား။ Photo Credit – Malaymail

ရန်ကုန်၊ ဇွန် ၄

မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် မဟာသီဟာမိုဟာမက် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့နောက် တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုတွေ စီမံချက်နဲ့ ဆောင်ရွက်လာတာမို့ မလေးရှား ရောက် တရားမဝင် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတယ်လို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။

ဇူလိုင် ၁ ရက်နေ့ကစပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ တရားမဝင် နိုင်ငံခြားသားတွေ စီမံချက်နဲ့ ဖမ်းဆီး အရေးယူခဲ့တာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေထဲမှာ မြန်မာတွေလည်း ပါဝင်နေတယ်လို့ ကွာလာလမ်ပူမြို့၊ တရုတ်တန်းမှာ အစားအသောက်ရောင်းချတဲ့ မွန်တိုင်းရင်းသား ကိုနိုင်မွန်ထောက ဆိုပါတယ်။

“စီမံချက်နဲ့ အဖမ်းခံရတဲ့အထဲမှာ မြန်မာတွေ ပါသွားတယ်။ ကျနော်တို့လည်း အို(Overstay) တွေပဲ။ အခုတော့ တရုတ်တန်းမှာ ဈေးမရောင်းဘဲ ရှောင်နေရတယ်။ တရုတ်တန်းမှာကလည်း ဘကုန်း(ဘင်္ဂလားဒေ့ရှ်) တွေနဲ့ ရွှေတွေ(မြန်မာ) များတယ်။ အကုန် အိုတွေချည်းပဲ။ ရှောင်နေရတယ်။ အကုန်လုံး” ဟု ကိုနိုင်မွန်ထောက ဆိုပါတယ်။

လတ်တလော အဖမ်းအဆီးတွေကိုတော့ ကွာလာလမ်ပူမှာ အဓိက လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံခြားသားတွေ အဓိက လာရောက်တဲ့ Jalan Tun Tan Siew Sin (Jalan Silang)၊ ကိုတာကိုရာ ကုန်တိုက်အနီးနဲ့ မြန်မာဆိုင်တွေ ဝန်းကျင်မှာလည်း စစ်ဆေး ဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။

မလေးရှားအစိုးရအနေနဲ့ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ မှုခင်းတွေ ကို ထိန်းချုပ်ဖို့ ပထမဦးဆုံးအနေနဲ့ တရားမဝင်နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးမှု စတင်တာဖြစ်ပြီး ဒီလိုဖမ်းဆီးမှုကြောင့် တရားမဝင် မြန်မာတွေ အလုပ်မလုပ်နိုင်ဘဲ ရှောင်ပုန်းနေရတဲ့ အခြေအနေပါလို့ မလေးရှား စမုံညှင်းမှာ နေထိုင်တဲ့ ဒေါ်ကြည်ဝင်းက ဆိုပါတယ်။

“မလေးရှားအစိုးရသစ်ရဲ့ထုတ်ပြန်ချက်ကတော့ ဒီမှာ မှုခင်းတွေ တအားများတယ်။ လူသတ်၊ ပစ္စည်းလု၊ ဂိုဏ်းတွေ အချင်းချင်း ချကြ ဆိုတဲ့ အခြေအနေတွေကို ကိုယ်တွင်ဖို့ ပထမဆုံး တရားမဝင်နိုင်ငံခြားသားတွေကို စဖမ်းတယ်ပေါ့။ အများဆုံးထိတာကတော့ အလုပ်သမားတွေပဲ လေ။ ဘကုန်းတွေက အိုတွေချည်းပဲ။ ဘကုန်းတွေ အဓိက ထိတယ်။ မြန်မာတွေကတော့ အို အရမ်းတော့ မများဘူး။ ရှိတော့ရှိတယ်။ ဘကုန်းလောက် မများဘူး။ အကုန်ရှောင်ကြ တိမ်းကြပဲ” လို့ ဒေါ်ကြည်ဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံကို တရားမဝင်လာရောက်မယ်ဆိုရင် အခုအချိန်က စီမံချက်နဲ့ ဖမ်းဆီးနေချိန်ဖြစ်လို့ မလာကြဖို့လည်း မလေးရှားရောက် မြန်မာတွေက တိုက်တွန်းပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.