China Watch political news

လိပ်ခဲတည်းလည်း နိုင်ငံရေးအကျပ်အတည်းမှာ ဦးသန်းရွှေက အခရာလား

(ဓာတ်ပုံ- တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ အကြီးအကဲ H.E. Mr. Song Tao သည် ၂၀၁၆ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခဲ့သည်။ထိုတွေ့ဆုံမှုကို နိုင်ငံရေးအင်အားစုများနှင့်တွေ့ဆုံခြင်းဟု ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုခဲ့သည်)

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ နိုင်ငံရေးမှာ ဝင်မပါတော့ဘဲ စာအုပ်စာပေတွေ လေ့လာဖတ်ရှုရင်း အေးချမ်းစွာ နေထိုင်နေပြီလို့ အရင်စစ်အစိုးရခေါင်းဆောင်ဟောင်းတွေက မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုနေကြပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ဦးသန်းရွှေဟာ တပ်မတော်အပေါ် သြဇာညောင်းနေဆဲဖြစ်သလို သူချမှတ်ထားတဲ့မူဝါဒတွေဟာလည်း ယနေ့အချိန်အထိ တပ်မတော် ခေါင်းဆောင်ပိုင်းက လိုက်နာနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ဆိုကြပါတယ်။

၂၀၁၁ ခုနှစ် ကစလို့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး သမ္မတဟောင်းဦးသိန်းစိန်အစိုးရကို အာဏာလွှဲပြောင်းပေးခဲ့ပြီး တပ်ချုပ်မင်းအောင်လှိုင်ကို သူရဲ့အရိုက်အရာ လွှဲပြောင်းပေးခဲ့တဲ့ ပြီးနောက် နေပြည်တော် တရားအားထုတ်ရင်း စာပေတွေ လေ့လာ ဖတ်ရှုနေတယ်လို့ ဆိုတာကြောင့် ဦးသန်းရွှေကို စာဖတ်သူကြီးရယ်လို့ လူထုကြားမှာ သုံးနှုန်းခေါ်ဆိုမှုတွေရှိနေပါတယ်။

ဒါပေမယ့် စာဖတ်သူကြီးက ယနေ့အချိန်အထိ နေပြည်တော်မှာ လုံခြုံရေး တင်းကျပ်တဲ့ တပ်မတော်အစောင့်အရှောက်တွေနဲ့ နေထိုင်နေသလို အာဏာမစွန့်ခင်က သူချမှတ် လိုက်တဲ့ သံမဏိ မူဝါဒတွေတွေဟာ အသက်ဝင်နေဆဲပါပဲ။ သူဟာ နိုင်ငံရေးအရလည်း အရေးပါတဲ့ ခေါင်းကိုင် ဖခင်ကြီး နေရာမှာ ရပ်တည်နေဆဲဖြစ်တယ်ဆိုတာ ၂၀၁၅ ခုနှစ်နောက်ပိုင်းထွက်ရှိလာတဲ့ အရင်စစ်ခေါင်းဆောင်တွေရေးသားတဲ့ စာအုပ်စာတမ်းတွေမှာ ဖော်ပြသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ကျေးဇူးရှင်ကြီး အဖြစ် တကူးတက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

သူရဦးရွှေမန်းရေးတဲ့ ဦးသန်းရွှေရဲ့ အရေးပါမှု

၂၀၁၈ ခုနှစ်ဧပြီလ ၂၃ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူရဦးရွှေမန်းရေးသားတဲ့ “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” ဆိုတဲ့ စာအုပ်မှာ ဦးသန်းရွှေဟာ နိုင်ငံရေးမှာ ဘယ်လောက်အရေးကြီးနေသလဲဆိုတာကို ဖွင့်လှစ်ပြလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ တွေ့ဆုံဖို့ သူ ကြားဝင် ညှိနှိုင်းပေးမှုကို ဖော်ပြခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ အသိအမှတ်ပြုစကား ရရှိစေခဲ့ပါတယ်။

“အခုသူ နိုင်ငံ့ခေါင်းဆောင်ဖြစ်သွားပြီ။ တို့အသိအမှတ်ပြုရမယ်။ ဒီတစ်ကြိမ်တင်မဟုတ်ဘူး။ ၂၀၂၀ မှာလည်း ပြည်သူကရွေးရင် တို့ အသိအမှတ်ပြုရမယ်။ သူတိုင်းပြည်ကောင်းအောင်လုပ်ရင် တို့ကူရမယ်” လို့ ဦးသန်းရွှေရဲ့ နုတ်ထွက်စကားက NLD အစိုးရ အာဏာရယူဖို့ နဲ့ ဦးသိန်းစိန်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးဖို့ တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိစေခဲ့တာကတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။

ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ သူရဦးရွှေမန်းက ၂ ကြိမ်တိုင်တိုင် တွေ့ဆုံစကားပြောဆိုခဲ့ရသလို သူတို့နှစ်ဦး တွေ့ဆုံမှုအပြီးမှာလည်း နောက်တစ်ကြိမ် ဦးရွှေမန်းက ဦးသန်းရွှေကို သွားရောက် တွေ့ဆုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်းက လာတဲ့ အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေမှာတော့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအဖြစ် တာဝန်ယူချင်တဲ့အကြောင်း၊ ဒီအပေါ် ဦးသန်းရွှေရဲ့ သဘောထားကို ဘယ်လိုရှိမလဲ မေးမြန်းခဲ့ပြီး ဦးသန်းရွှေရဲ့ အဖြေက အခြေခံဥပဒေအတိုင်း ဆောင်ရွက်ဖို့နဲ့ သမ္မတဖြစ်ချင်ရင် အခြေခံဥပဒေ ရအောင် ပြင်ပါလို့ ပြန်ကြားတယ်လို့ သိရပါတယ်။ ဒီသတင်းအချက်အလက်ဟာ ဘယ်လောက်မှန်ကန်မလဲဆိုတာ အတည်ပြုဖို့ ခက်ပေမယ့် နိုင်ငံရေး အသိုင်းအဝိုင်းက ဒီသတင်းဟာ ဖြစ်နိုင်ချေများတယ်လို့ သုံးသပ်ကြပါတယ်။

ဦးသန်းရွှေကို တွေ့ပြီး NLD ထံအာဏာလွှဲဖို့ အညှာကိုင်လို့ ဦးစိုးသိန်းဆိုပြန်

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ အရေးကြီးတဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသိန်းကလည်း ဦးသန်းရွှေရဲ့ အရေးပါမှုကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေး တောင်းဆိုပြီး ဦးသန်းရွှေကို နိုင်ငံရေးအရှုပ်မှာ ပါဝင်စေခြင်းနဲ့ နိုင်ငံရေး ကစားသူအချို့က အညှာကိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ထူးခြားမှုတစ်ခု ကြုံတွေ့ရသည်မှာ ဦးသန်းရွှေ၏ မြေးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်းဖြစ်ပါသည်။ ယခင်က အဆက်အစပ် မရှိခဲ့သော်လည်း နိုင်ငံရေးကစားသူအချို့က အညှာကိုင်လှုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။ မြေး၏ တိုက်တွန်းချက်ကြောင့် ဦးသန်းရွှေအား နိုင်ငံရေးအရှုပ်ထဲပါဝင်စေပါတော့သည်”လို့ သူ့စာအုပ်မှာ ရေးသားခဲ့ပါတယ်။

ဒီရေးသားချက်ကို ကြည့်ခြင်းဖြင့်လည်း သမ္မတဦးသိန်းစိန်အစိုးရ အနေနဲ့ ရွေးကောက်ပွဲအနိုင်ရ NLD ကို အာဏာလွှဲပေးဖို့ ပြင်ဆင်တဲ့နေရာမှာ ဦးသန်းရွှေရဲ့ မှတ်ချက်စကားကလည်း အာဏာလွှဲပြောင်းရေးအတွက် တွန်းအားတစ်ခုအဖြစ် ရှိနေခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။

ကျေးဇူးရှင်မို့ ဦးသန်းရွှေရဲ့ ဆိုဆုံးမမှုတွေ ရှိတယ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဦးသန်းရွှေရဲ့ အဓိက ရွေးချယ်မှုကြောင့် တပ်ချုပ်ရာထူးကို ရခဲ့တာဖြစ်ပြီး သူရှေ့မှာ စီနီယာတွေကို ကျော်ဖြတ်ပြီး ရခဲ့တာပါ။ ဒါကြောင့်လည်း ဦးသန်းရွှေရဲ့ ကျေးဇူးကို မမေ့ဘူး။ ဦးသန်းရွှေရဲ့ ဆိုဆုံးမမှုတွေ နာခံမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က The Mainichi နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ လုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဖြေဆိုခဲ့ပါသေးတယ်။

” သူက တပ်မတော်ရဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့အနေနဲ့လည်း ကွန်တော်တို့ရဲ့ တပ်မတော်ရဲ့ မိဘ တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း အခါကြီးရက်ကြီးတွေ ဥပမာအဖြစ် သီတင်းကျွတ် ကန်တော့တာကတော့ ရိုးရာထုံးတမ်းဖြစ်ပါတယ်၊ မြန်မာ့ရိုးရာ နှစ်ဆန်းတစ်ရက်နေ့မှာ ကန်တော့တာရှိတယ်၊ ရံဖန်ရံခါမှာ တွေ့ဆုံမှုတွေရှိတယ်။ ရှိတဲ့အခါ ကျတော့လည်း သူ့အနေနဲ့လည်း ကျွန်တော်တို့အပေါ်မှာ လိုအပ်တဲ့ ဆိုဆုံးမမှုတွေရှိပါတယ်။ ဒါကတော့ အသက်ကြီးတဲ့သူက ငယ်တဲ့သူကို မိဘက သားသမီးကို ဆိုဆုံးမမှုပြုတဲ့ သဘောပဲရှိပါ တယ်။ အဓိကကတော့ တိုင်းပြည်ကောင်းဖို့၊ ပုဂ္ဂိုလ်ရေး အရကောင်းဖို့၊ တပ်မတော်ကောင်းဖို့ ပြောတာပဲရှိပါတယ်။ သီးခြားတော့ သူနဲ့သွားပြီးတော့ နိုင်ငံရေးအရ သွားရောက်ဆွေးနွေးတာမျိုးတော့ မရှိပါဘူး။ နောက်တစ်ခုကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ကလည်း တပ်မတော်အပေါ်မှာ နှစ်ပေါင်းများစွာ ဦးဆောင်ပြီးမှ ခေတ်မီ တပ်မတော် ဖြစ်အောင် သူနိုင်တဲ့အပိုင်းကို ဆောင်ရွက်သွား တယ်။ ပြောလို့ရှိရင်တော့ ခေတ်မီတပ်မတော် တစ်ခုဖြစ်လာတာ သူ့ရဲ့အားထုတ်မှုတွေ ကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီမြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့ သူ့ရဲ့ ကျေးဇူးလို့ ပြောရမှာပေါ့။ သူ့ရဲ့ကျေးဇူး ကို မေ့လို့မရပါဘူး။ သူလည်းအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာပါဘဲ။ အခု သူပြောင်းလဲပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဟာ နည်းနည်းလေး ထိန်းပြီးလုပ်သွားတာနဲ့ ခိုင်ခိုင်မာမာ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အရဆိုရင် ဦးသန်းရွှေ ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ကျေးဇူးရှင် ကို ကျေးဇူးဆပ်တဲ့အနေနဲ့ရော တပ်မတော်ဖခင်တစ်ဦးရဲ့ စကားကို လိုက်နာတဲ့အနေနဲ့ပါ လိုက်နာ ဆောင်ရွက်မယ် ဆိုတာ ထင်ရှားလှပါတယ်။

ဦးသန်းရွှေ သက်ရှိ ထင်ရှား ရှိနေသမျှကာလပတ်လုံးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နောင်ဖြစ်လာမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေအနေနဲ့ လွန်ဆန်နိုင်ဖို့ ခက်ခဲမှာက အသေအချာပါပဲ။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဦးသန်းရွှေ အခန်းကဏ္ဍ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေမှာ စစ်အစိုးရခေတ်လက်ထက် လုပ်ဆောင်ခဲ့သမ ျှ တွေကို နောက်ကြောင်းပြန် အရေးမယူရလို့ ပြဋ္ဌာန်းထားသလို စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း သီးခြားရပ်တည်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ အခြေခံဥပဒေကိုလည်း တပ်မတော်ရဲ့ သဘောတူညီချက်မရှိရင် ပြင်ဆင်နိုင်ဖို့ လုံး၀ မရှိအောင် လည်း ရေးဆွဲထားပါတယ်။ ဦးသန်းရွှေဟာ အခြေခံဥပဒေကို ဖန်တီးမွေးဖွားပြီး အာဏာလွှဲပြောင်းပေးခဲ့တဲ့ ခေါင်းကိုင် ဖခင်ကြီးဖြစ်တာမို့ သူ ရှိနေသမျှ ကာလပတ်လုံးတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ အတော်ကို ခက်ခဲမယ့် ကိစ္စဖြစ်မှာပါ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ ဖခင် လို့ ဆိုနေတဲ့ ဦးသန်းရွှေရဲ့ သဘောတူညီချက်ကလည်း အခရာဖြစ်မှာလာမှာ အသေအချာပါပဲ။ တစ်နည်းအားဖြင့် ဆိုရရင်တော့ ဦးသန်းရွှေ သဘောမတူဘဲ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လုံး၀ မဖြစ်နိုင်ပါဘူး။

ဦးသန်းရွှေအနေနဲ့လည်း တရားဝင်အာဏာစွန့်ပြီးတဲ့အချိန်မှာ သူရဲ့လုံခြုံရေးအတွက် သေချာ စီမံထားပေမယ့် သူမရှိတော့တဲ့နောက်ပိုင်း သူ့မျိုးဆက်နဲ့ အသိုင်းအဝိုင်းအတွက် စိုးရိမ်မှုတွေရှိနေနိုင်ပါတယ်။ ဦးသန်းရွှေ စိုးရိမ်ပူပန်မှုတွေများစွာထဲက တစ်ခုကတော့ တချိန်က လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် အပါအဝင် ထောက်လှမ်းရေးရဲ့ တန်ပြန်ဒုက္ခပေးမှာကိုတော့ အမြဲပဲ ပူပန်နေနိုင်ပါတယ်။ သူအပူပန်ဆုံးက ဗိုလ်ချုပ်ကြီးခင်ညွှန့် ဦးဆောင် တဲ့ ထောက်လှမ်းရေးအင်အားစုတွေ နိုင်ငံရေးလောကထဲပြန်ဝင်လာပြီး ဒုက္ခပေးနိုင်မယ်ဆိုတာ လည်း တွက်ဆထားနိုင်တာမို့ အခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုတော့ လေ ျှာ့ချပေးမယ့် အရိပ်အရောင်မမြင်ရပါဘူး။

သူတို့ ဘယ်လိုမြင်ကြသလဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က တော့ ဦးသန်းရွှေဟာ ယနေ့ မြန်မာ့နိုင်ငံရေးမှာ သြဇာရှိပြီး ခေါင်းဆောင်အဖြစ် ရပ်တည်နေဆဲပဲလို့သုံးသပ်ပါတယ်။

“ဦးသန်းရွှေက သြဇာရှိနိုင်တယ်။ မင်းဒါလုပ်လို့ အမိန့်ပေးချင်မှ ပေးမယ်။ သူကိုယ်တိုင်လည်းပြောမှာမဟုတ်ဘူး။ အကြံဉာဏ်ပေးတာတော့ ရှိကောင်းရှိနိုင်မယ်။ သူတို့ ဦးသိန်းစိန်၊ ဦးရွှေမန်းရော လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ကရော တလေးတစား ဆက်ဆံရတဲ့ သူတို့ ခေါင်းဆောင်အနေအထားမှာ ဦးသန်းရွှေက ရှိတုန်းပဲလို့ ကျနော်ထင်ပါတယ်” လို့ ဦးအောင်မိုးဇော်က ဆိုပါတယ်။

ဒါကို သဘောတူသူကတော့ စစ်ရေးလေ့လာသူလည်းဖြစ် သမိုင်းပညာရှင်လည်းဖြစ်တဲ့ ဗိုလ်မှူးဟောင်း ဒေါက်တာအောင်မျိုးပါ။

ဒေါက်တာအောင်မျိုးကလည်း ဦးသန်းရွှေဟာ အင်မတန်ကြီးမားတဲ့ အခန်းကဏ္ဍကနေ မြန်မာ့နိုင်ငံရေးအပေါ် လွှမ်းမိုးမှု ရှိနေဆဲလို့ ဆိုပါတယ်။

“သူ့မှာ အာဏာမရှိပေမယ့် လွှမ်းမိုးမှုက ရှိနေတယ်။ ဦးသန်းရွှေက ဒီနေ့ တပ်မတော်အပေါ်မှာ လွှမ်းမိုးမှုမရှိပါဘူး၊ တပ်ချုပ်အပေါ်မှာ လွှမ်းမိုးမှု မရှိပါဘူးပြောရင် ယုံကြည်စရာမကောင်းတဲ့ ပြောဆိုမှုပါ။ ဒီနေ့တပ်ချုပ်သည် ဦးသန်းရွှေကနေ ရွေးချယ်လို့ တပ်ချုပ်ဖြစ်လာတာ။ ဝန်ထမ်းဘဝမှာ ရာထူးတစ်ခု ရှေ့လူ မရှိလို့ နောက်လူက ယူတယ်ဆိုတာက နိုင်ငံတော်က ပေးအပ်တာပေါ့။ တပ်ချုပ်ရာထူးက ဦးသန်းရွှေပေးတာဖြစ်လို့ နိုင်ငံတော်နေရာမှာ ဦးသန်းရွှေ ဖြစ်သွားတယ်။ အဲဒီတော့ သူချမှတ်တဲ့ မူဝါဒတွေက ဒီနေ့ တပ်မတော်အပေါ်မှာ လွှမ်းမိုးနေဆဲပါပဲ။ ဒီလိုပဲ ပြောရမယ်။ နောက်တစ်ခါ ဆရာတပည့်ဆက်ဆံရေး ဆိုတာလည်း ရှိသေးတယ်” လို့ ဒေါက်တာအောင်မျိုးက ဆိုပါတယ်။

ဦးသန်းရွှေကို ခေါင်းဆောင်လို့ တရုတ်က မြင်နေဆဲလား

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို တရုတ်နိုင်ငံက ခေါင်းဆောင်လို့ မြင်နေဆဲလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ အကြီးအကဲ Mr. Song Tao ကနေပြည်တော်မှာ ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုကို နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံတာလို့ ရန်ကုန်တရုတ်သံရုံးက တရားဝင်ပြောဆိုခဲ့ပါတယ်။ Mr. Song Tao ဟာ တရုတ်ကွန်မြူနစ်ပါတီမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အပြင် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲတစ်ဦးအနေနဲ့ ဦးသန်းရွှေကို တွေ့ဆုံခဲ့တာမို့ တရုတ်ဟာ ဦးသန်းရွှေကို ခေါင်းဆောင်အဖြစ် မြင်နေဆဲလို့ ယူဆချက်တွေလည်း ရှိပါတယ်။

နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေ

နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေက တပ်မတော်နဲ့ အရပ်သားအစိုးရ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား တိုက်ရိုက်ဆွေးနွေးမှုပါပဲ။ ဒီတိုက်ရိုက်ဆွေးနွေးမှုမှာ ဦးသန်းရွှေရဲ့ သဘောထားကလည်း အရေးကြီးတဲ့ နေရာမှာ ပါဝင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်အကြားက ဆွေးနွေးမှုတွေ ရှိလာလို့ နှစ်ဖက်တွေ့ဆုံမှုတွေကို အပြီးသတ်သဘောတူညီပေးမယ့်သူက ဦးသန်းရွှေ ဖြစ်ပါလိမ့်မယ်။ လိပ်ခဲတည်းလည်း အကျပ်အတည်းမှာ ဦးသန်းရွှေက အဖြေထုတ်သူနဲ့ အခရာကျသူအဖြစ် ရပ်တည်နေဆဲပါပဲ။ နိုင်ငံတော်လူကြီးနေရာမှာ ဦးသန်းရွှေ ရှိနေဆဲပါပဲ။ တစ်ချိန်က နိုင်ငံတော်လူကြီးနေရာမှာ ဦးနေဝင်းရှိနေခဲ့ပြီး ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းမှုမှာ ဦးနေဝင်း ကိုယ်တိုင် စစ်အစိုးရမှာ ဘယ်သူက ဘာဝန်ယူဆိုပြီး တာဝန်နေရာတွေချ ဦးစီးလုပ်ဆောင်ခဲ့တာကလည်း သမိုင်းသင်ခန်းစာအဖြစ် ရှိနေပါတယ်။ နှစ်ဖက်ကြားမှာ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှု မရှိခဲ့ရင်တော့ လောင်းရိပ်ကင်းလွတ်မယ့် နိုင်ငံရေး အချိန်တစ်ခုကို စောင့်ရမယ့် အလားအလာ ဖြစ်နေတာကတော့ အသေအချာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com