Local News

ရခိုင်ဝန်ကြီးဦးကျော်အေးသိန်း ဇနီးလောင်း၏ ကုမ္ဗဏီထံသို့ မြောက်ဦးဈေး တင်ဒါ လက်သိပ်ထိုးပေး

ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း။(Photo Credit- Narinjara)

ရန်ကုန်၊ ဇွန် ၂

ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းသည် ဇနီးလောင်း၏ ကုမ္ဗဏီဖြစ်သော သိင်္ဂ ီရွှေပြည်ကုမ္ဗဏီထံသို့ မြောက်ဦးဈေး တည်ဆောက်ရေးတင်ဒါ လက်သိပ်ထိုးပေးမှုအပါအဝင် တာဝန်မကျေပွန်မှုနှင့် အကျင့်ပျက်ခြစားမှုရှိသဖြင့် အဂတိလိုက်စားမှုကော်မရှင်ထံသို့ သတင်းပေးတိုင်ကြားရန်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ်လွှတ်တော်အမတ် ၁၂ ဦးက စွပ်စွဲပြစ်တင်ရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ စာရေးသားတိုင်ကြားခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ လွှတ်တော်စုံစမ်းရေးကော်မရှင်က တာဝန်မကျေပွန်မှုနှင့် အကျင့်ပျက်ခြစားမှု နှင့်ပတ်သက်သော အချက် ၆ ချက်စိစစ်စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဇွန် ၂၉  ရက်နေ့တွင် ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ရေးအဆို ပြည်နယ်လွှတ်တော် အရေးပေါ်ခေါ်ယူပြီး မဲခွဲခဲ့ရာတွင် လိုအပ်သည့် ထောက်ခံ ဆန္ဒမဲ ၃ ပုံ ၂ ပုံ မရရှိခဲ့သည့်အတွက် ဝန်ကြီးဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်မှုမှာ ရှုံးနိမ့်သွားကြောင်း၊ သို့ရာတွင် အကျင့်ပျက်ခြစားမှုအတွက် အဂတိလိုက်စားမှုကော်မရှင်ထံ တိုင်ကြားသွားမည်ဟု ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်က ဆိုသည်။

ဝန်ကြီးဦးကျော်အေးသိန်းသည် အကျင့်ပျက်ခြစားမှုနှင့် တာဝန်မကျေပွန်မှု မရှိခဲ့သည့် ဖြစ်စဉ် ၆ ခုရှိပြီး ပထမတစ်ခုမှာ ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ ငွေလုံးငွေရင်း အသုံးစရိတ်အဆိုပြုချက်တွင် ပြည်နယ်လွှတ်တော်၏ အကြံပြုချက်ကို အလေးမထားသဖြင့် လွှတ်တော်က ငွေကျပ် ၅ ဘီလီယံ ဖြတ်တောက် ဆုံးရှုံးရကြောင်း၊ လွန်ခဲ့နှစ်က ကျောက်ချောလမ်း ခင်းပြီးခဲ့ပြီးဖြစ်သော ငပလီရှောင်ကွင်းလမ်း၊ ဟိုတယ် ရှောင်ကွင်းလမ်း အတွက် ထပ်မံ၍ ငွေကျပ် သိန်း ၂၈၀၀ လွှတ်တော်သို့ ထပ်မံ တောင်းခံခဲ့ကြောင်း သိရှိရသည်။

ဒုတိယဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဘတ်ဂျက်ဥပဒေကြမ်းပါ လုပ်ငန်းများအတွက် လွှတ်တော်၏ အကြံပြုချက်ကို အလေးမထားဘဲ ငြင်းပယ်ခဲ့သောကြောင့် လွှတ်တော်က ဘတ်ဂျက်များကို စိစစ်ဖြတ်တောက်ရသဖြင့် ရခိုင်ပြည်နယ် အတွက် ၅ ဘီလီယံ ဆုံးရှုံးရခြင်း၊ ရခိုင်ပြည်နယ် လွှတ်တော်သို့ အသိပေးတင်ပြခြင်းမရှိဘဲ  ကျောက်ဖြူမြို့နယ်တွင် စီမံကိန်းလုပ်ငန်း ၅ ခု လုပ်ကိုင်ဆောင်ရွက်ခြင်း တွင် အဓိက တာဝန်ရှိကြောင် စိစစ်စစ်ဆေး တွေ့ရှိရကြောင်း သိရှိရသည်။

တတိယဖြစ်စဉ်မှာ မြောက်ဦးခရိုင်အတွင်းရှိ ဈေးတစ်ခု တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူရာတွင် ဝန်ကြီးဦးကျော်အေးသိန်းသည် တင်ဒါရွေးချယ်ရေးအဖွဲ့တွင် ပါဝင်ပြီး တင်ဒါအောင်ခဲ့ကြသည့် ကုမ္ဗဏီများကို တင်ဒါစည်းကမ်းနှင့်အညီ ညီညွတ် စွာ ရွေးချယ်မှုမရှိကြောင်း၊ တင်ဒါဈေး အနည်းဆုံးဖြစ်သော ဒေသခံ ကုမ္ဗဏီကို ဦးစားပေး ရွေးချယ်ခြင်းမရှိဘဲ တင်ဒါလေလံဆွဲသည့် ကုမ္ဗဏီစာရင်းတွင် မပါရှိသည့် သိဂီၤ ရွှေပြည်ကုမ္ဗဏီကို တင်ဒါအောင်မြင်သည်ဟု ပေးအပ်ခဲ့ခြင်းနှင့် ဘက်လိုက်ခဲ့ခြင်း၊ အဆိုပါ သိင်္ဂီ ရွှေပြည်ကုမ္ဗဏီသည် ဝန်ကြီးဦးကျော်အေးသိန်း၏ တရားဝင် ဇနီးမယားမဖြစ်သေးသော သူ၏ ကုမ္ဗဏီဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။

အလားတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တင်ဒါပိုလျှံငွေကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်သို့ လွှတ်တော်က ခွဲေ၀ အတည်ပြုပေးခဲ့သည့်အတိုင်း ခွဲဝေရရှိငွေ၏ လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် အကောင်အထည်မဖော်ဘဲ လုပ်ငန်းအချို့နှင့် ခွင့်ပြုငွေများကို ချပေးခြင်းမရှိကြောင်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် တောင်ကုတ်များ အတွက် ခွင့်ပြုငွေ ငွေကျပ် ၅၉၀ ဒသမ ၁၉၁ သန်း လျော့နည်းခဲ့ရမှုတွင် ဝန်ကြီးဦးကျော်အေးသိန်းတွင် တာဝန်မကျေပွန်မှုဖြစ်ကြောင်းသိရှိရသည်။

ထို့ပြင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မောင်တောကညင်ချောင်း စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ဘတ်ဂျက်ငွေ ၁ ဒသမ ၅ ဘီလီယံ ချထားပေးခဲ့သော်လည်း ယခုအချိန်အထိ စီးပွားရေးဇုန် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ စီမံကိန်းများကို ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း လွှတ်တော်က သဘောတူထားခြင်းမရှိသည့် ဈေး ၅ ဈေးကိစ္စကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ စီမံကိန်းလျာထားချက်တွင် ထည့်သွားတင်ပြ ခြင်းတို့တွင် ဝန်ကြီးဦးကျော်အေးသိန်းတွင် အဓိက တာဝန်ရှိကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်ပြီး ဘတ်ဂျက်ငွေများ ဆုံးရှုံးမှုတွင် တာဝန်ရှိသူဖြစ်ကြောင်း လွှတ်တော်၏ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ဦးမြို့နယ် ကိုယ်စားပြု ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်ကမူ ” မြောက်ဦး ပျံကျဈေး တင်ဒါအတွက် လျှောက်ထားတဲ့ကုမ္ဗဏီတွေကို မပေးဘဲ တင်ဒါ မလျှောက်တဲ့ ကုမ္ဗဏီကို ပေးလိုက်မှုအတွက်တင်ဒါလျှောက်တဲ့ ကုမ္ဗဏီတွေဘက်က  မကျေျနပ်ကြဘူး။ တိုင်ကြမယ်။ အဲဒါကို ကျနော်အနေနဲ့ မြောက်ဦး လွှတ်တော် အမတ်တစ်ဦးအနေနဲ့ ကူညီပေးမယ်။ အဂတိလိုက်စားမှု ကော်မရှင်ကို တိုင်ပါ့မယ်” ဟု ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.