interview political news

“မဘသရဲ့ ခေါင်းဆောင်ဆိုတဲ့ သူတွေကလည်း ကမ္ဘာ့လူဆိုးကြီး၊ ဘုန်းကြီးဆိုးကြီးတွေ “

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင် ဘဒ္ဒန္တအရိယာဝံသာ ဘိဝံသနှင့် တွေ့ဆုံခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီးကျောင်းတိုက်မှ ဆရာတော် အရှင်အရိယဝံသာဘိဝံသသည် အစွန်းရောက် ဘာသာရေး အယူူဝါဒကို ဆန့်ကျင်ပြီး လူအချင်းချင်း လေးစားတန်ဖိုးထားခြင်းဖြင့် လူမျိုး ဘာသာ မည်မ ျှ ကွဲပြားစေကာမှု တည်ငြိမ်သော လူ့အဖွဲ့အစည်း တည်ထောင်နိုင်ရေး အစဉ်တစိုက် ပြောဆိုနေသော နာမည်ကျော် သံဃာတစ်ပါးဖြစ်သည်။ ဆရာတော် ဘန္ဒန္တအရိယာဝံသာဘိဝံသ သည် အစိုးရဓမ္မာစရိယ စေတိယင်္ဂဏဝဋံသကာ၊ ပရိယတ္တိသာသနာဟိတ(သကျသီဟ) စမ္မာစရိယ၊ အင်္ဂလိပ်စာဒီပလိုမာ(သီရိလင်္ကာ) ဘွဲ့ထူး ဂုဏ်ထူး ပိုင်ဆိုင်ထားသော နာမည်ကျော် ဆရာတော်တစ်ပါးလည်းဖြစ်သည်။
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသ (သ.စ.အ. ဝဋံသကာ)ကို မဘသက အသွင်ပြောင်းဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ကို မဟနက ဖျက်သိမ်းခိုင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လို့ခေါ်တဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကို နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့က ၄၅ ရက်အတွင်း ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့၊ တရားမဝင်အဖွဲ့အစည်းဖြစ်လို့ အမှုကိစ္စတွေ မဆောင်ရွက်ဖို့ တားမြစ်တာတွေ ဌွက်လာတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒါ သံဃာနာယကအဖွဲ့က လုပ်တာ မှန်တယ်လို့ ဘုန်းကြီးမြင်တယ်လေ။ သံဃာနာယကက သံဃာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ထိန်းသိမ်းဖို့ လိုတော့ အခုဟာက ဖြစ်နေတာက မဘသ အုပ်စုတွေက ဘယ်လိုပြောရမလဲဆိုတော့ နာမည်လှလှလေးတွေ လုပ်၊ လုပ်ပြီးတော့ အဲလိုဟာလေးတွေနဲ့ သူတို့လုပ်တဲ့ လုပ်ငန်းက အပြီးသတ်ကျတော့ ရိုးရိုးသားသား အကျိုးပြု လူတွေ လက်ခံတဲ့ အကျိုးပြုလမ်းကြောင်းမဟုတ်ဘဲနဲ့ အုပ်စုဖွဲ့ပြီးတော့ သောင်းကျန်းတဲ့လမ်းကြောင်းကို တော်တော်ရောက်နေပါတယ်။ နောက်ပြီးတော့ ဒီနေ့ အချိန်ဆိုတာက ဘုန်းကြီးတို့တတွေက အင်မတန်ပျက်စီးယိုယွင်းနေတဲ့နိုင်ငံကို တည်ငြိမ်အောင် ပထမလုပ်ပြီးတော့ တိုးတက်အောင် လုပ်ေ်နရတဲ့ ကာလကြီးတစ်ခုမှာ ဒီဘုရားသားတော်တွေ မလုပ်အပ်တဲ့ဟာတွေကို သူတို့က လုပ်နေတာဖြစ်တယ်။ လုပ်နေတာဖြစ်တဲ့အခါကျတော့ သူတို့ကို တားမြစ်ရမှာဖြစ်ပါတယ်။ ထားကြပါစို့ဗျာ။ အဖွဲ့အစည်းတစ်ခုက တောင်းခံလို့ရှိရင် ခွင့်ပြုရင် ခွင့်ပြုနိုင်ပေမယ့်လို့ အခုဟာ မဘသကို ဆိုင်းဘုတ်ပြောင်းလိုက်တာပဲဗျ။ သူတို့ရဲ့လုပ်ရပ်တွေက ကမ္ဘာမှာလည်းပဲ သာသနာမှာလည်း နာမည်ပျက်လှပြီဗျ။ သူတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေ၊ မဘသရဲ့ ခေါင်းဆောင်ဆိုတဲ့ သူတွေကလည်း ကမ္ဘာ့လူဆိုးကြီး၊ ဘုန်းကြီးဆိုးကြီးတွေ အဖြစ်နဲ့ ကျော်ကြားနေတဲ့သူတွေ ဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ သံဃာနာယက အရေးကြီးပါတယ်။ သံဃာနာယကက အစိုးရရဲ့ ဘရိတ်တစ်ခုပါပဲ။ နိုင်ငံကို ထိခိုက်မယ့်ဟာကို အစိုးရကနေ သံဃာနာယကကို ထောက်မှာပဲလေ။ ထောက်တဲ့အခါ သံဃာနာယက တာဝန်ယူဖို့ အရေးကြီးတယ်။ အဲဒီတော့ အခု မဟနရဲ့ ဆုံးဖြတ်ချက်က မှန်တယ်လို့ ဘုန်းကြီးကတော့ ယူဆတယ်။

မေး။ ။ ဗုဒ္ဓဓမ္မ ပရဟိတ အဖွဲ့အစည်းက တရားမဝင် အဖွဲ့အစည်းလို့ သတ်မှတ် ဆုံးဖြတ်တဲ့အတွက် ဘယ်လိုတွေ သက်ရောက်မှုရှိမလဲ။

ဖြေ။ ။ ဟုတ်တယ်။ သံဃာနာယကအဖွဲ့ က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေမှာ တရားမဝင်အဖွဲ့အစည်းဆိုတာ ရှိတယ်။ သူတို့ အရေးယူချင်ရင် ဒီဟာနဲ့ ယူလို့ရတယ်။ သူတို့သတ်မှတ်ထားတာတွေရှိတယ်။ အဖွဲ့အစည်းတွေ၊ ဂိုဏ်းတွေပေါ့။ သတ်မှတ်ထားတာတွေ မဟုတ်လို့ရှိရင် ထပ်ပြီးဖွဲ့စည်းလို့ရှိရင် အရေးယူပိုင်ခွင့်ရှိတယ်။ သူတို့ခွင့်ပြုချက်မရှိဘဲနဲ့ လုပ်ရင် တရားမဝင် ဖြစ်မယ်။ ဟိုလိုဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အဖွဲ့ က လွတ်လွတ်လပ်လပ်ဖွဲ့တာက ဖွဲ့တာပဲဗျာ။ ဆိုကြပါစို့ သူများ ထိခိုက်အောင် မလုပ်တဲ့အဖွဲ့တစ်ခုဆိုရင်တော့ ပြောမှာပေါ့ဗျာ။ ကြိုက်တာလုပ်ပေါ့။ CSO တွေက ဒီမိုကရေစီကိစ္စမှာ ရှိအပ်တယ်လေ။ ရှိလည်းရှိကြတယ်။ ဒီလို တိုင်းပြည်ကို ထိခိုက်အောင် လုပ်တဲ့ အုပ်စုတစ်စုကတော့ သူက တိုင်းပြည်တင်မက ဘူး။ ကမ္ဘာမှာပါအထိ စိုးရိမ်ရတဲ့ကိစ္စဖြစ်နေတယ်။ အခုကြည့်ပါလား Facebook တောင်မှ ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းခြင်းခံနေရတာတွေ သူတို့နဲ့ပတ်သက်ပြီးတော့ ဖြစ်ခဲ့တာလေ။ အဲဒါကြောင့်မို့လို့ သံဃာ နာယက က အဲလိုမလုပ်ခဲ့ရင်ကို မတားမြစ်ခဲ့ရင်ကို ဒီအုပ်စုကို မတားမြစ်ခဲ့ရင်ကို သံဃနာယကမှာ တာဝန်ရှိပါတယ်။ ဘုန်းဘုန်းတော့ အဲလိုမြင်တယ်။ သာသနာ တည်ငြိမ်ဖို့ တိုင်းပြည်တည်ငြိမ်ဖို့ ရှေးရှုပြီးတော့ လုပ်တယ်လို့ ဘုန်းကြီးတို့မြင်ပါတယ်။

မေး။ ။ သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်ထဲမှာ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ရဟန်းပုဂ္ဂိုလ်ဖြစ်ရင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉ ၀ နဲ့ အရေးယူမယ်။ လူပုဂ္ဂိုလ်ဖြစ်ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုထားတယ်။ သံဃာ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉ ၀ ဆိုတာ ဘယ်လို အရေးယူလို့ရလဲ။

ဖြေ။ ။ ၂၀/၉၀ က သံဃာနာယကက ခေါ်ယူတားမြစ်တာမျိုးတွေကို လုပ်တာမျိုး၊ အဲဒီလို မသင့်တော်လို့ တားမြစ်တာမျိုးကို လုပ်ခဲ့ရင် ဖီဆန်ခဲ့ရင် ဆိုတာမျိုးတွေမှာ ၂၀/၉၀ နဲ့ အရေးယူတာတွေ ရှိတယ်။ တိတိကျကျတော့ မမှတ်မိဘူး။

မေး။ ။ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုတာ သီခြားသံဃာ့အဖွဲ့အစည်းမဟုတ်ဘူး၊ တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာသာသနာနဲ့ ဆက်စပ်တဲ့ ရဟန်းရှင်လူပြည်သူတွေ ပါဝင်တဲ့ NGO အဖွဲ့ဖြစ်တဲ့အတွက် ဘယ်အဖွဲ့ကမှ ပယ်ဖျက်နိုင်ခွင့်မရှိဘူးလို့ တစ်ဖက်ကလည်း ပြန်ထုတ်ပြန်ထားတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လာမလဲ။

ဖြေ။ ။ အဲဒါက ခုနက ဘုန်းကြီးပြောခဲ့ပြီ။ သူတို့ရဲ့ လုပ်ရပ်တွေက တည်ငြိမ်မှုကို ပျက်ပြးစေတာမျိုးတွေ။ မလုပ်သင့်တာတွေ ဖြစ်တယ်။ အဲဒါတွေက အများအပြားဖြစ်နေတာ။ နောက် လူမျိုးရေးခွဲခြားတဲ့ကိစ္စတွေ နောက်ပြီးတော့ တိုင်းပြည်စည်းလုံးညီညွတ်ရေး လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာအားဖြင့်လည်းကောင်း စည်းလုံးညီညွတ်ရေးကို အားပေးတဲ့ လုပ်ရပ်တွေ စကားတွေမဟုတ်ဘဲနဲ့ အဲဒါကို လုပ်လို့မရအောင် ကို လုပ်နေတဲ့ သဘောဖြစ်နေတယ်။ သူတို့ အကျူံးဝင်နေတဲ့ ဘယ်ဥပဒေနဲ့မဆို အရေးယူနိုင်တယ်လို့ ဘုန်းကြီးပြောချင်တယ်။

မေး။ ။ မဟနရဲ့ ဆုံးဖြတ်ချက်ကြောင့် သံဃာ ကွဲပြားမှုတွေ၊ အုံကြွဆူပူမှုတွေ ဖြစ်လာရင် သက်ဆိုင်ရာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ မဟန ရဲ့ တာဝန်ဖြစတယ်လို့ ဗုဒ္ဓဓမ္မပရဟိတ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါတယ်။ ဒီဟာကရော ခြိမ်းခြောက်တဲ့ သဘောလား။

ဖြေ။ ။ ဒီလိုခြိမ်းခြောက်နေတာက ရိုးနေပါပြီ။ ကနေ့ မဘသ အဖွဲ့ဟာ ဒီလိုလုပ်ပုံတွေဟာ သာသနာညှိုးနွမ်းစေတာတွေကို ကျုပ်တို့ ပြင်းပြင်းထန်ထန်ရှုံ့ချတော့ သံဃာကွဲသလား သံဃာ တည်ငြိမ်သွားသလား၊ သူတို့လုပ်မှ သံဃာ မတည်ငြိမ်တာဖြစ်မှာ။ အဲဒီတော့ မကောင်းတဲ့သူကို မကောင်းသူလို့မြင်ပြီးတော့ ပြည်သူတွေက မြင်လာရင် ဘယ်လိုမှ လုပ်လို့မရပါဘူး။ သူတို့လုပ်နေတာ ကြာပါပြီ။ ကြုံးဝါးနေတာလည်းကြာပါပြီ။ ဒါက လေပါပဲ။ လုပ်ကြည့်ပါလား။ ပြည်သူမကြည်ညိုအောင် လုပ်ငန်းတွေ လုပ်ကြည့်ပါလား။ သံဃာကွဲမလား၊ သူတို့ မြှုုပ်သွားမလား။ မြောင်းထဲရောက်မလား စမ်းကြည့်လိုက်လေ။

မေး။ ။ မဘသရဲ့ နောက်ကွယ်မှာ တစ်ချိန်လုံးပြောနေကြတာ နိုင်ငံရေး ရည်ရွယ်ချက်တွေရှိတယ်လို့ပြောနေကြတယ်။ အဲဒီတော့ သူတို့နောက်မှာ ဘယ်သူတွေရှိမယ် ထင်လဲ။

ဖြေ။ ။ နိုင်ငံရေး ရည်မှန်းချက်တွေပါတယ်။ ကျုပ်တော့ကြားရတာ တရုတ်တွေအထိတောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ကုလားဘက် လှည့်နေမှ တရုတ်ဘက်မလှည့်မှာလေဗျ။ သူတို့ အကျိုးအမြတ်တွေ အများကြီးရှိတယ်။ နောက် သူတို့က ဆက်သွယ်နေတဲ့ လက်မည်းကြီးတွေမှာ ငွေတွေ အမြောက်အမြားရှိတယ်။ အာဏာလက်လွှတ်ဆုံးရှုံးထားတဲ့ လက်မည်းကြီးတွေမှာက ငွေတွေအမြောက်အမြား ရှိတယ်။ ဒီအမြောက်အမြားက သူတို့ကို ပံ့ပိုးနေတာ။ ဒါတွေလည်း ကြားသိနေရတယ်ပေါ့။ ပုတ်ရင်ပေါ်ဆိုတာလို ဒါတွေက ဖုံးဖိလို့လွယ်တဲ့ကိစ္စတွေက မဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေဆိုတာက တစ်ရက်မဟုတ် တစ်ရက်တော့ သိမှာပဲ။ အဲဒီလို အခြေအနေတွေကလည်းရှိတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကလည်း မယုံကြတာ။ သူတို့အသံဆို ကြားကို မကြားချင်တာ။ သူတို့ သိတယ်။ တိုင်းပြည်ဖျက်မယ်ဆိုတာ။ တိုင်းပြည်ဖျက်မယ့် အုပ်စုနဲ့ လက်တွဲနေတဲ့ အုပ်စုဆိုတာ ပြည်သူ အကုန်လုံးသိပြီးသား။ သူတို့ပြောချင်ရာပြော။ စကားလုံးလှလှလေးတွေ ရေးလို့ရမယ်။ စကားလှလှပဲ ပြောလို့ရမယ်။ တကယ်လက်တွေ့လုပ်ကြည့်ပါ။

မေး။ ။ နိဂုံးချုပ်မေးခွန်းပါ။ မဟနရဲ့ ဆုံးဖြတ်ချက်က သံဃာထုဘက်က ဘယ်လို သဘောထားရှိနိုင်လဲ။

ဖြေ။ ။ ကြိုဆိုရမယ့် ကိစ္စလို့ပဲ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည် တည်ငြိမ်အောင် သာသနာ တည်ငြိမေ်အာင် လုပ်တဲ့ ကိစ္စတစ်ရပ်လို့ပဲ ဘုန်းကြီး နားလည်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts