All News Business

ဖောက်စွပ်ကြောင့် ကား ၁၀၀၀ နီးပါးရဲ့ Owner Book သိမ်းခံရပြီး ကား ၃၀၀ နီးပါး အသိမ်းခံထားရ

By ရန်ကုန်ခေတ်သစ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) က ဇူလိုင်လဆန်းပိုင်းကစပြီး အခွံချိန်း ၊ အလုံးချိန်း Body Coach ပြောင်းယာဉ် (ဖောက်စွပ်) တွေကို စိတ်စစ်တွေ့ရှိပါက ယာဉ်မှတ်ပုံတင်ဖျက်သိမ်းပြီး မှတ်ပုံတင်မဲ့ ယာဉ်အဖြစ် ရဲခစန်းကို အပ်နှံရမယ်လို့ ကြေညာလိုက်ပါတယ်။

အရင်က ဖောက်စွပ်ဆိုရင် ယာဉ်မှတ်ပုံတင်စာအုပ်သာ သိမ်းဆည်းပြီး ကားပြန်ပေးတာမို့အဲဒီလို စနစ်နဲ့ Owner Books အသိမ်းခံထားရတဲ့ ကားစီးရေး ၁၀၀၀ နီးပါးရှိနေတယ်လို့ မြန်မာနိုင်ငံကားရောင်းဝယ်ရေး အသင်း ရန်ကုန်ရုံးခွဲမှ သိရှိရပါတယ်။

 

အဲဒီလို ကြေညာပြီးတဲ့နောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဇူလိုင်လ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း ဖောက်စွပ်လို့ စစ်ဆေးတွေ့ရှိရတဲ့ ယာဉ်စီးရေး ၂၇၀ ကျော် ၃၀၀ နီးပါး သိမ်းဆည်းခဲ့ပြီး ရဲစခန်းတွေ အပ်နှံခဲ့တာပါ။ ဒီလို ဖောက်စွပ်လို့ အပ်နှံခိုင်းတဲ့ ယာဉ်တွေမှာ အဓိကအားဖြင့်တော့ မသိနားမလည်ဘဲ ပြည်သူတွေပိုင်ဆိုင်တဲ့ သိန်းတစ်ရာစွန်းစွန် တန်တဲ့ Taxi လေးတွေကစလို့ တန်ဖိုးကြီးကားတွေ အထိပါဝင်လာပါတယ်။ အများစုကတော့ မိမိရဲ့ ကားကို ဖောက်စွပ်ကားလို့ မသိကြဘဲ ဝယ်ယူထားကြတဲ့သူအများစု ဖြစ်တာမို့ ဖောက်စွပ်ဆိုပြီး ရဲစခန်းအပ်ခိုင်းချိန်မှာ အကုန်လုံး အံ့သြစိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြပါတယ်။

အချို့ဆိုရင် မိသားစုတွေ စုပေါင်း စပ်ပေါင်းပြီး ချွေးနဲစာနဲ့ ဝယ်ယူထားတဲ့ TAXI လေး အသိမ်းခံလိုက်ရလို့ ဆောက်တည်ရာမရ ဘဝပျက်ကြသူတွေလည်း ရှိနေပါတယ်။

ဖောက်စွပ်ဆိုတာ

ဖောက်စွပ်ဆိုတာ အဓိကအားဖြင့်တော့ ကားတစ်စီး တိုက်မိတာ၊ မီးလောင်တာကြောင့် ပျက်စီးသွားတဲ့အခါ ပျက်စီးသွားတဲ့ကားရဲ့ ချက်စီနံပါတ်ကို ခွာယူပြီး အလားသဏ္ဍန်တူတဲ့ ကားတစ်စီးဝယ်ယူပြီး မူလ ချက်စီနံပါတ်ကို ရိုက်နှိပ်လိုက်တာကို အဓိက ဆိုလိုတာပါ။ အရင်ခေတ်ကတည်းက ကားတစ်စီး ပျက်စီးတဲ့အခါ ပုံသဏ္ဍန်တူ မော်ဒယ်တူ လိုင်စင်မဲ့ကားတစ်စီးကို ဝယ်ယူပြီး မူလကားက ချက်စီနံပါတ်ကို ဖောက်စွပ် တာ ဖြစ်ပါတယ်။ ဒါကတော့ သီးခြားဖရိန်မပါရှိတဲ့ ကားတွေက ချက်စီနံပါတ် ပြောင်းလဲကြတာပါ။

သီးခြားဖရိန်နံပါတ်ပါရှိတဲ့ကားတွေကတော့ မူလဖရိန်နံပါတ်ပါရှိတာကို ဖြတ်ပြီး အသစ်လဲလိုတဲ့ ဖရိန်မှာ ဖောက်ပြီး သွားစွပ်၊ သွားဖြတ်ဆက်တာမျိုးလည်းရှိပါတယ်။

အဲဒီလို ဖောက်စွပ်ထားတဲ့ ကားတွေကို အရင် ကညနက RTA ဒဏ်ကြေး ပေးဆောင်စေပြီး လိုင်စင်ဝင်ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ RTA ဒဏ်ကြေးပေးဆောင်တဲ့စနစ်ကို ကညနကပဲ ပြန်ပိတ်လိုက်ပါတယ်။

RTA ဒဏ်ကြေး ဘယ်လိုစ

မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့်မရှိတဲ့ ခေတ်၊ စစ်အစိုးရလက်ထက်အချိန်ကစလို့ ကညနကပဲ RTA ဒဏ်ကြေး ဆိုတဲ့ စနစ်ကို စတင်ခဲ့တာပါ။

မူလအစ RTA ကတော့ ကညနက ကားအုံနာဘုတ် ပန်းရောင် ထုတ်ပေးခဲ့ပြီး ကားအုံနာစာအုပ် ပန်းရောင် ရှိလ ျှင် လိုင်စင်မဲ့ ကားတစ်စီးဝယ်ယူပြီး မှတ်ပုံတင်နိုင်ခဲ့တယ်။ မူရင်းစာအုပ်ရရင် လိုင်စင်မဲ့ကားဝယ် RTA ရိုက်ပြီး ကားအဖြစ် အသုံးပြု သုံးလို့ရခဲ့ပါတယ်။ အဲဒီလို လမ်းကြောင်းပေးချင်က RTA အစဖြစ်ပါတယ်။

စစ်အစိုးရခေတ်မှာ အသုံးမလိုတော့တဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ကားတွေကို လေလံပစ်ပါတယ်။ အဲဒီလေလံပစ်တဲ့ကားတွေကို လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ ဝယ်ယူ ပြီး လိုင်စင်မဲ့ကားတွေနဲ့ ချက်စီနံပါတ် ဖောက်စွပ်ပြီး စီးပွားရေးအတွက် ဝယ်ရောင်း လုပ်ခဲ့ကြတာပါ။ ဒါကိုလည်း စစ်အစိုးရက ခွင့်ပြုခဲ့သလို ကညနကလည်း တရားဝင် ဒဏ်ကြေး ဆောင်ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ စက်မှုဇုန်ထုတ်ဆိုပြီး နယ်စပ်ကနေ ကားတွေတင်သွင်း စက်မှုဇုန် နံပါတ် နဲ့ ကားတွေထုတ်၊ ချက်စီနံပါတ်တွေ ဖောက်စွပ်လုပ်ပြီး ကားရောင်းဝယ်ကြတဲ့ စနစ်လည်း အတော်ကို တွင်ကျယ်ခဲ့ပါတယ်။ အဲဒီမှာလည်း RTA ဒဏ်ကြေးကို အစိုးရက အကြီးအကျယ် ခွင့်ပြုခဲ့ပါတယ်။ အဲဒီခေတ်က RTA ဒဏ်ကြေးအနေနဲ့ Super Cutom ဆိုရင် သိန်း ၂၀ နဲ့ ၅ သောင်းဆောင်ရပြီး Light Truck ဆိုရင် ၁၀ သိန်း ၅ သောင်းဆောင်ရပါတယ်။

RTA ဒဏ်ကြေးစနစ် တွင်ကျယ်မှုနဲ့အတူ ကားထုတ်လုပ်တဲ့ ဗန်းပြ ကားစက်ရုံတွေလည်း အများကြီးဖြစ်ခဲ့တယ်။ အဲဒီတော့ ပြန်ပြီးခြုံငုံကြည့်ရင် RTA ဒဏ်ကြေးကို စခဲ့တာဟာ ကညနပါပဲ။ ကညနရဲ့ ခွင့်ပြုမှုတွေ ကြောင်း RTA ဒဏ်ကြေးစနစ်နဲ့ လိုင်စင်မဲ့ကားတွေ တရားဝင် ဖြစ်လာခဲ့တာပါ။ အခုအချိန်အထိလည်း RTA ဒဏ်ကြေးဆောင်ထားတဲ့ စက်မှုဇုန်ထုတ်ကားတွေ ပြည်တွင်းမှာ ဒုနဲ့ဒေးရှိနေပါသေးတယ်။

ကားတွေစသိမ်းပြီးနောက် ပြည်သူလူကြားက အမှုအခင်းတွေ

ကညနက ပြည်သူတွေကို အကြောင်းကြားမဘဲ ရုံးတွင်းစာဆိုပြီး ထုတ်ပြီး ကနဦးမှတ်တမ်းနဲ့ ကနေ့ စစ်ဆေးတွေ့ရှိချက်နဲ့ မကိုက်ညီရင် ကားကိုရဲစခန်းအပ် စာအုပ်ကိုသိမ်းမှုတွေ ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယ အပတ်အတွင်းမှာ သိမ်းဆည်းခဲ့ပါတယ်။ အဓိကတော့ သိမ်းခံရတဲ့ ပြည်သူတွေက ဘာမှ သိနားလည်တာမဟုတ်ပါဘူး။ ဖောက်စွပ်အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အခွန်ဆောင်ပြီးသား ပြည်သူပိုင်ကားတွေကို အသားလွတ်သိမ်းယူတာက ဥပဒေနဲ့မညီသလို ပြည်သူတွေကြားမှာ ဂယက်မှု ကြီးမားလာပါတယ်။ ရဲစခန်းတွေမှာ ပြည်သူအချင်းချင်းလည်းအမှုတွေဖွင့် ပြည်သူကို ဂယက်ရိုက်နေတယ်။

အရင်က ဖောက်စွပ်ဆိုရင် ယာဉ်မှတ်ပုံတင်စာအုပ်သာ ဖျက်သိမ်းပြီး ကားကိုတော့ ပြန်ပေးလိုက်ပါတယ်။
အရင်မူဝါဒနဲ့သိမ်းတာက စီးရေ ၁၀၀၀ နီးပါးရှိပြီး ပြည်သူတွေ မနစ်နာဖို့ တိုက်ကြေနဲ့ စလစ်ပြန်ထုတ်ပေးတယ်။ လက်ရှိ ကျင့်သုံးတဲ့ မူဝါဒက အခုမှစ ပေါ်တာ။ ဖောက်စွပ်ဆိုတာနဲ့ လိုင်စင်သိမ်းတယ်။ ကားပြန်မပေးတာက ပြည်သူတွေကြားမှာ ပွတ်လောရိုက်သွားစေခဲ့ပါတယ်။ ကိုယ်တိုင် ဖောက်စွပ်လုပ်တာမဟုတ်ဘဲ ခံလိုက်ရတာက တကယ့်ပြည်သူတွေသာလ ျှင်ဖြစ်ပါတယ်။

ဖောက်စွပ်မဟုတ်ဘဲ ရှော့ဘားအထိုင် ဖြတ်ပြီး ဆက်ထားတဲ့အတွက် ကားကို သိမ်းဆည်းခံခဲ့ရတယ်လို့ ကိုကျော်လတ်က ဆိုပါတယ်။ ဖောက်စွပ်ဆိုတဲ့ အဓိပ္ဗာယ်ကလည်း ကျယ်ပြန့်လွန်းတာမို့ ဒီလို ကျယ်ပြန့်မှုကလည်း ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်စေတာတော့ အမှန်ပါပဲ။

ဥပဒေမှာ ဘာတွေ ပြောထားလဲ

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၁၈ မှာ မှတ်ပုံံတင်အရာရှိသည် အောက်ပါအကြောင်းကိစ္စ တစ်ရပ်ရပ်ဖြစ်ပွားလျှင် မော်တော်ယာဉ် မှတ်ပုံံတင်ခြင်း ကို ဖျက်သိမ်းရမည် လို့ ပြ
ာန်းထားပြီး ပုဒ်မ ၁၈ (င)မှာတော့ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် အမျိုးအမည်၊ ခုနှစ်ပုံစံ၊ ခွင့်ပြု၍ မရသော ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိခြင်းလို့ ဖော်ပြပါတယ်။

ဒါပေမယ့် မော်တော်ယာဉ် မှတ်ပုံတင် ဖျက်သိမ်းမှုကို အယူခံဝင်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပီး ပုဒ်မ ၁၉ (က) မော်တော်ယာဉ်ကို မှတ်ပုံံတင်ခွင့် မပြု၍သော်လည်းကောင်း၊ ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ် ထုတ်မပေး၍သော်လည်းကောင်း ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၁၄ အရ ငြင်းဆိုသည့် အမိန့်ကြောင့်ဖြစ်စေ၊ ပုဒ်မ ၁၇ သို့မဟုတ် ပုဒ်မ ၁၈ အရ ခေတ္တရပ်စဲသည့် သို့မဟုတ် ဖျက်သိမ်းသည့် အမိန့်ကြောင့်ဖြစ်စေ နစ်နာသည့် မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးဦးသည် အဆိုပါ အမိန့်ချမှတ်သည့် အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြ ားမှုဦးစီးဌာနသို့လည်းကောင်း၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူသည် အဆိုပါဆုံးဖြတ်ချက် ချမှတ်သည့် အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံသို့လည်းကောင်း၊ အယူခံဝင်နိုင်ပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြ ားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူသည် အဆိုပါဆုံးဖြတ်ချက် ချမှတ်သည့် အကြောင်းကြားစာ ရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့လည်းကောင်း အဆင့်ဆင့် အယူခံဝင်နိုင်ပါတယ်။ ပုဒ်မခွဲ (က ) အရ အယူခံလျှောက်ထားမှုများတွင် ဝန်ကြီးဌာနက ချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတာမို့ လုပ်ပိုင်ခွင့် အားလုံးက ဝန်ကြီးဌာနရဲ့ လက်ထဲမှာသာ ရှိနေတအာ အသေအချာပါပဲ။ ဝန်ကြီးဌာနကို တရားဝင် အယူခံဝင်ခဲ့ကြသူတွေ ရှိပေမယ့်လည်း တစ်စီးတစ်လေမှ ပြန်မရဘဲ ကားတွေကို ရဲစခန်းမှာပဲ အပ်နှံလိုက်ကြရတာပါ။

ဖောက်စွပ်ဘာလို့လုပ်ကြလဲ

မိမိတို့ရဲ့ ကားတွေ တိုက်ကြေ သွားတဲ့အခါမှာ တိုက်ကြေစလစ်နဲ့အပ်ရင် အရှုံးရှိနိုင်တာမို့ လိုင်စင်မဲ့ကားတစ်စီး ဝယ် ချက်စီကို ဖောက်စွပ်လုပ်ကြတာက အများစုပါ။ သို့သော်လည်း သုံးစွဲသူ ပြည်သူတွေ လုပ်တာနည်းပြီး စီးပွားရေးသမားတွေနဲ့ ဝယ်ရောင်းတွေ အများစုက အဓိက ဖောက်စွပ်လုပ်ကြတာဖြစ်ပါတယ်။ နောက်ဆုံး သုံးစွဲသူတွေက ဘုမသိ၊ ဘမသိနဲ့ ခံလိုက်ရတာဖြစ်ပါတယ်။

ယာဉ်စစ်မယ်ဆိုရင်

ကညနကတော့ ယာဉ်တွေဝယ်ယူတဲ့အခါမှာ ကညနမှာ လာစစ်ပြီး ဝယ်ကြဖို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကညနက ယာဉ်စစ်ဆေးမှုက အတိုင်းအတာ ရှိပြီး ယာဉ်တိုင်းကို အချိန်တိုင်း မစစ်ဆေးပေးနိုင်ပါဘူး။ ဒီလို ယာဉ်စစ်ပေးနိုင်မှု ခက်ခဲနေတာကလည်း ပြည်သူတွေ ဖောက်စွပ်ကားတွေ ဝယ်မိပြီး နစ်နာစေတဲ့အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပါတယ်။

ပြည်သူတွေ မနစ်နာဖို့

ကားတွေ ဖောက်စွပ်မဖြစ်စေဖို့ကတော့ အဓိကအားဖြင့် နိုင်ငံမှာ အလုံးစုံအာမခံထားတဲ့ စနစ် တွင်ကျယ်လာရင် ဒီလို နစ်နာမှုမျိုး မကြုံနိုင်ပါဘူး။ ဒါ့အပြင် ကားအသစ်ရောင်းချတဲ့ Showroom တွေမှာ ကားဝယ်ရင်လည်း ဖောက်စွပ်ပြသနာမကြုံနိုင်ပါဘူး။

ဒါပေမယ့် စီးပွားရေးမကောင်းဘဲ စီးပွားရေးမကောင်းလှတဲ့ နိုင်ငံမှာတော့ လတ်တလော အလုံးစုံအာမခံစနစ်သွားဖို့ နဲ့ ကားအသစ်တွေ ဝယ်စီးနိုင်ဖို့ ဆိုတာ အဆင်မပြေနိုင်သေးပါဘူး။ ဝယ်ရောင်းတွေနဲ့ ပြည်သူတွေ အများစုကတော့ လတ်တလော သိမ်းဆည်းထားတဲ့ ကားတွေကို RTA ဒဏ်ကြေးဆောင်ပြီး အချိန်ကာလ တစ်ခုအထိ ခွင့်ပြုပေးစေချင်ကြပါတယ်။ နောက်မှ ဥပဒေကို တစ်ရစ်ပြီး တစ်ရစ် တင်းကျပ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ အချိန်ရနိုင်တာမို့ ပြည်သူ့ဘက်က ဆုံးရှုံးနစ်နာမှု နည်းနိုင်တယ်လို့ဆိုကြပါတယ်။ ဖောက်စွပ်ယာဉ်ဆိုတဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိတာမို့ ဖောက်စွပ်လုပ်သူ၊ လက်ခံသူနဲ့ မှတ်ပုံတင် ထုတ်ပေးတဲ့သူအားလုံးကို အရေးယူရေးကလည်း တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်ချက် တစ်ခုဖြစ်နေပါတယ်။

ပြည်သူတို့၏ အမြင်များ
==============

ဦးအောင်ဒင်
ဝါရင့်ကား/ဝယ်ရောင်း

ကားဝယ်ရောင်း ၁၇ နှစ်ရှိပါပြီ။ ရေရှည်မှာတော့ အသစ်တွေက Branded Showroom တွေက နိုင်ငံတကာအတိုင်းသွားကြမှာပေါ့။ နိုင်ငံတကာမှာလည်း ကားအဟောင်းဈေးကွက်လည်းရှိတာပဲ။ အသစ်နဲ့ ဘယ်မောင်းကားရောင်းတဲ့ဈေးကွက်လည်းရှိတာပဲ။ အလုံးစုံအာမခံတွေကို Pressure ပေးတာနဲ့ ဆက်စပ်လား မစပ်လားဆိုတော့ ရေရှည် ပညာပေးတစ်ခုအနေနဲ့လုပ်သင့်တယ်။ ပြဿနာရဲ့ အရင်းအမြစ်ကတော့ ကညနကို Blame လုပ်တာလား၊ စွပ်စွဲတာလားဆိုတော့ ကညနတင်မဟုတ်ဘူး နေရာတိုင်းမှာရှိတယ်။ မင်းတို့ဝယ်ရောင်းတွေရော Clear ဖြစ်လဲပြောရင် အကုန်လုံး Clear မဖြစ်နိုင်ပါ။ ထိခိုက်ပျက်စီးမှောက်တာတွေကို ချိန်းတာ ပြုထားတာရှိနိုင်ပါတယ်။ ဘယ်ဘက်ကိုမှ အပြစ်မတင်ဘူး။ အပြစ်ပြောတာတွေ ရှိကောင်းရှိပေမယ့် Professional ဆန်ဆန်ပြောရရရင် အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တယ်။ အစိုးရရဲ့ တာဝန်ရှိတဲ့ လူကြီးမင်းတွေအနေနဲ့ ကညန အရင်က လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေရှိပါတယ်။ မော်တော်ယာဉ်ဥပဒေအရ မှတ်ပုံတင်ထားတဲ့ ယာဉ်တစ်ခုက ပြင်ဆင်ရင် မှတ်ပုံတင်သိမ်းဆည်းခွင့် စာအုပ်ဖျက်သိမ်းခွင့်ရှိတယ်။ ဥပဒေအရ အမှန်ပါ။ အိမ်စီးကာရေ ၅ သိန်းကျော်ရှိပါတယ်။ နစ်နာမှု ပါဝင်ပတ်သက်မှုတွေရှိပါတယ်။ တန်ဖိုးကြီးတဲ့ကား မဆုံးရှုံးချင်လို့ ချိန်းပါတယ်။ ချိန်းလို့ရတဲ့ ပစ္စည်းတွေရှိတယ်။ နယ်စပ်တွေက ဝင်တယ်။ လိုင်စင်မဲ့ ကားတွေက ရှိနေတယ်။ အသိမ်းခံရတဲ့ ပြည်သူက ရှေ့တစ်ယောက်ကို တရားစွဲတယ်။ ပြည်သူအချင်းချင်း တရားရုံးနဲ့ ရဲတွေအကြား မလိုလားအပ်တဲ့ အမှုတွေဖြစ်ကြရသလို မှုခင်းပုံစံ ခြိမ်းခြောက်မှုတွေပါဖြစ်လာ။ လုပ်ပေးလို့ရတဲ့ လုပ်ထုံးလုပ်နည်းတွေထဲကနေ လုပ်နိုင်တဲ့ ဘောင်ထဲကနေ ဒဏ်ကြေးသတ်မှတ်ပြီး လုပ်ပေးလို့ရတယ်။ လိုင်စင်မဲ့ ကားတွေ မချိန်းစေချင်ရင် ပညာပေးကာလ တစ်ခု ၆ လ၊ ၁ နှစ်ပေးမယ်ဆိုပြီး ပြောလို့ရတယ်။ အဲဒီကာလကျော်ရင် ကားကိုသိမ်း။ နောက်တစ်ခါ ပညာပေးကာလပြီးတဲ့အခါမှာ ကားတွေ အလုံးစုံအာမခံထားခိုင်း။ တိုက်သွားတယ် ပြုသွားတယ်ဆိုရင် သံရည်ကြို တစ်ခါတည်းတန်းပို့စနစ်မျိုးလုပ်ဆောင်သင့်ပါတယ်။ ဒါမျိုးလည်း ဖြစ်သင့်တဲ့ နည်းလမ်းပါ။

ဒေါက်တာပြည့်စုံဝင်းသိန်း
Ayarwaddy Yoma Trading ကုမ္မဏီ

သက်ရောက်မှုက ကျနော်ပြောသလိုတော့ အသိမ်းခံရတဲ့ ပြည်သူတွေအပေါ် မူတယ်။ တချို့က ကားတစ်စီးတည်းကို မှီခိုစားသောက်နေရတာ။ တချို့လည်း စုပေါင်း စပ်ပေါင်းနဲ့ ဝယ်ပြီး ရင်းနှီးလုပ်ကိုင် စားသုံးတဲ့သူတွေအတွက်ကတော့ ဘဝပျက်တာပေါ့။ ကားသိမ်းခံရတော့ မူလဝယ်တဲ့သူကို ပြန်ပြီး တရားစွဲဆိုတာတွေ ၊ ခြိမ်းခြောက်တောင်းတာတွေ၊ ရန်စတွေဖြစ်ကုန်တာတွေ တော်တော်ကြီးကို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်တယ်။

အရောင်းအဝယ်ကတော့ ရိုက်ခတ်သွားတယ်။ လက်ရှိကတော့ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲသွားတယ်။ ဒီဟာကို ပြေလည်အောင် မရှင်းနိုင်ဘူးဆိုရင် အရောင်းအဝယ်ကတော့ အေးသွားတယ်။ တစ်ပိုင်တစ်နိုင် ရောင်းဝယ်သမားတွေ ပျောက်သွားနိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တွေ ကင်းမဲ့ကုန်တယ်။ကားတစ်စီးဝယ်မယ် သွားစစ်တဲ့အခါမှာ တစ်ပတ်စောင့်ပါဆိုရင် ဝယ်ရောင်းသမားကလည်း မစောင့်နိုင်ဘူး။ သင့်ရာ ယုံကြည်ရာနဲ့ ဝယ်ရတာ။ လွယ်လွယ်ကူကုူ ယာဉ်စစ်ခွင့်ရရင် ဒီပြဿနာတွေ မဖြစ်ပါဘူး။

ကိုဇော်လင်းမျိုး
(ကားသိမ်းခံရသူ)

အားလုံးက ဘဝပျက်သွားနိုင်တဲ့အနေအထားရှိတယ်။ အကိုက မိတ်ဆွေတစ်ယောက်ဆီက ဝယ်တာ။ Belta ဝယ်တာ 3I 3689 အပြာလေး ဝယ်လိုက်တယ်။ တောင်းဆိုချင်တာကတော့ တစ်ခုခု စီစဉ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဝယ်ပြီး နှစ်ပတ်လောက်မှ ဖြစ်တာ။ ယာဉ်စစ်ဆေးဖို့ အရမ်းခက်ခဲတယ်။ ယုံကြည်မှုနဲ့ ဝယ်တာ။ အဲဒီအပေါ်မှာ Error ဖြစ်သွားတော့ အများကြီးဆုံးရှုံးနစ်နာတယ်။ ကိုဇော်လင်းမျိုး ဒဏ်ကြေးလုပ်ပေးသင့်တယ်။

ကိုကျော်လတ်
(ကားသိမ်းခံရသူ)

ကားက Honda GE6 3I/3342 ပါ။ ကျနော် ဝယ်တုန်းက လိုင်စင်သက်တမ်းက ၃ လကျန်တယ်။ ဝယ်ပြီးတော့ ၁ လနောက်နေတော့ ပြန်ရောင်းတယ်။ ကျနော်ဝယ်ထားတာ သိန်း ၁၆၀ ပြန်ရောင်းတော့ ၁၆၇ သိန်း ပေးတယ်။ ရောင်းတော့ အင်းစိန်ရုံးမှာ ယာဉ် မှန်၊ မမှန် သွားစစ်တယ်။ ပထမ ယာဉ်စစ်တဲ့အချိန်မှာ အားလုံးကောင်းပါသေးတယ်။ ယာဉ်မမှန်ရင် ဒီကားကို သိမ်းမယ်ဆိုတဲ့ဟာကို လက်မှတ်ထိုးပေးရပါတယ်။ အဲဒီလို စစ်တဲ့အချိန်မှာ အင်ဂျင်နီယာကနေ ကျနော့် ကားလေးကို ရှော့ဘားထိုင် ဘယ်ဘက်ခြမ်းအထိ ဖြတ်ပြီးလဲထားတယ်ပေါ့။ ကျနော့်ကား ချက်စီဖောက်စွပ်မဟုတ်ဘူး။ ရှော့ဘားထိုင်မှာ နေရာက ဖြတ်ပြီး စပ်ထားတယ်။ ညာဘက်အခြမ်း အင်ဂျင်ခန်းအပါ အားလုံးက မှန်တယ်။ ရှော့ဘားအထိုင် ဘယ်ဘက်ခြမ်းကနေ မီးလုံး ရေတိုင်ကီအခြမ်းအထိ ဖြတ်ဆက်ထားလို့ ကားကို အင်းစိန်ရုံးကသိမ်းလိုက်တယ်။ ပြီးတော့ တညင်ရုံးကိုသွားပါဆိုပြီး အင်းစိန်ရုံးဦးစီးက ပြောလိုက်တယ်။ တိုက်ကြေစလစ် အပ်ပါတဲ့။ ဖြစ်စဉ်ကာလဓာတ်ပုံနဲ့လို့ ပြောတယ်။ ကားက ကျနော်ကိုယ်တိုင်ဖြစ်တာမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ပြင်ထားတာမဟုတ်ဘူး။ ဖြစ်စဉ်ကာလက ဓာတ်ပုံ ကျနော်ဘယ်လိုရှာပေးရမလဲ။ ဘယ်လိုမှ ရှာပေးလို့မရဘူး။ ရှာပေးလို့မရတဲ့အတွက်ကြောင့် ရလိုရငြား နေပြည်တော်ကို တင်ထားတယ် စောင့်ပါလို့ လည်းပြောတယ်။ ရန်ကုန်တိုင်းက ဖမ်းထားတဲ့ကားတွေအားလုံးကို နေပြည်တော်တင်ထားတယ်။ စောင့်ပါဆိုလို့ ပြန်စောင့်တယ်။ စောင့်နေတဲ့အချိန်မှာ ရက် ၂၀ လောက်က ဒီကားကို ရဲစခန်းလာအပ်ပါတဲ့။ နေပြည်တော်က များ တစ်ခုခု ပြောမလားဆိုပြီး ကျနော်တို့လို့ ပြည်သူတွေအတွက် ပြန်ပေးမလားဆိုပြီး သူတို့ ပြန်ချပေးတဲ့ စကားလုံးက သိမ်းဆိုတာလား။ ကျနော်တို့က ဘာမှမသိဘဲ အသိမ်းခံလိုက်ရတာ။ အင်ဂျင်နီယာ ကျနော့်ကိုပြတယ်။ ဘယ်ဘက်ခြမ်းက ဖြတ်ဆက်လုပ်ထားတယ်ပေါ့။ ကျနော်က ဝယ်ရောင်း လုပ်စားနေတာပါ။ သူတို့ဆီက လနဲ့ကြာပြီ စောင့်နေတာ။ ကျေနာ်တို့ရင်ထဲမှာ ကြားချင်တာက နစ်နာကြေး ဒဏ်ကြေးဆောင်ပြီး နောက်မဖြစ်ပါစေနဲ့ဆိုတာ ကြားချင်တာ။ ဒါပေမယ့် သူတို့ဆီက ပြန်ကြားရတဲ့စကားလုံးက သိမ်းဆိုတဲ့ စကားလုံး။ ကျေနာ်တို့ဘဝတွေ ပျက်သွားတယ်။ ဘယ်သူ့အမှား ဘယ်သူအမှန်လဲ ကျနော်တို့မသိဘူး။ ကျနော်တိုက်ထားတာလည်းမဟုတ်ဘူး။ တစ်ခုခုလေးတော့ လုပ်ပေးပါ။

ဦးဇော်လှိုင်ထွန်း
(ကားသိမ်းခံရသူ)

ကျနော်က သင်္ဘောသားပါ။ ကျနော် ၂၀၁၇ ၈ လပိုင်း သင်္ဘောမတက်ခင်က ကားဝယ်ရောင်း တစ်ဦးဆီက Honda CRV 3H/5158 ကို ဝယ်ခဲ့ပါတယ်။ အဲဒီသိပ်မကြာဘူး သင်္ဘောတက်သွားတယ်။ သင်္ဘောက ကျနော်ပြန်ရောက်တာ ၂၀၁၈ ဇန်နဝါရီက ပြန်ရောက်တယ်။ ပြန်ရောက်ပြီး သိပ်မကြဘူး မိသားစု ခရီးထွက်ဖို့ ကျနော်တို့နားက ဝယ်ရောင်းအကြီးစားဆီက ကားထပ်ဝယ်ပြီး ကျနော့် CRV ကို ရောင်းလိုက်ပါတယ်။ CRV ကို ဝယ်တဲ့အချိန်က ၂၁၉ သိန်းပေးရပါတယ်။ မှန်မှန်ကန်ကန် ဝယ်သုံးတဲ့ပြည်သူပါ။ ကားလောကလည်းမဟုတ်ပါဘူး။ ကျနော့်ကားက ဖောက်စွပ်ဖြစ်နေတယ် ဆိုပြီး ရဲစခန်းက ဖုန်းဆက်မှ ကျနော် ဖောက်စွပ်ဆိုတာ နားလည်တာပါ။ အခုလက်ရှိ ရင်ဆိုင်နေရတာက ၃ ဦး။ ကားဝယ်ရောင်းတစ်ဦးက ကျနော်က ဝယ်တယ်။ ၂၀၁၇ ၈ လပိုင်းတုန်းက ။ ကျနော်ပြန်ရောက်ပြီးတော့ ကျနော့်ကားကို ဝယ်ရောင်းတစ်ဦးဆီ ပြန်ရောင်းပါတယ်။ ၂၀၁၈ ၂ လပိုင်းမှာ။ အဲဒီကားကို အဲဒီဝယ်ရောင်းက အခြားသူတစ်ဦးကို ပြန်ရောင်းဖို့ ယာဉ်သွားစစ်တဲ့အချိန်မှာ အင်းစိန် ကညန ယာဉ်မမှန်ဘူးလို့ပြောပါတယ်။ ယာဉ်မမှန်ဘူးလို့လည်း ပြောပါတယ်။ ကားကိုလည်း သိမ်းလိုက်တယ်။ အဲဒီကားဝယ်ရောင်းက ကျနော့်ဆီကို ဖုန်းဆက်ပါတယ်။ ခင်ဗျား ဘယ်သူ့ဆီက ဝယ်တာလဲတဲ့။ ကျနော်လည်း ကျနော်ဝယ်ခဲ့တဲ့ ဝယ်ရောင်းဆီ ခေါ်သွားတယ်။ အတူတူသွားပါတယ်။ အဲဒီဝယ်ရောင်းက သူဘယ်ကဝယ်လဲ၊ စာချုပ်မပြနိုင်ဘူးပြောပါတယ်။ အဲဒါလည်း အမှုစစ် ဒုရဲအုပ်ဆီမှာ Record ရှိပါတယ်။ နောက်ဆုံး သူဝယ်ခဲ့တဲ့နေရာ တောင်ကြီးကို ပြန်လိုက်နေပါတယ်။ ရဲစခန်းကလည်း ကျနော်တို့ကို အချိန်ပေးထားပါတယ်။ ကျနော်တို့သည် ကားကို ရိုးရိုးသားသား ကားဝယ်စီးတယ်။ ဝယ်ရောင်းတွေလည်း ရိုးရိုးသားသား ဝယ်နေကြတယ်။ အခု ဘယ်သူတွေ ခံစားနေရလဲ။ ကျနော်တို့ ပြည်သူတွေ ခံစားနေရတယ်။ ကျေနာ်ဆိုလည်း သင်္ဘောလိုက်ပြီး ရှာထားတာ။ ပိုက်ဆံတွေ ပင်ပင်ပန်းပန်း ရှာထားရတာ။ ကျနော်ရောင်းလိုက်တဲ့ ကားဝယ်ရောင်းက စခန်းမှာ အမှုဖွင့်ရင် ကျနော် တရားရင်ဆိုင်ရမယ်။ ကျနော်သည် မမှန်မကန် မလုပ်ခဲ့ပေမယ့် တရားရင်ဆိုင်ရမယ်။ တရားရင်ဆိုင်ရင် သင်္ဘောလိုက်လို့မရဘူး။ ကျနော့်မိသားစု ဘယ်သူရှာကျွေးမလဲ။ ကျနော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အလားတူ အခြားပြည်သူတွေလည်းရင်ဆိုင်နေရမှာပဲ။ လုပ်တဲ့ ဖောက်စွပ် လုပ်တဲ့သူတွေကို လိုက်ရှာပြီး ထိထိရောက်ရောက် အရေးယူပေးပါ။ ကျနော်တို့အတွက်လည်း ပြန်စဉ်စားပေးပါ။

ပြည်သူတစ်ဦး
(ကားသိမ်းခံရသူ)

9J/5958 အန်စာတုံး ကားကိုဝယ်လိုက်တယ်။ ၁၅ ယောက်စီး။ ယိုဒယားကားပေါ့။ အရင်ကလည်း သက်တမ်းတိုးသွားတာပဲ။ ကျနော်တို့က ၄ လပိုင်း ၂ ရက်နေ့မှာ ဝယ်ပြီးတော့ ယာဉ်စစ်ဖို့က ၁၈ ရက်နေ့မှာ ယာဉ်စစ်ပေးတယ်။ စစ်လိုက်တော့ ဖြတ်ဆက်ဖြစ်နေတယ်ဆိုပြီးတော့ ကားသိမ်းတယ်။ ကနဦး ပိုင်ရှင်ကို ပြန်လိုက်တော့ သူကလည်း ဝယ်ပြီးတော့ စီးလာတာ။ ကျနော်လည်း လုပ်တာမဟုတ်ဘူး။ ဒီကားက ကနဦးကတည်းက ဆက်ပြီး လာတာ။ ကနဦးမှာ ကညနက မစစ်ဘဲနဲ့ ကနဦး ကားဆိုပြီး လိုင်စင်ပေးပြီး သက်တမ်းတိုးမှ ဖြတ်ဆက်ဆိုပြီး သိမ်းတာ။ ဘယ်သူမှလုပ်တာမဟုတ်ဘူး။ ကနဦးကတည်းက ဒီလို သေချာစစ်ပေးရင် ဒီလိုပြဿနာမတက်ဘူး။ တကယ်ဆိုရင် နယ်စပ်ကားကို သေချာ စစ်သင့်တယ်။ ကနဦးကတည်းက RTA ရိုက်ခဲ့ရင် ပြဿနာမတက်ဘူး။ သေချာစစ်ပေးပြီး လုပ်ခဲ့ရင်လေ။ သေချာစစ်ခဲ့ရင် ပြည်သူလည်း မနစ်နာဘူး။ ကျနော်ဝယ်တုန်းက ၃၄၀ ပြန်ရောင်းတော့ ၃၈၀ ။ တစ်ဖက်ကလည်း ပြန်လေ ျှာ်မပေးနိုင်ဘူး။ ငွေလိုလို့ ရောင်းတာ။ ရောင်းသူကလည်း အသိဖြစ်နေတယ်။ သူတို့မိသားစုကလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတယ်။ တကယ်ဆိုရင် ကညန က ဒဏ်ကြေးသတ်မှတ်ချက်နဲ့ လုပ်ပေးသင့်တယ်။ တစ်စီးတည်း နှစ်စီးဖြစ်တာမဟုတ်ဘူး။ နယ်စပ်ကားဆိုရင် ဖြတ်ဆက်က များတာပဲ။ သေချာစစ်ခဲ့ရင် အဲဒီလိုဖြစ်စရာအကြောင်းမရှိဘူး။

ဓာတ်ပုံ-သင်္ဃန်းကျွန်းရဲစခန်းတွင် သိမ်းဆည်းထားသည့်ကားများ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts