interview

“နိုင်ငံသား အခွင့်အရေး လိုချင်ရအောင် မင်းတို့က နိုင်ငံတော်သီချင်း ဆိုတတ်လားတို့ ကလေးဆန်ဆန်ပြောနေတဲ့ အသုံးတွေရှိတယ်ဗျ။ ဒါက ကလေးသိပ်တအားဆန်တယ်”

 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့်တွေ့ဆုံခြင်း အပိုင်း ၂

By ရန်ကုန်ခေတ်သစ်

မေး။ ။ စစ်အစိုးရလက်ထက်တုန်းက အမျိုးသားရေးဆိုတာ သိပ်ပြီးတော့ မထွန်းကားခဲ့ဘူး။ ဒီမိုကရေစီခေတ်ရောက်တဲ့အခါမှာတော့ ရွေးကောက်ပွဲတွေ ရှိလာတယ်။ အမျိုးသားရေး ဆိုတာ က အတော်ကို ကြီးထွားတွင်ကျယ်သုံးလာတယ်။ အမျိုးသားရေးဝါဒ ထွန်းကား လာမှုက နိုင်ငံက ဘယ်အရွေ့ကို သွားနေတယ်လို့ သုံးသပ်မလဲ။

ဖြေ။ ။ ဒါက Nationalist ဆိုတဲ့ အမျိုးသားရေးကို ဘယ်လို အဓိပ္ဗာယ်ဖွင့်လဲဆိုတာအပေါ်မှာ မူတည်တယ်။ ကျနော်မြင်တာက အမျိုးသားရေးကို အဓိပ္ဗာယ်ဖွင့်ဆိုပုံ လွဲမှားနေတယ်လို့ ကျနော်ကတော့ အဲဒီတိုင်းမြင်တယ်။ ကျနော်နားလည်တဲ့ အမျိုးသားရေးဆိုတာက ရှိသင့် ရှိထိုက် တဲ့ အမျိုးသားရေးဆိုတာ ရှိရမယ်။ အမျိုးသားရေးဆိုတာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံသားများကို အကာ အကွယ်ပေးတဲ့ ဝါဒလို့ကျနော်နားလည်တယ်။ အဲဒီတော့ အမျိုးသားရေး ဆိုတာ လူမျိုးတစ်မျိုးတည်း၊ ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်းကို အခြေပြုပြီးပေါ့ တည်နေတဲ့ အမျိုးသားရေးပြောတာမျိုး မဟုတ်ဘူး။ အဲဒါဆိုရင်တော့ လွဲပြီ။ ဒါပေမယ့် အခုလောလောဆယ်သွားနေတာက Nationalist အစွန်းရောက်ဘက်ကိုတည်လာတယ်။ Right Wing ပေါ့ဗျာ။ ကမ္ဘာရဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီဟာက ။ Right Wing ဘက်ကို ယိမ်းလာတယ်။ Right Wing ဘက်ကို ယိမ်းတာက အစွန်းကို ထွက်သွားမယ်ဆိုရင်တော့ Right Wing အစွန်းရောက်သွားတဲ့ နိုင်ငံတွေမှာ ကောင်းကျိုးရှိသွားတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိဘူး။ ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာ။ ပြဿနာတွေနဲ့ပဲ ချာလပတ်လည်ပြီးတော့ စစ်ပွဲတွေ၊ သတ်ပွဲတွေနဲ့ပဲ နိဂုံးချုပ်ရတာများတယ်။ အဲဒါမျိုး ကျနော်တို့နိုင်ငံမှာ ဖြစ်လို့မရဘူးဗျ။ ကျနော် စောစောက ပြောသလိုပေါ့။ နိုင်ငံတစ်ခုကို တည်ဆောက်တဲ့နေရာမှာ ငါတို့ဘယ်ကိုသွားမယ်ဆိုတဲ့ အမြင်ကြည်လင်ပြတ်သားနေဖို့လိုတာပေါ့။ ငါတို့သွားမှာ Democratization ဒီမိုကရေစီ နိုင်ငံတစ်ခုကို သွားမှာဆိုရင် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ Norms တွေ၊ ကျင့်ဝတ်တွေ၊ ရင့်ကျက်မှုတွေ ရှိရမယ်။ ဥပဒေတွေလည်း အဲဒီအတိုင်းပဲရှိရမယ်။ အခုဟာက ဒီလိုမျိုး Right Wing ကြီးကို ရွေ့ရွေ့သွားနေတာ၊ အစိုးရကလည်း မသိမသာပုံစံမျိုးနဲ့ ပါပါသွားမယ်ဆိုရင် ရေရှည်မှာ မကောင်းနိုင်ဘူး။ အခုဟာ တော်တော်များများက ပြောလိုက်လို့ရှိရင် ပြဿနာက ဘာလဲဆိုတော့ စကားပွင့်ပွင့်လင်းလင်းပြောဖို့တောင် ခက်ခဲတယ်။ အခုအချိန်က။ ဘာဖြစ်လို့လဲဆိုတော့ ပြောလိုက်လို့ရှိရင် ရခိုင်အရေးနဲ့ သွားသွားပြီးတော့ ရှုပ်ထွေး တယ်။မဟုတ်ဘူး။ ပြောနေတာက နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အချင်းချင်းညီညွတ်ရေးကို ပြောနေတာ။ အဲဒီကိစ္စမှာ ရခိုင်ကိစ္စက အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။ ကျနော်တို့ပြောနေတာ တစ်စုံလုံး။ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ Democratization ကိုသွားမယ်ဆိုလို့ရှိရင် ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် အစိုးရက ပြည်သူလူထုကို Drive လုပ်ရမယ်။

လူထုကတော့ နိုင်ငံတွေဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း အထူးသဖြင့်တော့ အာဏာရှင်စနစ်တွေကနေ ဒီမိုကရေစီကို သွားတဲ့နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတယ်။ နိုင်ငံတိုင်းအားလုံးနီးပါးမှာ ဖြစ်တယ်။ အဲဒါက အသွင်ကူးပြောင်းရေး ကာလမှာ အမျိုးသားရေးဝါဒ ခေါင်းထောင်လာတာ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပဲ။ ရုရှမှာလည်း ဒီအတိုင်းပဲ ဆိုဗီယက်ကွဲပြီးတော့ ဖြစ်တာပဲ။ ဒါပေမယ့် ထိန်းနိုင်တဲ့ နိုင်ငံတွေက ဒီမိုကရက်တစ်ဘက်ကို ပြန်ထိန်းယူရတာပြဿနာမရှိဘူး။ မထိန်းနိုင်တဲ့ နိုင်ငံတွေက ဘာဖြစ်သွားလဲဆိုတော့ ယူဂိုဆလားဗီးယားလိုမျိုး တိုင်းပြည်က သွေးထွက်သံယိုမှုတွေနဲ့ တစစီ ပြိုကွဲသွားတာပဲဖြစ်တယ်။ ကျနော်တို့က အဲဒီလို အခြေအနေမျိုးမရောက်ဖို့ဆိုတာက ကျနော်တို့အားလုံး တာဝန်ရှိတယ်။ အထူးသဖြင့် အစိုးရမှာ ပိုတာဝန်ရှိတယ်။ အဲဒီတော့ ဟုတ်ပြီ။ လူမျိုးရေး ပဋိပက္ခ တွေဖြစ်ပေါ်စေမယ့်၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်စေမယ့်၊ နိုင်ငံသားအချင်းချင်းအကြားမှာ လူမျိုးရေး ဘာသာရေး တွေကြောင့် သွေးကွဲစေမယ့် စိတ်ဝမ်းကွဲစေမယ့် ဖြစ်ရပ်တွေ ဖြစ်ပေါ်စေမယ့် အပြောအဆို အပြုအမူ ကျင့်သုံးတဲ့ မည်သည့် အစွန်းရောက်မဆို၊ မည်သူမဆိုနော်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ် အစိုးရ ဥပဒေပြဋ္ဌာန်းပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်။ တင်းတင်းကျပ်ကျပ်ကို လုပ်ရမယ်လို့ မြင်တယ်။

မေး။ ။ အခု အစိုးရက မလုပ်တာ ဘာကြောင့်လဲ။

ဖြေ။ ။ အဲဒါအတွက် ကျနော်လည်း အဖြေမရှိဘူး။ ဆိုလိုတာက ။ ဘာကြောင့်လဲဆိုတာ ကျနော် တို့ သုံးသပ်ခန့်မှန်းရင် မှန်ချင်မှ မှန်လိမ့်မယ်။ အဲဒါတော့ အစိုးရကိုယ်တိုင်ပဲ သိလိမ့်မယ်။

မေး။ ။ လူမှုကွန်ရက်တွေမှာ အမုန်းစကား (Hate Speech) တွေ အရမ်းပြောလာတယ်။ တချို့ဆိုလို့ရှိရင် အမုန်းစကားတွေပြောဖို့ လူမှုကွန်ရက်မှာ စာမျက်နှာတွေ(Page ) ထောင်ပြီး တော့ လုပ် လာကြတယ်။ အစိုးရက တကယ်လုပ်ရမယ့် အမုန်းစကားတွေကို တားဆီးဖို့ ပျက်ကွက်နေတယ်။ အဲဒီတော့ ကျနော်တို့ဘာလုပ်ကြမလဲ။ ပြည်သူတွေအတွက် အစိုးရမဟုတ်တဲ့ နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေက ဘာလုပ်သင့်လဲ။

ဖြေ။ ။ ကျနော်မြင်တာက အခုအချိန်မှာ အစိုးရပိုင်းက မဆောင်ရွက်နိုင်ဘူးဆိုရင်တောင် ကျနော်တို့ လူ့အဖွဲ့အစည်းတွေက ဆောင်ရွက်သင့်တယ်၊ ဆောင်ရွက်နိုင်တယ်လို့မြင်တယ်။ နှစ်ဖက် လူ့အဖွဲ့ အစည်းနှစ်ခုမှာ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်လာတယ်လို့ ကျနော်မြင် တယ်။ အဲဒီတော့ ကျနော်တို့ ဒီဘက်က အစ္စလမ်တွေရဲ့ လူ့ အဖွဲ့အစည်းထဲမှာလည်း ပြုပြင်ပြောင်းလဲရေးလုပ်ကို လုပ်ရမယ်။ မလုပ်လို့ မရဘူးလို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တော်တော်များများ ဥပမာအားဖြင့် ငါတို့စကားက မြန်မာစကားပေါ့၊ ငါတို့ မြန်မာဆန်ရမယ်ပေါ့။ ငါတို့ အဲဒီလိုနေတော့ရော နိုင်ငံသားအခွင့်အရေးရမှာလားဆိုပြီး တချိုု့ ပြန်ပြောတဲ့ဟာတွေ တော်တော်များများ တွေ့ရတယ်။ ဒါ ဒီဘက်က မွတ်စလင် Community အတွင်းက။ မဆိုင်ဘူးဗျ။

အခွင့်အရေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ငါတို့ခံယူထားရမှာက ငါတို့သည် မြန်မာနိုင်ငံသားတွေ ဖြစ်သည်ဆိုတဲ့ စိတ်က ကျနော်တို့နှလုံးသားထဲမှာ ရှိရမယ်။ ငါတို့ဟာ ငါတို့ နေထိုင်တဲ့ တိုင်းပြည်ကို အလှဆင်ရမယ်ဆိုတဲ့ ခံယူချက် ကျနော်တို့ဆီမှာ ရှိကို ရှိရမယ်။ ကျနော်တို့ Community ကို ကျနော်တို့ အပြောင်းအလဲလုပ်ရမယ်။ မရှိဘူးလို့ မဆိုလိုဘူး။ ရှိပြီးသားပါ။ လိုအပ်တဲ့အပိုင်းကို ဖြည့်စွမ်းရမယ်။ တချို့ တချို့အပိုင်းမှာ မိခင်ဘာသာစကားက ဥပမာအားဖြင့် ကချင်မှာရှိတဲ့သူက ကချင်စကားက သူရဲ့ Mother Language ။ ကျနော်တို့က မြန်မာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ မိခင်ဘာသာစကားက မြန်မာစကားပဲ။ မြန်မာ့ယဉ်ကျေးမှုက ကျနော်တို့ ယဉ်ကျေးမှုပဲ။ ဒါပဲ။ ကျနော်မြင်တာက ။ အဲဒီပုံစံမျိုး ဒီဘက် Community က ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်။ တိတိကျကျပြောလို့ရှိရင် စိမ့်ဝင်လာတဲ့ တချို့ယဉ်ကျေးမှုတွေကို ကျနော်တို့ ပြောင်းပြန်လှန်သင့်ရင် လှန်ရမယ်။ ဒါက Community အပိုင်းပေါ့။ တစ်ဖက်မှာလည်း ဒီလို Community အပြောင်းအလဲလုပ်လာ နိုင်အောင် ဗုဒ္ဓဘာသာ Community အပိုင်းကလည်း လက်ကမ်းကြိုဆိုမှုတွေနဲ့ အားပေးတာ တွေလုပ်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက်။ အခု လည်းရှိပါတယ်။

ကျနော်ထင်တာက နားလည်မှုတွေလွဲနေကြတာ။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းဘက်ကလည်း နိုင်ငံသား အခွင့်အရေး လိုချင်ရအောင် မင်းတို့က နိုင်ငံတော်သီချင်း ဆိုတတ်လားတို့ ကလေးဆန်ဆန်ပြောနေတဲ့ အသုံးတွေရှိတယ်ဗျ။ ဒါက ကလေးသိပ်တအားဆန်တယ်။ သူတို့ မမြင်ဘူးလို့ မသိတာတွေလည်းရှိကြတာပဲ။ တစ်ဖက်နဲ့ တစ်ဖက် ယဉ်ကျေးမှုတွေ ကိုသိလာအောင်။ သြော် ဒီလိုမျိုးတွေရှိပါလားဆိုပြီး သိလာအောင် ဒီဘက် မွတ်စလင် Community အပိုင်းကလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုသလို တစ်ဖက် Community ကလည်း အရှိတရားတွေကို မြင်လာတဲ့အခါမှာ သံသယအမြင်တွေ တဖြည်းဖြည်းလေ ျှာ့သွားပြီးတော့ နှစ်ဖက် နီးစပ်လာအောင် လုပ်ပေးမယ့် ကြားခံ လိုအပ်တယ်။ မရှိဘူးလို့ မဆိုလိုဘူး။ ရှိတယ်။ Grass Roots Level မှာ ကျနော်တို့ဗျာ အစဉ်အဆက် ထားပါတော့ဗျာ ရန်ကုန်ပဲကြည့်ကြည့် မန္တလေးပဲကြည့်ကြည့် အစဉ်အဆက် မြို့ကြီးတွေမို့လို့ မပြောတာ။

တောတွေမှာ သွားကြည့် အစဉ်အဆက် တောက်လေ ျှာက် ချစ်ချစ်ခင်ခင် နေထိုင်ကြတဲ့သူတွေ အများကြီးပါ။ ဒီမှာ အခုဖြစ်နေတဲ့ ပြဿနာက ရခိုင်အရေးကို တည်ပြီး၊ ရခိုင်အရေးသည် ရခိုင်အရေးဆိုတဲ့ ကိစ္စက ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စ။ ရခိုင်ပြည်နယ်မှာ လူမျိုးရေး အခြေတည်ပြီးဖြစ်လာတဲ့ ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီလူမျိုးရေးတွေနဲ့ ဒီဘက်လူတွေနဲ့ ဆက်စပ်ရအောင် လူမျိုးမှ မတူတာ။ ဘယ်လိုလုပ်သွားပြီး ဆက်စပ်လို့ရမတုန်း။ သို့သော်လွဲမှားတဲ့အတွေးအခေါ်တွေက သူတို့လည်း မွတ်စလင်၊ ငါတို့လည်း မွတ်စလင် အတူတူပဲ ဆိုတဲ့ဟာတွေ ရှိသလို ဒီကောင်တွေလည်း မွတ်စလင် ၊ ဒီဘက်ကကောင်တွေလည်း မွတ်စလင် အကုန်လုံးကို ဖိနှိပ်ကြဆိုတဲ့ လွဲမှားတဲ့အမြင်တွေ နှစ်ဖက်လုံးမှာ ရှိတယ်။ နှစ်ဖက်လုံးမှာ အစွန်းရောက် တာတွေရှိတယ်။ အဲဒီတော့ အဲဒီဟာတွေနဲ့တော့ ချဉ်းကပ်လို့မရဘူး။

မေး။ ။ ဒီပြဿနာတွေက အရင်တုန်းက သိပ်ပြီး မရှိခဲ့ဘူး။ အခု ကြီးကြီးကျယ်ကျယ်ကို ရှိလာတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ အဲဒီလိုဖြစ်လာအောင် တွန်းအားပေးနေတဲ့သူတွေ ရှိနေတယ်လို့ ထင်သလား။ တွန်းအားပေးသူ ရှိတယ်ထင်ရင် ဘာကြောင့် အဲဒီလို နိုင်ငံပုံရိပ်ကို ဖျက်ဆီးနေကြတယ်မြင်လဲ။

ဖြေ။ ။ သေချာတာပေါ့။ သိပ်သေချာတာပေါ။ ဒီမိုကရေစီအပြောင်းအလဲကို တန့်သွားအောင် လုပ်နိုင်တာက အစွန်းရောက်မျိုးချစ်ဝါဒပဲ။ Nationalist။ သိပ်သေချာတယ်။

မေး။ ။ ဒါဆိုရင် ဒီလိုမျိုး ဒီမိုကရေစီအပြောင်းအလဲကို တန့်သွားအောင် လုပ်နေတယ်ဆိုတာ နှစ်ဖက်စလုံးက မမြင်ကြတာလား။

ဖြေ။ ။ မြင်တဲ့သူကလည်း မြင်တယ်ဗျ။ နောက်တစ်ခုက လူမျိုးရေး၊ ဘာသာရေး ဆိုတာ ကလည်း သိတဲ့အတိုင်းပဲ အလွန်ကို ထိလွယ်ရှလွယ်ဖြစ်တယ်ဗျ။ လူမှုကွန်ရက် စာမျက်နှာ တွေက တော်တော်တာသွားတယ်။ တချို့တွေ လူမှုကွန်ရက်စာမျက်နှာတွေ သုံးနေကြပေမယ့် Propaganda ဖြန့်လိုက်တာဟာကို ဆင်ခြင်သုံးသပ်နိုင်စွမ်းက တော်တော်အားနည်းတာကို သွားတွေ့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပို့စ်အဟောင်းကြီးကို ပြန်တင်လိုက်ဗျာ။ အခုပဲ ဖြစ်သလို သွားထင်တာတွေ အများကြီးပဲ။ တည့်တည့်ပြောရရင်ဗျာ ဖေ့ဘုတ်စ်တောင် သုံးသာ သုံးနေတာ သေသေချာချာ ကြည့်တတ်တဲ့သူ တော်တော် အားနည်းတာကို သွားတွေ့တယ်။ အရမ်းဝါဒဖြန့်ရတာလွယ်တယ်လေ။ ဒီ Stability ကိုပျက်စေနိုင်တာက လူမျိုးရေး၊ ဘာသာရေး ဆိုတာ အရမ်းထိလွယ်ရှလွယ်ကိစ္စပဲ။ အထူးသဖြင့်တော့ ဘာသာရေးပေါ့။ ထိလွယ်ရှလွယ်ကိစ္စအပေါ်မှာ ဒီလိုမျိုး မဟုတ်တဲ့ဟာတွေနဲ့ နှစ်ဖက် အစွန်းရောက်အုပ်စုက ကစားတာတွေရှိတယ်။ အဲဒီတော့ ဒီဟာအပေါ်မှာ Democratization ဆိုတဲ့ဟာကို တန့်သွားအောင် နှစ်ဖက်စလုံးက ကစားတယ်လို့ ကျနော်က အဲဒီအတိုင်းပဲ မြင်တယ်။

မေး။ ။ အဲဒီ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ပြုပြောင်းလဲရေး ပျက်ပြားအောင် လုပ်နေတဲ့ အစွန်းရောက် မျိုးချစ်ဝါဒက လက်ရှိမှာ အောင်မြင်မှု ရနေတယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ အောင်မြင်တယ်လို့ပြောလို့ရလားဆိုတာထက် တစ်စုံတစ်ရာ အတိုင်းအတာတော့ ခရီးရောက်နေတာ အမှန်ပဲဗျ။ အဲဒီတော့ ဒီဟာတွေအကုန်လုံးကို အစိုးရက တင်းတင်းကျပ်ကျပ် အရေးယူရမယ်ဆိုတာက အစိုးရရဲ့ Rule and Regulation တွေမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားထားတာမရှိဘူး။ ဒါပေမယ့် Ground Level မှာ လက်တွေ့ဖြစ် နေတယ်။ ဖြစ်နေတာကို အစိုးရက မြင်ရမယ်၊ သိရမယ်၊ ပြင်ရမယ်။ လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေလုပ်ရမယ်။ အစွန်းရောက်တယ်ဆိုရင် မွတ်စလင်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် အရေးယူပါ။ ဥပဒေအရ အရေးယူပါ။ ပြန်ပြီး နိုင်ငံသား အချင်းချင်းနိုင်ငံရဲ့ ချစ်စိတ်၊ တိုင်းပြည်ရဲ့ အန္တရာယ်ကို ဝိုင်းပြီး ကာကွယ်ရမယ်၊ တိုင်းပြည်ရဲ့ ကောင်းကျိုးကို ဝိုင်းပြီး ထမ်းရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကလေးတွေကအစ မွေးပေးရမယ်။ အခြေခံကျောင်းတွေကစပြီး မွေးပေးရမယ်။ သို့သော် ပထမပြောထားသလို အခြေခံကျောင်း တွေ မှာ Discriminate ပုံစံ ပေါ်လာပြီဆိုရင် တော်တော်စိတ်မကောင်းစရာကောင်းတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.