interview

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက Icon ကဏ္ဍမဟုတ်တော့ဘူး။ အစိုးရတာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဘဝဖြစ်သွားပြီ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလုပ်ကိုင်တာတွေက အရင်နဲ့မတူတဲ့အတွက်”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ပြည်ထောင်စုအမျိုးသားညွှန့်ပေါင်းအစိုးရ(NCGUB) ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေနှင့် တွေ့ဆုံခြင်း အပိုင်း ၁

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲမပေးခဲ့သဖြင့် ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒီမိုကရေစီအင်အားစုများက ပြည်ထောင်စုအမျိုးသား ညွှန့်ပေါင်းအစိုးရ(NCGUB) ဟုခေါ်သည့် အဝေးရောက် အစိုးရတစ်ရပ်ကို ထူထောင်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ထဲဝင်ရောက်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ တရားဝင် ဆောင်ရွက်နိုင်သောအခါမှ NCGUB ကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များအားလုံးကို တရားဝင်ရပ်နားလိုက်သည်။ ဒေါက်တာတင့်ဆွေသည် NCGUB တွင် ဝန်ကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး သူမြန်မာပြည်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။    ။ ပြည်ပမှာ နှစ်ပေါင်း ၃၀ နီးပါးလောက်နေပြီးမှ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ပြန်ရောက်တော့ ဘာတွေ ပြောင်းလဲသွားတာ မြင်ရလဲ။

ဖြေ။    ။ ပြောင်းလဲတာတော့ ပြောင်းလဲတယ်။ ဘယ်ဟာမှ မပြောင်းလဲဘူးတော့ ကျနော်တော့ မမြင်ဘူး။ ပြောင်းလဲသွားတယ်။ ရုပ်ပိုင်းဆိုင်ရာတော့ အထူးပြောစရာ မလိုဘူးပေါ့။ ကျနော်အခု မြန်မာပြည်ကို ပြန်လာတဲ့ ၁ လခွဲအတွင်းမှာ ခရီးတွေ အများကြီးသွားတော့ လမ်းပန်းဆက်သွယ်ရေးတွေ တော်တော်ကောင်းတာတွေ့တယ်။ တောရွာတွေ ကျနော့် ဇာတိရွာတွေကို ကားတောက်လေ ျှာက်သွားလို့ရတယ်။ ဒါ Infrastructure ပေါ့။ နောက်တစ်ခါ မိုဘိုင်းလ်အဆက်အသွယ်တွေလည်း တောရွာ တွေ အထိရောက်တယ်။ ဒါလည်းကောင်းပါတယ်။ အလုပ်ဖြစ်တယ်ပေါ့။ ဒီမလာခင် စိုးရိမ်ခဲ့တာပေါ့။ ဟိုမှာတော့ Internetနဲ့ Google နဲ့က အမြဲတမ်းသုံးနေတယ်။ ၂၄ နာရီသုံးနေတဲ့သူ။ ဒီမှာ ရောက်လာတော့ ဟိုLaptop လေးယူလာပြီး သုံးလို့ရပါ့မလားဆိုတော့ ဒီမှာ ရတာပေါ့။ ဒီမှာ ထွင်ပြီးတော့ တယ်လီဖုန်းကနေ Hotspot နဲ့သုံးတဲ့ဟာ အလုပ်ဖြစ်တာပဲဗျ။ ကျနော်တို့မြန်မာပြည်အခြေအနေနဲ့။ တချို့အိမ်တွေမှာ Wifi  ရှိတာပေါ့။ ဒါလည်း ကောင်းတယ် တိုးတက်လာတယ်ပေါ့။ ရုပ်ပိုင်းဆိုင်ရာပါ။ လ ျှပ်စစ်ကတော့ ပြတ်တောင်း ပြတ်တောင်းပေါ့လေ။ သို့သော်လည်း လွန်ခဲ့တဲ့ စစ်အစိုးရကာလတုန်းက ရတဲ့သတင်းတွေအရ လ ျှပ်စစ်က တော်တော်ကို ရန်ကုန်ရော မန္တလေးရော မြို့တွေမှာ အခက်အခဲရှိတယ်။ အခက်အခဲ အလွန်ကို ရှိခဲ့ရာကနေ ဒီကနေ့တော့ တော်တော်ကို ကောင်းလာတယ်လို့ မြင်တယ်။ ဒါရုပ်ပိုင်းဆိုင်ရာ အပိုင်းပေါ့။ နောက်တစ်ခါ နိုင်ငံရေးလို့ ပြောပေမယ့် ကျနော့် နိုင်ငံရေးက ကျနော်က အစုံကြည့်တယ်။ အားလုံးဆိုင်တာ နိုင်ငံရေးလို့ ကျနော်က မြင်တယ်။ လူတွေကအစပေါ့။ ကျနော်တို့် အပြင်မှာနေတော့ များသောအားဖြင့် Facebook ပေါ်လာပြီးတဲ့နောက် ဒီ Socail Media က တစ်ဆင့်ပဲ မြန်မာပြည်အကြောင်းကို မြင်ခွင့်ရတာပေါ့နော်။ လူကိုယ်တိုင်တွေ့ရတာ နည်းတယ်။ စောစောပိုင်းကာလကဆိုရင် ဘယ်သူမှ မြန်မာပြည်က လာလာ ကျနော့်ကို မတွေ့ရဲကြဘူး။ နောက်ဖြည်းဖြည်းချင်းနဲ့ တွေ့ရဲလာပြီးတော့ Socail Media ပေါ်လာတော့ အခုဖြစ်နေတာ အခုသိခွင့်ရတယ်။ ဒါပေမယ့် အဲဒီ Socail Media က ဖတ်ရတာ သိရတာ ကြည့်ရတာတွေက ဒီမလာခင်အထိ တော်တော်လေး စိတ်မကောင်း စိတ်ပျက်ဖြစ်ခဲ့တယ်။ လူတွေရဲ့ ယဉ်ကျေးမှုကအစ လူတွေရဲ့ စကားပြောဆိုမှု လူတွေရဲ့ ဘာသာစကားအစ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့်လို့ ကျနော် ရန်ကုန် မင်္ဂလာဒုံလေဆိပ်က စကတည်းက အခုအချိန်အထိ ဘယ်နားသွားသွား လူတွေက ယဉ်ကျေးကြတယ်ဗျ။ ကျနော်ထင်တာထက် အများကြီးကို ယဉ်ကျေးကြတယ်လို့မြင်တယ်။ မင်္ဂလာပါဆိုတဲ့ စကားနေရာတကာတွေ့တယ်။ စတုန်းက ဓာတ်ဆီဆိုင်မှာဝန်ထမ်းမို့လို့ ကုမ္ဗဏီက သင်ပေးထားလို့ ပြောရသလား ထင်တာပေါ့။ ဒါပေမယ့်လို့ မဟုတ်ဘဲနဲ့ နေရာတကာတိုင်းမှာ မင်္ဂလာပါ စကား။ ကျနော်တို့ခေတ်က မင်္ဂလာပါဆိုတာ အတန်းထဲဝင်လာတဲ့ ဆရာ၊ ဆရာမ ကပဲ ပြောကြတာကိုး။ အဲဒီတော့ ဆက်စဉ်းစားတော့ ယဉ်ကျေးလာတာတော့ဟုတ်တယ်။ ဒါပေမယ့် မင်္ဂလာပါ ယဉ်ကျေးမှု ကို ရိုက်များသွင်းထားသလားဆိုတဲ့ သံသယလည်းရှိတယ်။ ကောင်းတာတော့ ကောင်းပါတယ်။ နောက်တစ်ခု ကျနော် မကျေနပ် မကြိုက်ခဲ့တာက လက်အုပ်ချီတဲ့ ယဉ်ကျေးမှု ။ အဘ ခေါ်တဲ့ ယဉ်ကျေးမှု ။ အဲဒီနှစ်ခုကို ကျနော် Social Media ကနေကြည့်ပြီးတော့ တော်တော်ကို အလိုမကျဖြစ်ခဲ့တယ်။ ကျနော့်ဆီကို ကျန်းမာရေး လှမ်းမေးတဲ့ မေးခွန်းတွေမှာဖြစ်ဖြစ် Comment  တွေမှာဖြစ်ဖြစ် ရေးတဲ့ အဘဆိုတဲ့ စကားလုံးကို အတတ်နိုင်ဆုံး အဘရောဂါ ဆိုတဲ့ စာနဲ့ မလုပ်အောင် တားခဲ့တယ်။ လက်အုပ်ချီယဉ်ကျေးမှုလည်း ကျနော်တို့ခေတ်က မရှိဘူးဗျ။ ထိုင်းရောက်တော့ ထိုင်းက မတ်တပ်ရပ်ပြီးတော့ ဘုန်းကြီးကို အရိုအသေပြုတာ။ အိန္ဒိယရောက်တော့ အိန္ဒိယက လက်အုပ်ချီတယ်။ သို့သော် သူတို့လက်အုပ်ချီတာက ရှိခိုးတာမဟုတ်ဘူး။ နှုတ်ဆက်တာ နာမစတေး၊ နာမစတားလို့ နှုတ်ဆက်တယ်။ မြန်မာပြည်မှာကျတော့ စစ်အစိုးရလက်ထက်ကျတော့ လူတိုင်းက ကိုယ့်ထက်ကြီးရင် ဒါမှမဟုတ် ကိုယ့်ထက်ရာထူးရှိရင် လက်အုပ်ချီနေကြတာ။ ဒါက မဖြစ်သင့်ဘူးဆိုပြီးတော့ ကျနော်က အမြဲတမ်း စာရေးတယ်။ စာရေးပြီးတော့ ကျနော် တွေ့ပါလိမ့်မယ်။ ကျနော်ရဲ့ မဲဆန္ဒနယ်မြေ ပုလဲမြို့ကိုရောက်တယ်။ ကျနော် မြို့နယ်ဆရာဝန်လုပ်ခဲ့တဲ့ဒေသဆိုတော့ ကျနော့်ကို ကြိုဆိုတဲ့အခါမှာ ကျနော်ကိုယ်တိုင် တစ်ချက်မှ လက်အုပ်မချီပါဘူး။ နောက် ကျနော့်ကို တွေ့လို့ တရိုတသေပေါ့လေ။ လက်အုပ်ချီရင်လည်း မလုပ်ပါနဲ့လို့ တားခဲ့တယ်။ အဲဒီနှစ်ခုကတော့ တော်တော်လေး လက်အုပ်ချီတာနဲ့ အဘခေါ်တာ တော်တော်လေး နည်းသွားပြီလို့ တွေ့တော့ တော်တော်လေး ကျနော် အားရကျေနပ်မှုရှိတယ်။ ဒါက ယဉ်ကျေးမှုအပိုင်းပေါ့။ နောက်တစ်ခု နိုင်ငံရေးပေါ့။ ကျနော်တို့ပြောရမယ်ဆိုရင် အခုအပြောင်းအလဲလို့ ပြောတဲ့အပြောင်းအလဲက တကယ်ပြောင်းလဲတာလို့ မြင်ပါတယ်။ ဘယ်တော့မှ သမိုင်းနောက်ကြောင်း ပြန်တယ်ဆိုတာ စာထဲမှာ ရှိပြီး တကယ်တမ်း မရှိဘူးဗျ။ ရှေ့ဆက်သွားနေတာပဲ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှေ့ဆက်သွားနေတာပဲ။ ရှေ့ဆက်သွားနေတော့ ဒါဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲက တကယ် အပြောင်းအလဲတစ်ခုလို့ ကျနော်ကတော့မြင်တယ်။ နောက်တစ်ခု ဒီအပြောင်းအလဲက  နိုင်ငံရေး သီအိုရီတွေမှာ ရေးကြသလိုပေါ့နော် Gradual သို့မဟုတ် Evolutionary Change ဆိုတဲ့ အသုံးအနှုန်း အဲဒါမဟုတ်ရင် Revolution တော်လှန်ရေးဆိုတဲ့ နှစ်မျိုး သီအိုရီထဲတော့ ဆိုတာပေါ့။ ကျနော်မြင်တာ မြန်မာပြည်ရဲ့အခုအပြောင်းအလဲကတော့ အဲဒီနှစ်ခုလုံး လည်း မဟုတ်ဘူး။ နှစ်ခုလုံးလည်းဟုတ်တယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့က Gradual ဆိုတဲ့ တရွေ့ရွေ့ ပြောင်းလဲဖြစ်စဉ်ထဲမှာ ကြီးမားတဲ့ခြေလှမ်းကြီးကို လှမ်းနိုင်ခဲ့ကြပြီလို့ မြင်တယ်။ တော်လှန်ရေးဆိုတဲ့ ဝုန်းကနဲ ဒိုင်းကနဲဆိုတဲ့ အပြောင်းအလဲမဟုတ်ပေမယ့်လို့ သိသာတဲ့ နောက်ပြန်လို့မရတဲ့ အပြောင်းအလဲကို လှမ်းနိုင်ခဲ့ကြပြီလို့ကျနော်မြင်ပါတယ်။ နောက်တစ်ခုက နိုင်ငံရေးပဲ ဆက်ပြောပါ့မယ်။ နိုင်ငံရေးမှာ ကျနော်က ရန်ကုန်ရောက်ရောက်ချင်း NLD ပါတီ ဌာနချုပ် ကိုလည်း ကျနော်ရောက်ပါတယ်။ တချို့နဲ့ စကားပြောခဲ့ရတယ်။ သွားလေရာမှာလည်း ကျနော်က လူမျိုးစုံပေါ့နော်၊ အသက်မွေးဝမ်းကြောင်းမျိုးစုံကလူတွေနဲ့ ကျနော်တွေ့ပြီး မေးကြည့်ပါတယ်။ နောက်ဆုံး တောရွာက ကျနော့်ဇာတိရွာဆိုရင် ရွာသေးသေးလေးပါ။ အိမ်ခြေ တစ်ရာဝန်းကျင်လောက်ပဲရှိတဲ့ တောရွာက လူတွေနဲ့လည်း တွေ့ပါတယ်။ တွေ့တော့ သူတို့သုံးသပ်တဲ့နိုင်ငံရေးဟာ ဒီကနေ့ မြန်မာနိုင်ငံကျွမ်းကျင်သူတို့ နိုင်ငံရေးလေ့လာသုံးသပ်သူတို့ Professor တို့ သုံးသပ်တာထက် ပိုပြီးတော့ လက်တွေ့ကျတယ်လို့ ကျနော်တွေ့လာတယ်။ ကျနော်က အဲဒါကိုပဲ ကျနော်က မှန်တဲ့ လက်တွေ့ကျတဲ့နိုင်ငံရေးလို့မြင်တယ်။ သူတို့ရဲ့ သုံးသပ်ချက်တွေက  အင်မတန်မှကို တန်ဖိုးရှိတယ်။ တစ်နည်းအားဖြင့် လာမယ့် အနာဂတ် နှစ်တိုဖြစ်ဖြစ် နှစ်ရှည်ဖြစ်ဖြစ် ကာလ နိုင်ငံရေးမှာ သူတို့ရဲ့ အမြင်စိတ် အတွေးအခေါ်ပေါ့ အယူအဆတွေက ဒါတွေပဲ မြန်မာနိုင်ငံက သွားလိမ့်မယ်။ အဲဒီတော့ သူတို့ဟာ ဒီအပြောင်းအလဲထဲမှာ တကယ်ကိုပါနေပြီးတော့ လုပ်လည်း လုပ်ခဲ့တဲ့သူ ၊ ဥပမာ-မဲပေးပြီးတော့ ဖြစ်ဖြစ်၊  တက်ကြွလှုပ်ရှား သူတွေအနေနဲ့ လှုပ်ရှားလို့ဖြစ်ဖြစ် ပါဝင်ပြီး လှုပ်ရှားနေတယ်။ သူတို့ဟာ ဆိုးသွမ်းလှတဲ့ မှားယွင်းတဲ့ ဥပဒေမရှိတဲ့ အုပ်ချုပ်ရေးစနစ်ကို လုံး၀ မလိုလားကြတာ။ မလိုလားဘူးဆိုတာကို ပြောခွင့်ရော လုပ်ခွင့်ရော ရနေတော့ သူတို့မှာ အားတွေ တကယ်ရှိနေတယ်လို့ကျနော်မြင်တယ်။ နောက်တစ်ခါ စစ်အစိုးရလက်ထက် စစ်အုပ်ချုပ်ရေးလက်ထက်မှာ မတော်မတရား ဥပဒေမဲ့ လုပ်တဲ့ဟာတွေကို ပိုပြီးသိသိလာတယ်ဗျ။ သိသိလာတော့ကာ ဒီဟာကို မလိုလားကြတော့ဘူး ဖြစ်တဲ့အတွက် အရင်လိုပဲ တစ်ပါတီစနစ်ဖြစ်ဖြစ်၊ တစ်အုပ်စုစနစ်ဖြစ်ဖြစ် ဒီမိုကရေစီနည်းမကျတဲ့ အုပ်ချုပ်ရေးဖြစ်ဖြစ်ကိုတော့ ဘယ်သူက လာပြီးတော့ ကိုယ်စားပြုပြီး ဦးဆောင် ဦးဆောင် ဒါကိုတော့ ပယ်ချကြတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အလွန်ကောင်းတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ကြီးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

မေး။    ။  နောက်ကြောင်းမပြန်တော့ဘူးလို့ ဘာကြောင့်ပြောတာလဲ။

ဖြေ။    ။ နောက်ကြောင်းမပြန်တော့ဘူးဆိုတာက ပွင့်ပွင့်လင်းလင်းတည့်တည့်ပြောရင် စစ်အာဏာသိမ်းမလားဆိုတဲ့ဟာပေါ့။ စစ်အာဏာမသိမ်းတောင်မှ ကြံ့ခိုင်ရေးပါတီလိုမျိုး အရင်တုန်းက တစညလိုမျိုး စနစ်ကိုတော့ ပြန်ရွေးချယ်လိမ့်မယ်လို့ ကျနော်မထင်ဘူး။ တပ်မတော်ကိုယ်တိုင်ကလည်း အာဏာသိမ်းဖို့ စိတ်ကူးရှိပုံမရဘူး။ ဒါအကြောင်းကြောင့်ပေါ့နော်။ အကြောင်းတွေက ပြောရင်အများကြီးပေါ့။ ကျနော်မြင်တာက နောက်ကြောင်းဘက်ကို လှည့်ကြမယ်မဟုတ်ဘူး။ တစ်ပါတီစနစ်လည်းမသွားသလို စစ်အုပ်ချုပ်ရေးကိုလည်း ပြန်သွားမယ်လို့ မထင်ဘူးလို့ ပြောတာဖြစ်ပါတယ်။

မေး။    ။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းရှိနေတယ်။ အန်ကယ် အပြင်ကလာတော့ တိုးတက်မှုလို့မြင်တယ်။ အတွင်းက နိုင်ငံရေးလေ့လာသူတွေက နိုင်ငံရေးက ရှေ့ကို မတိုးဘူး။ နောက်ကိုတောင်မှ နည်းနည်းပြန်ဆုတ်နေတယ်၊ ဒီမိုကရေစီ စံချိန်စံညွန်းတွေ လျော့လာတယ်။ ဥပမာဆိုရင် ငြိမ်းချမ်းရေးကိစ္စဆိုရင် ရှေ့မတိုးဘူး။ ၂၀၀၈ အခြေခံဥပဒေကြောင့် တပ်နဲ့ အစိုးရကြားထဲမှာ ပြဿနာတွေရှိနေတယ်။ နိုင်ငံရေးက ရှေ့မတိုးဘူး။ ငြိမ်းချမ်းရေးက Dead Lock ဖြစ်နေတယ် သုံးသပ်ကြတယ်။ သူတို့ဘာကြောင့် အဲလိုမြင်တယ်ထင်လဲ။

ဖြေ။    ။ သူတို့လည်း သူတို့အကြောင်းရှိပါလိမ့်မယ်။ ကျနော်လည်း ကျနော့်အကြောင်း ရှိတယ်ဗျ။ ဥပမာ ငြိမ်းချမ်းရေးပဲပြောပြော စီးပွားရေးပဲပြောပြော အဓိကတော့ ငြိမ်းချမ်းရေး ပေါ့နော်။ ငြိမ်းချမ်းရေး ခေါင်းစဉ်ပဲ ထားပါစို့။ ငြိမ်းချမ်းရေးဆိုတာ ဖြစ်စဉ်က အစိုးရ ကနေ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ တပ်မတော်ကလည်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ သူတို့ချည်းပဲ လုပ်လို့လည်းမရဘူး။ အဲဒီတော့ ၃ ပွင့်ဆိုင် သဘောသွားကြ၊ လုပ်ကြတဲ့သဘောဖြစ်တယ်။ ၃ ပွင့်ဆိုင်ကိစ္စမှာ ၁ပွင့်ကသာ နှေးနေရင် ၁ ပွင့်ကသာ ကလန်ကဆန်လုပ်နေရင် ရတဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီတော့ လိုနေတဲ့အချက်က အဲဒီဟာပဲဖြစ်တယ်။ ဒီနိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့ စဉ်းစားမှုတွေက အဲဒီ သုံးဦးသုံးဖလှယ်မှာ မညီမ ျှကြဘူးလို့ကျနော်မြင်ပါတယ်။ တပ်မတော်မှာ လည်းသူတို့စိုးရိမ်ချက်တွေ ရှိကောင်းရှိမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း စိုးရိမ်ချက်တွေရှိပါလိမ့်မယ်။ နောက် ပြည်သူလူထုနဲ့ ကျနော်တို့လက်ရှိ ပြည်သူကို ကိုယ်စားပြုတဲ့အစိုးရကလည်း စိုးရိမ်ချက်တွေရှိကြတာပဲ။ အဲဒီစိုးရိမ်ချက်တွေကို ညှိဖို့ ၊ ညှိတော့ ညှိနေကြတယ်ဗျ။ ညှိလို့မရသေးတဲ့ အနေအထားတစ်ရပ်သာဖြစ်ပြီးတော့ အခုလုပ်ငန်းစဉ်ကြီး ဆက်ဖြစ်နေတယ်လို့ ကျနော်က မြင်တယ်။ နောက်ပြန်တာလည်းမဟုတ်ဘူး။ တန့်ကောင်းတန့်နေမယ်။ တန့်နေတယ်လို့ တောင် ကျနော်က အဲဒီအယူအဆကို လက်မခံဘဲနဲ့ ဒီကနေ့ နဲ့ မနက်ဖြန်တောင် မတူဘူး။ တပ်မတော် စဉ်းစားချက်၊ အစိုးရ စဉ်းစားချက်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ စဉ်းစားချက်တွေက လက်တွေ့ပိုဆန်လာပြီးတော့ ပြေရာပြေကြောင်းဘက်ကို ဦးတည်နေတယ်။ ဒါပေမယ့် အဲဒီခရီးက အကြာကြီးလျှောက်ရဦးမယ်လို့ ကျနော်ထင်တယ်။ ချုပ်ပြောရရင် ဘာကြောင့်လဲလို့ ပြောရင် ဒီနေ့ ငြိမ်းချမ်းရေးလို့ ပြောနေတာတွေက လက်နက်ကိုင်အဖွဲ့ ၂ မျိုးပြောနေတဲ့ ပုံစံဖြစ်နေတယ်။ တပ်မတော်ရယ်၊ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတွေရယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးက သူတို့နှစ်ဦးတည်းနဲ့ မပြီးဘူးဗျ။ သူတို့နှစ်ဦးနဲ့တင် ဆိုင်တာမဟုတ်ဘူး။ အကုန်လုံးဆိုင်နေတာ။ ဆိုတော့ အဲဒီ လက်နက်ကိုင်အင်အားစုကြီး နှစ်ခုက နိုင်ငံရေးအမြင်ရှိရှိနဲ့ စဉ်းစားလာကြမှ ငြိမ်းချမ်းရေးက ရလိမ့်မယ်။ ကျနော်တို့ ငြိမ်းချမ်းရေးဝေးသေးတယ်လို့ကျနော်မပြောချင်ဘူး။ လမ်းကြောင်းပေါ် မှာ ဖြည်းဖြည်းသာ သွားနေတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျနော် အဲဒီလောက်ပဲ မြင်တယ်။

မေး။    ။ အခုလက်ရှိ အပြောင်းအလဲက အန်ကယ်တို့ ပြင်ပကနေ နှစ်ပေါင်း ၃၀ လောက် တိုက်ယူနေတဲ့ အပြောင်းအလဲလား။ အန်ကယ်တို့လိုချင်တဲ့ အပြောင်းအလဲလား။ တချိန်က NCGUB လို့ ခေါ်တဲ့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရက လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီလား။

ဖြေ။    ။ ပန်းတိုင်ကတော့ မရောက်ဘူးဗျ။ ပန်းတိုင်လို့ ပြောရတာက စာပေါ်ချရေးတဲ့ ပန်းတိုင်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ ခေါင်းစဉ်ကို ကျနော်တို့က သွားခဲ့ကြတာပါ။ အဲဒီတော့ အဲဒီပန်းတိုင်က မြန်မာပြည်ဘယ်တော့ရောက်မလဲဆိုတာ မှန်းရလို့ တော်တော်ခက်တဲ့ကာလပါ။ သို့သော် ကျနေ်ာတို့ အပါအဝင် ပြည်ပရောက် အင်အားစုတွေရော၊ ပြည်တွင်းအင်အားစုတွေရော ဒီဦးတည်ချက် အတူနဲ့ လုပ်ခဲ့ကြတော့ကာ အကုန်လုံး ဝိုင်းလုပ်ကြလို့ ဒီအဆင့်ကို ရောက်လာတယ်လို့ ကျနော်မြင်ပါတယ်။ ပန်းတိုင်ကတော့ ရောက်တယ်လို့တော့ မပြောလိုဘူး။ သို့သော် ကျနော်တို့ လုပ်ဆောင်ချက်တွေ အချည်းအနှီးတော့မဖြစ်ဘူး။ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ခဲ့တယ်လို့ ကိုယ့်ကိုကိုယ်တော့ ထင်တာပေါ့။ သုံးသပ်ချက်တွေကတော့ တခြား ရှိကောင်းရှိမှာပါ။

မေး။    ။ စည်းလုံးညီညွတ်မှုနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က အစိုးရဖြစ်နေပြီ။ အစိုးရဖြစ်နေတဲ့အချိန်မှာ တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေး ကို တည်ဆောက်နိုင်တယ်မြင်လား။ ၂ နှစ်ခွဲလောက်မှာ တိုင်းရင်းသား တွေဘက်က အသံတွေ ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ဦးစားမပေး ဘူးပေါ့။ ဥပမာ- ရခိုင်ကိစ္စဆိုရင် ရခိုင်တိုင်းရင်းသားတွေနဲ့ NLD အကြားမှာ အတော် ကို ပြဿနာ တက်လာတယ်။ SNLD ဆိုတာလည်း တချိန်လုံး NLD ကို ထောက်ခံလာခဲ့တာ။ အခု အချိန်မှာတော့ အဆင်မပြေကြတဲ့ အသံတွေလည်း ထွက်နေတယ်ဆိုတော့….။

ဖြေ။    ။ အဲဒီလိုဖြစ်တဲ့ တိုင်းရင်းသားဘက်က တချို့ ဝေဖန်လာတာတွေကလည်း ကျနော်ကတော့ အပြုသဘောဘက်က မြင်ချင်ပါတယ်။ သူတို့လည်းသူတို့ အားမရမှုတွေ ရှိတယ်ပေါ့။ သို့သော် ကျနော်တို့ပြန်စဉ်းစားကြည့်ပါဦး။ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၂၈ မှာ နှစ် ၂၀ ကျော်က အထဲမှာ နေရင်းနဲ့ ဒီမိုကရေစီ(သို့မဟုတ်) ဒီပြုပြင်ပြောင်းလဲရေးရဲ့  Icon လိုမျိုးနေခဲ့ရတာ။ တစ်နည်းအားဖြင့် သူအသံထွက်ခွင့်တောင်မှ ရှားရှားပါးပါးပဲ ရခဲ့ကြတာ။ သူရဲ့Icon ကို အသုံးပြုပြီးတော့ အားလုံးက တိုင်းရင်းသားတွေလည်း ပါပါတယ်၊ ကျနော်တို့မှ မဟုတ်ဘူး အသုံးပြုပြီးတော့ ကြိုးပမ်းလာခဲ့ကြတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခါမှာ သူကိုယ်တိုင် ပြောလည်း ပြောနိုင်လာတယ်၊ လုပ်လည်း လုပ်နိုင်လာတယ်။ အဲဒီကာလတစ်ခု လွတ်မြောက်လာတဲ့ ကာလနဲ့ ၂၀၁၂ အထိ  ၊ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကာလအတိုလေးမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုလုပ်ဆောင်လာတဲ့ ကာလတစ်ခု၊ ၂၀၁၂ က မသိသာသေးဘူး။ ၂၀၁၅ ကျတော့ သိသာတဲ့အပြောင်းအလဲက ဘာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက Icon ကဏ္ဍ မဟုတ်တော့ဘူး။ အစိုးရက တာဝန်အရှိဆုံးပုဂ္ဂိုလ် တစ်ဦးဘ၀ ဖြစ်သွားပြီ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလုပ်ကိုင်တာတွေက အရင်နဲ့ မတူတဲ့ အတွက် အရင်လိုမဟုတ်တော့ဘူးလို့ တိုင်းရင်းသားမပြောနဲ့ ဒီမိုကရေစီထောက်ခံ ဆောင်ရွက်ခဲ့တဲ့ သူတွေကိုယ်တိုင်က အားမရကြတာ ရှိပါတယ်။ ကျနော်မြင်တာက ဒီလိုဗျ။ ဒေါ်အောင်ဆန်းစုကြည်က သူကျနေတဲ့ကာလမှာ သူကျနေတဲ့တာဝန်နဲ့ သူလုပ်သင့်တာကို လုပ်နေတာသာဖြစ်တယ်လို့ ကျနော်မြင်တယ်။ အစိုးရတစ်ရပ်နဲ့ ပါတီတစ်ရပ် မတူဘူး။ NLD ဟာ အာဏာရသွားပြီးတော့ ပါတီလိုပဲ နိုင်ငံရေးပါတီ အာဏာရအောင် လုပ်နေဆဲပါတီနဲ့ အာဏာရလာတဲ့ အနေအထားနှစ်ခုကို အတူ ကျင့်သုံးလို့မရတော့ဘူး။ အတူကျင့်သုံးရင်လည်း  သူဦးဆောင်နေတဲ့ အစိုးရဟာ အလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူး။ ဒါကြောင့် အစိုးရနဲ့ တူအောင် တန်အောင်လုပ်တဲ့အခါမှာ အပြစ်ပြောစရာတွေ ပိုပြီးတော့ များလာတဲ့သဘောမျိုးလို့ကျနော်ယူဆပါတယ်။ နောက်တစ်ခါ ထောက်ပြတဲ့ တိုင်းရင်းသား အင်အားစုပဲ ဆိုပါစို့။ ကချင်လည်းပါတယ်။ ရှမ်းလည်းပါတယ်။ ရခိုင်လည်းပါတယ်။ အဲဒီတော့ ဦးခွန်ထွန်းဦးတို့က ၁၉၉၀ နောက်ပိုင်းမှာ NLD ကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အပြောင်းအလဲကို အဓိက ထောက်ခံအင်အားစုကြီးတစ်ရပ်ဖြစ်တယ်။ အင်မတန်မှ သူက အင်အားရှိတဲ့ ပါတီ။ အင်မတန်မှ ကျေးဇူးတင်စရာကောင်းတဲ့ အင်အားစုဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းအားမရမှု ကတော့ တစ်မျိုးဖြစ်လာတယ်။  အရင်တုန်းက ဒီမိုကရေစီ ပြောင်းလဲရေးအတွက် လှုပ်ရှားမှု။ နောက်ပိုင်းမှာ ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုအရေးဆိုတာ နံပါတ်တစ် ဖြစ်သွားပြီ။ ဒီမိုကရေစီရရှိရေးဆိုတာ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ သူတို့ တိုင်းတဲ့ ပေတံက တစ်မျိုးဖြစ်သွားပြီ။ ဖက်ဒရယ် ပြည်ထောင်စုသွားရေးဆိုတာ သိတဲ့အတိုင်းပဲ။ ခုန ငြိမ်းချမ်းရေးလိုပေါ့။ တိုင်းရင်းသားတွေ နဲ့ချည်းပဲလုပ်မရ။ ဒေါ်အောင်ဆန်းစုကြည် ၊ ဗမာပေါ့နော် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း လုပ်မရ။ နောက်တစ်ခါ တပ်မတော်အင်အားစုရှိတယ်။ ၃ ခုလုပ်ရတဲ့ကိစ္စကြီးဖြစ်တော့ကာ ဒေါ်အောင်ဆန်းစုကြည် အကန့်အသတ်က အင်မတန်မှ ကြီးတဲ့အတွက် အားမရကြတာ လားလို့ ရှမ်းရယ်၊ ကချင်ရယ်။ ရခိုင်ကျတော့ တိုင်းရင်းသားကိစ္စ မဟုတ်တော့ဘူး။ သူက ဘာသာရေးအကြောင်းပြုပြီးတော့ နိုင်ငံတကာ Issue ကြီးဖြစ်အောင် ဖန်တီးထားပြီးသား ကိစ္စဖြစ်တော့ ဒီကိစ္စမှာ ကိုင်တွယ်ရတာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုခက်တယ်လို့ မြင်တဲ့အတွက် ဒါကို နားလည်ကြစေချင်တယ်လို့ ကျနော်က မြင်ပါတယ်ခင်ဗျ။

မေး။    ။ ရခိုင်ကိစ္စမှာ ရခိုင်တွေဘက်က ပြောတာက ပြဿနာကို ဖြေရှင်းတဲ့အခါမှာ သူတို့ကို ဘေးဖယ်ထားတယ်ပေါ့ အဲလိုပြောကြတယ်။ နောက်ပြီး ရခိုင်ကိစ္စက နိုင်ငံတကာဖိအား ကလည်း ရှိတယ်။ ပြည်တွင်းမှာလည်း ဖိအားက ရှိနေတယ်။ ရခိုင်တွေက ကိုယ့်အင်အားကို လျစ်လျူရှုတယ်လို့လည်းပြောကြတယ်။ ရခိုင်တွေကို ပါဝင်ခွင့်ပေးပါလို့လည်း တောင်းဆိုနေကြတယ်။ ဘယ်လိုသုံးသပ်လဲ။

ဖြေ။    ။ ကျနော်က ပြည်ပလှုပ်ရှားမှုမှာ ရခိုင်အင်အားစုအကုန်လုံးနဲ့ ထိတွေ့ဆက်ဆံမှုရှိပါတယ်။ အကုန်လုံးဆိုတာ လက်နက်ကိုင်အဖွဲ့အစည်း၊ အများကြီးပဲ။ အများကြီးဗျ။ တချို့ မြန်မာပြည်တွင်းက မီဒီယာတောင်မှ တော်တောလေး နှံ့စပ်မယ့် မီဒီယာလောက်ပဲ သိမယ့် အဖွဲ့အစည်းတွေလည်းအများကြီးရှိပါတယ်။ အဲဒီတော့ တစ်နည်းအားဖြင့် ကျနော် ရခိုင်တွေရဲ့စိတ်နေစိတ်ထားနဲ့ တော်လှန်ရေး စိတ်ထား၊ နိုင်ငံရေးရည်မှန်းချက်တွေကို တော်တော်များများသိတယ်ပေါ့။ တချို့ကိစ္စတွေမှာ ပြောရတာ အားနာစရာလည်းရှိတယ်။ သိပ်တော့ ကျနော် အများကြီးမပြောလိုပါဘူး။ ရခိုင်နိုင်ငံရေး က အခြားတိုင်းရင်းသားတွေနဲ့ မတူတဲ့အချက်တွေရှိတယ်ဆိုတဲ့ ပထမတစ်ချက် ပြောပါရစေ။ အင်အားကြီးရခိုင်  လက်နက်ကိုင်မဟုတ်ဘူးနိုင်ငံရေး။ ရခိုင် လက်နက်ကိုင်ဆိုတာ မှိန်သလောက်ရှိသွားပြီ။ အဲဒီအင်အားစုတွေရဲ့  သူတို့ရဲ့အတွင်း ရည်ရွယ်ချက်ဟာ ရခိုင်ပြည်ကြီး တည်ထောင်ရေးဖြစ်တယ်။ ဖက်ဒရယ်မဟုတ်ဘူးခင်ဗျ။ အဲဒါ တစ်ချက်ပေါ့။ အဲဒီလိုပဲ အလားတူ လွတ်လပ်တဲ့ တိုင်းပြည်ထူထောင်ချင်တဲ့ အခြား နိုင်ငံရေးအင်အားစုတွေ လည်းရှိသေးတယ်။ ဥပမာ- နာဂ။ ရှမ်းကတော့ မရှိဘူးလို့ကျနော်ထင်တယ်။ မွန်လည်း မရှိဘူးထင်တယ်။ရခိုင်ကိစ္စကတော့ ပိုပြီးရှုပ်ထွေးတဲ့ နိုင်ငံရေးအမြင်နော် ပြည်တွင်းကိစ္စ။ နိုင်ငံတကာ မပါသေးဘူး။ ဘာသာရေးမပါသေးဘဲနဲ့ ရခိုင်တွေက အဲသလိုမျိုးရှိတယ်။ရခိုင်လို့ ကျနော်တို့ ပြောရင် အခြားတိုင်းရင်းသားတွေလည်းဒီလိုပဲဗျ။ ဘယ်အဖွဲ့ ဘယ်ခေါင်းစဉ် ဘယ်ကိုယ်စားလှယ်က သူ့လူမျိုးစုကို ကိုယ်စားပြုပြီး ပြောသလဲ။ သူ့နောက်မှာ ထောက်ခံမှု တကယ့်ထောက်ခံမှုပေါ့နော်။ ဘယ်လောက်အင်အားကြီးသလဲဆိုတာလဲ ရှိသေးတယ်ဗျ။ ရှေ့က ဦး တပ်ထားပြီး သားဦးမို့လို့ ဦးတပ်ထားတဲ့ ရခိုင်လို့ ပြောလို့ သူပြောတိုင်းလည်း ရခိုင်လို့တော့ ယူဆရတာခက်တယ်လေ။ တကယ့် အရေးပါတဲ့ ဒီနေ့ဝန်ကြီးချုပ်ဖြစ်နေတဲ့ အစိုးရဖြစ်နေတဲ့ လူမျိုးတွေက ရခိုင်လူမျိုးတွေပဲ။ NLD က ဖြစ်တာကိုး။ လက်နက်ကိုင်အဖွဲ့ လည်း ရခိုင်အများကြီးရှိတယ်။ အတိုက်အခံ လို့ ပြောကြတဲ့ ရခိုင်ပါတီတွေလည်းရှိတာပဲ။ အဲဒီတော့ အသံအမျိုးမျိုး ထွက်နေကြတယ်။ ဆိုတော့ ကျနော်မြင်တာက ရခိုင်အရေးကို ရခိုင်တွေကို ချန်ထားတယ်လို့ကျနော်က မမြင်ဘူး။ ဒါ အစိုးရဘက်က ထောက်ခံပြီး ပြောတဲ့ အပြောတော့ ဖြစ်တာပေါ့လေ။ သို့သေ်ာလည်း ကျနော်ကလည်း အဲဒီအတိုင်းကိုမြင်တယ်။ တာဝန်ရှိသူတွေက တာဝန်ဆိုတာ Mandate ရှိတဲ့သူပေါ့။ Mandate ရှိတဲ့သူတွေနဲ့ ပဲ NLD အစိုးရက စကားပြော လုပ်ဆောင်နေမယ်။ သို့သော်လည်း တစ်ချိန်တည်းမှာ Mandate မရှိဘူးပဲ ဆိုပါစို့။ အတိုက်အခံ အဆင့်ရှိတဲ့ အင်အားစုတွေက ပြောဆို တောင်းဆိုချက် တွေဟာ အမျိုးသားရေးအကျိုးစီးပွားဆိုရင်လည်း လက်ခံသင့်သေးတယ်။ ရခိုင်ဆို ရခိုင်ပေါ့။ ဒါကောင်းပါတယ်။ ပြည်ထောင်စုအကျိုးဆိုပြီး ပြောကြရင်လည်း လက်ခံသေးတယ်။ အဲလိုမှမဟုတ်ဘဲနဲ့ ကျနော် စွပ်စွဲတာတော့မဟုတ်ဘူး။ နောင်တစ်ချိန် တို့ မဲရအောင်၊ အာဏာရအောင် လုပ်တဲ့အလုပ်လား။ ဘာကြောင့် ကျနော် အဲလိုပြောသလဲဆိုရင် ကျနော် ၂၈ နှစ်အတွင်းမှာ ဗမာမုန်းတီးရေးပြောရင် အင်မတန်မှ မဲရတဲ့ တိုင်းရင်းသားတွေ အများကြီးတွေ့ ခဲ့ပါတယ်။ လက်တွေ့ တွေ့တာပါ။ အဲသလိုလုပ်တာ။ ဥပမာ- ဘာသာရေးအစွန်းရောက် ကိစ္စတွေက ပြည်တွင်းကိစ္စ။ ပေါ်လာတော့ မျိုးချစ်စိတ်လို့ပြောရင် မဲရမလားလို့ပြောခဲ့တာ မဲလည်း မရဘူးဗျ။ အဲဒီတော့ ကျယ်ကျယ်ပြန့်ပြန့် အမြင်နဲ့  အမျိုးသားရေးဆိုရင်လည်း အမျိုးသားရေးသန့်သန့် သူ့အမျိုးသားရေးအတွက်လုပ်တယ်ဆိုရင် ဒါ နားလည်ရလွယ်တယ်။ မှန်လည်းမှန်တယ်။ လုပ်လည်း လုပ်သင့်တယ်။ ပြည်ထောင်စုအကျိုးစီးပွားဆိုရင် ပြောစရာမ လိုဘူးပေါ့။ ကိုယ့်ပါတီ မဲရရေးတစ်ခုတည်းအတွက် ကိုယ့်အမျိုးသားရေးတောင်မှ မလုပ်ဘူးဆိုတဲ့ အပြောအဆိုတွေကတော့ သူတို့လူမျိုးစုတွေကိုယ်တိုင်ကလည်း အများစုက လက်ခံချင်မှ လက်ခံမယ်လို့ ယူဆတဲ့အတွက် တိုင်းရင်းသားကိုပြောရတာလည်း ကျနော့် အတွက်တော်တော်တော့ စွန့်စားပြီးပြောရတာ။ ကျနော်အရင်တုန်းက အဲဒါမျိုး ပြောလို့မရဘူး။ ပြောခွင့်မရှိဘူး။ ပြောချင်လည်း ပြောခွင့်မရှိဘူး။ သို့သော်လည်း ဒီလွတ်လပ်ခွင့်နဲ့ ပြောင်းလာတဲ့ နိုင်ငံရေးအပြောင်းအလဲကို ကြည့်ပြီး ကျနော် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို Risk ယူပြီး ကျနော်ပြောတာဖြစ်ပါတယ်။ မပြောမဖြစ်လို့ ဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.