All News Business

ဒေါ်လာတန်ဖိုးတက်ဂယက်နဲ့ ရိုက်ခတ်မှုပြင်းနေတဲ့ ကုန်ဈေးနှုန်းအခြေအနေ

 

By ရန်ကုန်ခေတ်သစ်

ပြည်တွင်းငွေကြေးလဲလှယ်ရေးဈေးကွက်မှာ အမေရိကန် ဒေါ်လာဝယ်ယူစုဆောင်းသူများပြားပြီး တရုတ်အမျိုးသားအများစု ဒေါ်လာဝယ်ယူစုဆောင်းမှုများရှိနေသည့်အတွက် ဝယ်မရသည်အထိ ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ ဒေါ်လာဈေးနှုန်းမှာလည်း အမြင့်ပိုင်းသို့ ဦးတည်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရီကန်ဒေါ်လာနှုန်းထားများသည် ဇွန်လနှောင်းပိုင်းမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ဇူလိုင်လအတွင်းတွင်လည်း ဒေါ်လာဈေးနှုန်းမှာ ၁၄၀၀ ကျော် အထက်ပိုင်းသို့ ဦးတည်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလ ျှင် မြန်မာကျပ်ငွေ ၁၃၉ ၅ ကျပ်ဈေးပေါက်ခဲ့ပြီး ဇွန်လကုန်ပိုင်းတွင် ငွေကျပ် ၁၄၀၀ ကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကိုေ ခါ်ယူတွေ့ဆုံခဲ့ပြီးနောက် အမေရိကန်တစ်ဒေါ်လာလ ျှင် ၁၃၈၅ ကျပ်အထိဈေးပြန်လည်ကျဆင်းခဲ့သော်လည်း ဇူလိုင်လ ပိုင်းတွင်မူ အမြင့်ဆုံး ပြန်လည်တက်လာကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့ အမေရိကန်တစ်ဒေါ်လာ ၁၄၂၄ ကျပ် အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ဒေါ်လာဘာလို့ စံချိန်တင်ထိုးတက်နေလဲ

အမေရိကန်ဒေါ်လာ အမြင့်ဆုံးစံချိန်တင် မြင့်နေရသည့်အကြောင်းအရင်းများတွင် အဓိကအားဖြင့် ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာရခြင်းက အဓိက အကြောင်းအရင်းဖြစ်သည်။ အမေရိကန်သမ္မတထရမ့်၏ အမေရိကန်ဘဏ်အတိုးနှုန်းမြှင့်တင်ခြင်း၊ တရုတ်ကုန်စည်များကို အခွန်ဘီလီယံချီတိုးကောက်ခြင်းအပါအဝင် ကမ္ဘာ့နိုင်ငံရေးဇတ်ခုံတွင် အမေရိကန်၏ သြဇာအာဏာကြီးမားလာခြင်းက အမေရိကန်ဒေါ်လာတန်ဖိုးကို ကမ္ဘာ့ငွေကြေးအားလုံးနှင့်နှိုင်းယှဉ် လ ျှင် အမြင့်ဆုံးတွင် ခိုင်မာရပ်တည်စေသည်။

နိုင်ငံတကာတွင် ဒေါ်လာတန်ဖိုးမြင့်တက်ပြီး နိုင်ငံတကာသုံးငွေကြေးများ ဈေးနှုန်းကျဆင်းသော်လည်း မြန်မာပြည်တွင်မူ ကျပ်ငွေတန်ဖိုးကျဆင်းမှုသည် နိုင်ငံတကာနှင့်နှိုင်းယှဉ်လ ျှင် အလွန်ကျဆင်းသည့် အနေအထားရှိနေကြောင်း စီးပွားရေးပညာရှင်လည်းဖြစ်၊ ဘဏ္ဍာရေးဒုဝန်ကြီးဟောင်းလည်း ဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထင်သလောက် မဝင်ခြင်း၊ ပို့ကုန်နှင့်သွင်းကုန်တွင် သွင်းကုန်များပြီး ပို့ကုန်နည်းပါးခြင်းကြောင်း ကုန်သွယ်ရေးလိုငွေပြခြင်း၊ နိုင်ငံခြားအရန်ငွေ ကြေးအင်အားမတောင့်တင်းခြင်း အပါအဝင် အကြောင်းအရင်းများစွာက မြန်မာကျပ်ငွေတန်ဖိုးကို နိုင်ငံတကာငွေကြေးများနှင့်နှိုင်းယှဉ်လ ျှင် ပိုမိုကျဆင်းစေသည်ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ဒေါ်လာကိုမှီ၍ ရွှေဈေးလည်းတက်

နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာစုဆောင်းမှု များပြားပြီး ရွှေဈေးနှုန်းများ ကျဆင်းသော်လည်း မြန်မာ့ပြည်တွင်းတွင်မူ ဒေါ်လာဈေးတက်မှုနှင့်အတူ ရွှေဈေးနှုန်းမှာလည်း လိုက်ပါ မြင့်တက်လျက်ရှိသည်။

ပြည်တွင်းဈေးကွက်တွင်မူ ရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလ ျှင် ဇူလိုင်လ ၁၇ ရက်နေ့က ငွေကျပ် ၉၄၈၅၀၀ ကျပ်အထိ ဈေးရှိနေသည်။ ရန်ကုန်တိုင်းရွှေဈေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်ကမူ ရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလ ျှင် ငွေကျပ် ၉ သိန်းခွဲဝန်းကျင်တွင်ရှိနေလိမ့်မည်ဟု ခန့်မှန်းပြီး အတက်ပိုင်းသို့သာ ဦးတည်မည်ဟုဆိုသည်။

ရွှေဈေးကွက်တွင်မိုးတွင်းကာလ ရွှေအဝင်နည်းခြင်း၊ ဝယ်ယူမှုများပြားခြင်းတို့ကြောင့် ရွှေဈေးထိုးကျရန်မလွယ်ဟု ရွှေကုန်သည်များက ဆိုသည်။

ဒေါ်လာနဲ့ရွှေ ဘယ်သူတွေ ဝယ်စုနေလဲ

ပြည်တွင်းငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်တွင် ဒေါ်လာနှင့်ရွှေကို အဓိက ဝယ်ယူစုဆောင်းပြီး ရင်းနှီးမြှုပ်နှံအမြတ်ယူကြသည့် အင်အားစုကြီးတစ်ခုရှိနေပြီး ယင်းအင်အားစုမှာ တရုတ်နွယ်ဖွားများဖြစ်ကြသည်။

ဒေါ်လာဈေးတက်လ ျှင်လည်း ဒေါ်လာကို တက်ဈေးဖြင့်လိုက်လံဝယ်ယူစုဆောင်းပြီး ရွှေကိုလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ဈေးကွက်တွင် ရံဖန်ရံခါ အမေရိဒေါ်လာ ပြတ်လည်သည်အထိပင် ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ မပီပြင်ခြင်း၊ရှယ်ယာဈေးကွက် မပီခြင်း တို့က ငွေဖြစ်လွယ်သော ရွှေနှင့်ဒေါ်လာဈေးကွက်တွင် ရင်းနှီးမြုပ်နှံစီးပွားဖြစ်ကြသည့် အနေအထား ရှိနေဆဲပင်ဖြစ်သည်။

တရုတ်နွယ်ဖွား ကုမ္ဗဏီများနှင့် တရုတ်စပ် စီးပွားရေးပွားသမားတို့၏ ဝယ်ယူစုဆောင်းမှုက တစ်နေ့တစ်ခြား မရိုးနိုင်သော ဒေါ်လာဈေးမြင့်တက်မှုကို ဦးတည်စေသည်က အမှန်ပင်ဖြစ်သည်။

” ဒေါ်လာဈေးတက်ရင် ဝယ်နိုင်ရောင်းနိုင်တာက တရုတ်အမျိုးသားတွေ များတာကိုး။ ငွေကြေးအားဖြင့် ကြွယ်ဝတာကလည်း ဒီတိုင်းပြည်မှာက တော်တော်များများက တရုတ်ကုမ္ဗဏီတွေ များတာကိုး။ ရွှေဆိုင်တွေဆိုရင်လည်း တရုတ်ရွှေဆိုင်တွေပဲများတယ်လေ။ မြန်မာရွှေဆိုင်က လက်ချိုးရေလို့တောင် လက်ငါးချောင်းမပြည့်ဘူး။ သူတို့က ဒေါ်လာဈေးတက်ရင် တက်သလို ဈေးကိုမြှင့်ဝယ်တာ။ ကျရင် ကျသလို ဒေါ်လာရော ရွှေရော ချရောင်းတာ။ ကစားလို့လည်း တစ်စိတ်တစ်ဒေသပါမှာပေါ့။ သမရိုးကျပါပဲ။ ဒေါ်လာဈေးတက်ရင်လည်း လိုက်ဝယ်ကြတာပဲ။ ဒေါ်လာကို ကိုင်ထားတာများတယ်။ နယ်စပ်မှာလည်း တရုတ်ငွေနဲ့ မြန်မာငွေ၊ မြန်မာငွေနဲ့ဘတ်ငွေ လဲလှယ်နှုန်းထားမှာလည်း မြန်မာငွေက သိသိသာသာကျတယ်။ တန်ဖိုးကျသွားတယ်။ အလားအလာက ရွှေဈေးရော ဒေါ်လာဈေးရော ဝယ်လိုအား အရမ်းမြင့်နေတယ်။ အစိုးရဌာနဆိုင်ရာ လိုအပ်ချက်တွေလည်းပါတယ်။ ဘဏ်တွေက တစ်ဆင့် ဝယ်တာလေးတွေပါမှာပေါ့။ ကာကွယ်ရေးအသုံးစရိတ်တွေ ချက်ချင်းပြန်ဖြည့်ရတာတွေရှိတာကိုး။ စစ်လက်နက်ဘာညာပေါ့။ ဟိုလိုတော့ ပယောဂကြောင့် ကောလဟလကြောင့်တော့မဟုတ်ဘူး။ သမရိုးကျတော့ သမရိုးကျပဲ။ ဒါပေမယ့် တက်တာတော့ နည်းနည်းများတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာက တော်တော်မာသွားတာကိုး” ဟု ရွှေလုပ်ငန်းရှင် ဦးဝင်းမြင့်ကဆိုသည်။

ကုန်ဈေးနှုန်းတွေ တက်လာပြီ

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၂၄ ကျပ် အထိ မြင့်တက်သွားခြင်း၏ နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံတွင်သို့ တင်သွင်းနေသည့် သွင်းကုန်မျာနှင့် ကုန်စည်များအားလုံး ဈေးတက်လိမ့်မည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးနှင့်ဆေးဝါး၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် သွင်းကုန်အားလုံးကို ဈေးနှုန်းကြီးကြီးဖြင့် တင်သွင်းရမည်ဖြစ်ပြီး ကုန်ကျစရိတ်လည်း ယခင်ထက် ပိုမိုလာနိုင်သောကြောင့် သွင်းကုန်အားလုံး ဈေးနှုန်းမြင့်တက်သွားမည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ဆိုကြသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်စေသည့်အတွက် ပြည်တွင်းပြည်ပ ကုန်စည်းများအားလုံး၏ ဈေးနှုန်းသည်လည်း မြင့်တက်သွားမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

“ဒေါ်လာတန်ဖိုးတက်တဲ့အတွက်ကြောင့်မို့လို့ သွင်းကုန်သွင်းတဲ့သူတွေမှာ ဈေးနှုန်းကြီးကြီးပေးရတာပေါ့။ နောက်ဆက်တွဲ ကုန်ပစ္စည်းတွေ ဈေးတက်မယ်။ ထိန်းလို့ရတော့မရဘူး။ ကမ္ဘာမှာလည်း ဈေးက တက်နေတယ်။ ကျနော်တို့မြန်မာပြည်က ထူးခြားက နိုင်ငံခြားထက်စာရင် ပိုတက်တာပေါ့။ နယ်စပ်မှာရှိတဲ့ ငွေစာရင်း ဘဏ်အကောင့်တွေ အပိတ်ခံရတာတွေ၊ လက်ရှိ သွင်းကုန် ပိုပြီး Demand များလာတာ။ဒီဇယ်တို့စားသုံးဆီတို့စက်သုံးဆီတို့လည်း ဈေးတက်မယ်” ဟု မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာလှသောင်းကမူ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ကုန်ပစ္စည်းများဈေးနှုန်းများမြင့်တက်လာမည်ဖြစ်ရာ ဝင်ငွေနည်းလူတန်းစားများအတွက် ယခုထက်ပိုမို ကျပ်တည်းမှုဖြစ်ပေါ်လာနိုင်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် ဆင်းရဲမွဲတေမှု ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ပြောဆိုသည်။

ကားဈေးတွေလည်း တက်မယ်

ပြည်တွင်းကားဈေးကွက်တွင် ကားဈေးနှုန်းများသည် အတက်ပိုင်းသို့သာ ဦးတည်နေပြီး အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုးတက်ခြင်းကလည်း ကားဈေးနှုန်းကို မြင့်တက်စေလိမ့်မည်ဟု ကားတင်သွင်းသူတစ်ချို့နှင့် ဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

ကားသည် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်ဖြစ်၍ ဒေါ်လာတန်ဖိုးတက်ခြင်းသည် ကားဈေးနှုန်းကို မြင့်တက်စေမည်ဟု ကားတင်သွင်းသူတစ်ဦးက ပြောသည်။

“ဒေါ်လာတန်ဖိုးတက်ရင်တော့ကားဈေးကလည်း တက်မှာပဲ။ ချက်ချင်းကြီး ဝုန်းကနဲ ဒိုင်းကနဲတော့ မတက်ဘူး။ တဖြည်းဖြည်းတော့ တက်လာမယ်” ဟု Farmer Auto ပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

လက်ရှိ မော်တော်ယာဉ်ဈေးကွက်တွင် ကားအရောင်းအဝယ်ပါးသော်လည်း ဈေးနှုန်းများမှာမူ အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း၊ အရောင်းအဝယ်မှာမူ ပါးသော်လည်း ညာမောင်း ဂျပန်ကား ထပ်ဝင်နိုင်ခြေမရှိ၍ ဈေးကျဆင်းရန် လမ်းမမြင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ကျနော်မြင်တာကတော့ ဈေးက တက်မယ်လို့ပဲ မြင်တယ်။ Honda Fit တစ်စီးကို နံပါတ်အဟောင်းတောင် သိန်း ၂၀၀ ကျော်တဲ့အထိ ရောက်နိုင်တယ်။ အချိန်ကာလတစ်ခုတော့ ကြာမယ်။ အခုလည်း နံပါတ်ဟောင်း Honda Fit တစ်စီးကို ၁၅၀ ကျော်မှာ ရှိနေတယ်။ ဒါက ဥပမာပြောတာပါ။ ညာမောင်း ဂျပန်ကားကတော့ အတက်ပဲလို့ မြင်ပါတယ်။ အခြားညာမောင်း ဂျပန်ကားတွေလည်း ဈေးတက်ကြမှာပဲ။ ဘယ်မောင်းကားသစ်တွေလည်း ရန်ကုန်လိုင်စင်ကြေး၊ ဒေါ်လာဈေး တက်တာနဲ့ ဈေးတက်မှာပဲ” ဟု ဝါရင့်ကားဝယ်ရောင်း ဦးမင်းနိုင်က ဆိုသည်။

ဒေါ်လာဈေးဘယ်လိုထိန်းမလဲ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းကတော့ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် အနေအထားကို အသေခအချာ ပုံမှန်စောင့်ကြည့်စစ်ဆေးနေပြီး နိုင်ငံခြားငွေ မတည်မငြိြမ်ဖစ်စေမည့် ဈေးကစားမှုများ ကြပ်မတ်နေကြောင်း၊ ငွေလဲနှုန်းကို ဈေးကွက်နှင့် အနီးစပ်ဆုံးဖြစ်သော ဈေးနှုန်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောဆိုသည်။

ဒုဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းကတော့ အစိုးရအနေဖြင့် လတ်တလော ဒေါ်လာ ဈေး မြင့်တက်ပြီး မြန်မာငွေ တန်ဖိုး တက်မှုကို ထိန်းသိမ်းရန် အစိုးရအနေဖြင့် တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိဟု သုံးသပ်ပြောဆိုသည်။

လက်ရှိအနေအထားအရ အစိုးရအနေဖြင့်လည်း နိုင်ငံခြားအရန်ငွေကြေးအင်အားနည်းပါးသည့်အတွက် ဈေးကွက်ကို ဝင်ရောက်ထိန်းသိမ်းနိုင်စွမ်းမရှိသဖြင့် ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ကုန်ဈေးနှုန်းများမြင့်တက်ပြီး ပြည်သူအများစု ကုန်ဈေးနှုန်းတက်သည့်ဒဏ်ကို ခါးစည်းခံရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်အများစုက တညီတညွတ်တည်းပြောဆိုကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com