All News interview

“တရားမဝင် ခိုးဝင် ပေါက်တွေကနေ ဝင်နေတဲ့အရာအားလုံးက အခုအချိန်မှာ ကျမတို့ နိုင်ငံ အနေနဲ့ပိတ်သိမ်းဖို့ တော်တော်ခက်တယ်”

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေး ကော်မတီက ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့်တွေ့ဆုံခြင်း

By ဝင့်ထည်လင်း (ရန်ကုန်ခေသစ်)

NLD အစိုးရသစ်လက်ထက်တွင် စက်ရုံများ ပိတ်သိမ်းနေပြီး အထူးသဖြင့် စီးပွား ရေး နှေးကွေးမှုကြောင့် ရန်ကုန်တိုင်းအတွင်း လုပ်သား အများအပြား ခန့်ထား နိုင်သော စက်ရုံများပါ ပိတ်သိမ်းသည့်အခြေအနေသို့ ဆိုက် ရောက်နေသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းကို ရန်ကုန်ခေတ်သစ် သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်တိုင်းထဲက ပိတ်သိမ်းသွားတဲ့ စက်ရုံ ၁၄ ရုံနဲ့ပတ်သက်ပြီး ဇုန်ဥက္ကဋ္ဌနဲ့ ပိတ်သိမ်းသွားတဲ့လုပ်စက်ရုံလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတော့ ဘယ်လိုအချက်တွေကြောင့် ဒီစက်ရုံတွေပိတ်သွားတာလဲ။

ဖြေ။ ။ လှိုင်သာယာတစ်ခုထဲမှာပဲရှိတဲ့ စက်ရုံ ၁၄ ခုရဲ့အခြေအနေနဲ့ ပတ်သက်ပြီး တော့ပိတ်သိမ်းတော့မယ်ဆိုတဲ့ စက်ရုံ တွေရှိတယ်၊ ပိတ်သိမ်းသွားပြီ ဆိုတဲ့စက်ရုံ တွေရှိပါတယ်ဆိုတဲ့ကိစ္စကို ဇုန်ဥက္ကဋ္ဌကြီးက အကြောင်းကြားလာ တာရှိပါတယ်။ ဒါကြောင့်လည်း ဒီဟာတွေအပေါ်မှာ ဘာကြောင့် ပိတ်သိမ်းသွား ရတာလဲ ဆိုတာကို စက်မှုဇုန်ရဲ့ ကနောင်ခန်းမမှာ ဇုန်ဥက္ကဋ္ဌကြီးနဲ့ ပိတ်သိမ်း သွားတဲ့စက်ရုံ ၁၄ ရုံထဲက ဆက်သွယ်လို့ရတဲ့ ၈ ရုံလောက်က ပိုင်ရှင် တွေနဲ့ စက်ရုံတာဝန်ခံ တွေကလာပြီးတော့ ဖြေသွားပါတယ်။ကျမတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်း၊စီးပွားရေးကော်မတီရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ စက်ရုံ တွေပိတ်သိမ်းသွားတယ်လို့ သတင်းပေးတဲ့စာရွက်လာပေးသွားတဲ့အခါမှာ ကျမတို့ ခေါင်းထဲမှာ ဘာ ဖြစ်သွားလဲဆိုတော့ ဒီစက်ရုံတွေဟာ ကျမတို့ နိုင်ငံရဲ့ SME သေး၊လတ်စီးပွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ စက်ရုံ တွေပဲဖြစ်တယ်။ ဒီစက်ရုံတွေ ဘာကြောင့်ပိတ်သိမ်းသွားရတာလဲဆိုတာကို ကျမတို့ သိဖို့လိုတယ်။

ဘာကြောင့်ပိတ်သိမ်းသွားရတာလဲဆိုတာကိုသိရမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အနေနဲ့ သူတို့အပေါ်မှာ ဘယ်လို အကူအညီပံ့ပိုးပေးရမလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒါမှ မဟုတ်ဘူး ဆိုရင် စက်ရုံကတော့ ၁၄ ရုံလောက်ပါပဲ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လှိုင်သာယာ စက်မှုဇုန်တစ်ခုထဲတင် ပဲ စက်ရုံပေါင်း(၇၀၀)ကျော်ရှိပါတယ်။ ဒီ (၇၀၀) ကျော်ထဲမှာ (၁၄) လောက်ပိတ်လိုက်တယ်ဆိုတာ ဘာမှမထူးဘူး လို့တွေးလို့လည်းရပါတယ်။ စီးပွားရေးတစ်ခုကိုကြည့်မယ်ဆိုရင် အစိုးရ ဘက် က နေကြည့်မယ်ဆိုရင် ရန်ကုန် တိုင်း တစ်တိုင်းလုံးမှာ (၄၅) မြို့နယ်ရှိပါတယ်။

ဒီ ၄၅ မြို့နယ်ထဲက ရန်ကုန်မြို့အတွင်းမှာပဲ စက်မှုဇုန်ပေါင်း သီလဝါအပါဝင် ၂၉ ဇုန်ရှိပါတယ်။ ဒီ ၂၉ ဇုန်မှာ စက်ရုံ ပေါင်း အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာတော့ အတိအကျ မသိပါဘူး။ ထောင်နဲ့သောင်းနဲ့ ချီပြီး ရှိတယ် ဆိုတဲ့အထဲမှာ ၁၄ ရုံလောက်ပိတ်သွားတာ စီးပွားရေးကျသွားမလား ၊ကျမသွား ပါဘူး။

ဒါက အစိုးရ တရပ်အနေနဲ့ အပေါ်ကနေကြည့်တဲ့ macro စီးပွားရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင် ထောင်နဲ့သောင်းနဲ့ရှိတဲ့အထဲမှာ ၁၄ ရုံလောက် ပိတ်သွားတာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့စီးပွားရေးကို ဘာမှစိုးရိမ်စရာမရှိဘူး။ ကျဆင်းသွားမယ်ဆိုတာလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ဘဏ္ဍာရေး၊စီမံကိန်း၊စီးပွားရေး ကော်မတီ တရပ် အနေနဲ့ ဒီ ၁၄ ရုံကို ဘာ ကြောင့်သေသေချာချာ သွားရောက်စစ်ဆေးသလဲဆိုတော့ ကျမတို့က micro-management လုပ်တာပါ၊ micro-economy ကို အလေးထားတယ်။ ဒီ micro-managemen တစ်ရုံ ချင်း၊တစ်ဦးချင်းစီရဲ့စီးပွားရေးတွေကို အလေးထားတယ်။ စိတ်ဝင်စားတယ်။ micro ကိုမှ နိုင်နိုင်နင်းနင်း မအောင်မြင်ဘူးဆိုရင် macro မှာ အောင်မြင်ဖို့ အခြေအနေမရှိဘူး။ micro တွေ တစ်ခုခြင်းလဲသွားရင် macro မအောင်မြင်နိုင်ဘူး ။ ဒါကြောင့်မို့ macro-economy ကိုကြည့်တာကရန်ကုန်တိုင်းဒေသကြီးကြည့်တာက macro-economy management ဖြစ်တယ်။ ကျမတို့ တိုင်းလွှတ် တော် ကော်မတီတစ်ရပ်အနေနဲ့ ကြည့်တာ က micro management ကိုကြည့်တယ်။ ဒါကြောင့်မို့ ၁၄ ရုံကိစ္စကို ကျမတို့ လွှတ်တော် ကော်မတီအနေနဲ့တော့ Sensitve ဖြစ်တယ်။ ဒီအတွက်ကြောင့် ကျမတို့ အ နေနဲ့ သွားပြီးတော့ ၁၄ ရုံမှာ ဆက်သွယ်လို့ရသမျှ လုပ်ငန်းရှင်တွေကိုဆက်သွယ်တယ်။ ဇုန်ဥက္ကဋ္ဌတွေကနေ တဆင့်ခေါ်ပေးတယ်။ ကျမတို့ကနောင်ခန်းမမှာတွေ့တယ်။

မေး။ ။ လုပ်ငန်းရှင်တွေဘက်က ဘာကြောင့်ပိတ်တယ်ပြောလဲ။

ဖြေ။ ။ တွေ့ရတဲ့အခါမှာ အဖြေတွေရခဲ့ပါတယ်။ တချို့တွေကလည်း ဆက်သွယ်လို့လုံးဝမရတော့ဘူး။ အဲဒီနေရာမှာ စက်ရုံလည်း လုံးဝမရှိတော့ဘူး။ အားလုံးပြောင်းရွှေ့သွားပြီးတော့ ဘယ်နေရာရောက်သွားမှန်းမသိတော့ ကျမတို့ ဆက်သွယ်လို့မရတဲ့စက်ရုံတွေလည်းရှိပါတယ်။ဒါပေမယ့်ဆက်သွယ်လို့ရတဲ့သူတွေထဲကနေပြီးတော့ ပထမဆုံး ပုလဲအထည်ချုပ်စက်ရုံကို ဆက်သွယ်လို့ရတယ်။ သူတို့စက်ရုံက လာဖြေသွားတာက အခုအချိန်မှာ သူတို့မှာ အလုပ်သမားက ၆၉၀ ရှိပါတယ်။ သူတို့က အမည်(၂) ခုနဲ့လုပ်ထားတယ်။ ပုလဲအထည်ချုပ် စက်ရုံရယ်။ Myanmar Aprial စက်ရုံ နာမည်တွေနဲ့ MIC မှာ တင်ထား တာဖြစ်တဲ့အတွက် အခုအချိန်မှာ ပုလဲအထည်ချုပ် စက်ရုံကို မသုံးတော့ဘဲနဲ့ Myanmar Aprial စက်ရုံနဲ့ပဲဆက်လက်ရပ်တည်နေပါတယ်လို့ ပြောပြသွားပါတယ်။ နောက်တစ်ခုကတော့ ဝါးဟားဟား ရေခဲမုန့်စက်ရုံပါ။ ဒီစက်ရုံကို ၂၀၁၈ ဇွန်လ ၂၅ ရက်နေ့က လုံးဝပိတ်သိမ်း သွား တယ်လို့ သိခဲ့ရပါတယ်။ နောက်တခုကတော့ အလုပ်သမား ၁၀၁ ယောက်ရှိတဲ့ မီးကျောင်းပီနံအိပ်စက်ရုံပါ။ ၂၀၁၈ မေလ ၃ ရက်နေ့က ပိတ်သိမ်းခဲ့တယ် လို့ပြောပါတယ်။ပိတ်သိမ်းသွားရတဲ့အကြောင်းကို သူတို့ပြောပြချက်အရတော့ တရုတ်ကနေ ဝင်လာတဲ့ ဈေးပေါတဲ့ကွာလတီညံ့တဲ့ အိတ်တွေကို မယှဉ်ပြိုင်နိုင်လို့ ပိတ်သိမ်းလိုက်ရတာလို့ပြောပါတယ်။

နောက်တစ်ခုကတော့ ၂၀၁၈ ဇွန်လ ၂၉ ရက်နေ့က ပိတ်လိုက်တဲ့ မြို့မ ဆင်ဖြူတော် ပဲသန့်စင် စက်ရုံပါ။ ငှားပြီး လုပ်တာဖြစ်သလိုရှိတဲ့စက် တွေကိုလည်းအကုန်လုံးရောင်းစားလိုက်ပြီလို့ပြောပါတယ်။
နောက်တခုကတော့ United Knitting Myanmar (UK) ခြေအိတ်စက်ရုံပါ။ အဲဒီစက်ရုံက HR မန်နေဂျာ ဒေါ်ခင် ခင်အေးတက်ရောက်လာပြီး ပိတ်ရတဲ့အကြောင်းကို ရှင်းပြပါတယ်။ မီးခဏခဏပျက်တဲ့အတွက် ခြေအိတ်တွေ ကောင်းကောင်းထုတ်လို့မရသလိုပျက်စီးမှုတွေလည်းအရမ်းများတဲ့အတွက်ကြောင့်လို့ပြောပါတယ်။ မီးစက်ရှိပေ မယ့် မီးပျက်တဲ့အချိန်နဲ့ မီးစက်နိုးတဲ့အချိန်မှာ ပျက်သွားတဲ့ အရေအတွက်တွေက များတဲ့အတွက်တွေကများ လွန်းပေမယ့် အခုအချိန်အထိတော့ ကြိုးစားပြီး အလုပ်သမား ၃၆၁ ယောက်ရှိတဲ့ စက်ရုံကို ထိန်း သိမ်းထား နိုင် ပါသေးတယ်တဲ့၊ ဒီဇင်ဘာလအထိစက်ရုံလုပ်ငန်းလိုင်စင်သက်တမ်းရှိသေးတာကြောင့် ဒီကြားထဲမှာ ပိတ်သိမ်း ဖြစ်မယ်ဆိုရင် ကော်မတီကို အကြောင်းကြား မယ်လို့ပြောပါတယ်။

နောက်တခုကတော့ ရေခဲတောင် အအေးခန်းစက်ရုံပါ၊ အပ်ထည် မရရှိတော့တဲ့အတွက် မရပ်တည်နိုင်တော့ တာကြောင့် ၂၀၁၈ ဇွန် ၄ ရက်နေ့ကပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ မြေပိုင်ရှင်ကပြောပြလို့ သိခဲ့ရပါတယ်။

နောက်တခုကတော့ မြတ်ပန်းမွှေး သနပ်ခါးစက်ရုံဖြစ်ပါတယ်။ ၂၀၁၈ ဇွန် ၄ ရက်နေ့ကပဲ ပိတ်သိမ်းခဲ့ရတာဖြစ် တယ်လို့ပြောပါတယ်။ နောက်တခုကလည်း ၂၀၁၈ ဇွန် ၄ ရက်နေ့မှာပဲ အလုပ်သမား ၃၆၀ရှိတဲ့ Success Time ဖိနပ်စက်ရုံ၊ အလုပ်သမား ၃၈၀ ရှိတဲ့ Cham Zon အထည်ချုပ်စက်ရုအလုပ်သမား၁၈၅ ယောက်ရှိတဲ့ A 21 ဆပ်ပြာထုတ်ခဲ့တဲ့ Buauty Place လူသုံးကုန်စက်ရုံ၊ အလုပ်သမား ၅၆ ယောက်ရှိတဲ့TMP ငါးဖမ်းပိုက် စက်ရုံကိုပိတ်သိမ်းခဲ့တယ်လို့ ပြော ပါတယ်။ နောက်တခုကတော့ အလုပ်သမား ၃၅ ယောက်ရှိတဲ့ Kuwahara အထည်စစ် စက်ရုံပါ။ ဇွန်လ ၁၅ နေ့က ပိတ်သိမ်းခဲ့တာပါ။ နောက်တခုကတော့ အလုပ်သမား ၄၅၁ ယောက်ရှိတဲ့ Popular အထည်ချုပ် စက်ရုံပါ။ သူကတော့ အခုလက်ရှိတော့ မပိတ်သေးပေးမယ့် သြဂုတ်လကြမှ ပိတ်သိမ်းပြီး တခြားဇုံမှာ လုပ်ငန်းရှင်အသစ်နဲ့ ဖွင့်သွား မယ်လု့ိပြောပါတယ်။ နောက်တခုကတော့ အလုပ်သမား ၆၈၆ ယောက်ရှိတဲ့ Nort Shore Group အမည်နဲ့ အထည်ချုပ် စက်ရုံကို ဇွန် လ ၁၄ ရက်နေ့က ပိတ်သိမ်းခဲ့ပြီး အဲဒီထဲက ရှယ်ယာရှင်တစ်ဦးကနေ မင်္ဂလာဒုံဘက်မှာ ပိုင်ရှင် အသစ်၊ စက်ရုံ အ မည်အသစ်နဲ့ဖွင့်သွားမယ်လို့ပြောပါတယ်။

မေး။ ။ SME သေး၊လတ်စီးပွားလုပ်ငန်းနဲ့ပတ်သက်တဲ့စက်ရုံတွေကို မြန်မာအစိုးရက ကာကွယ်ဖို့ ချေးငွေတွေ ထုတ်ပေး နေရဲ့သားနဲ့ ဘာပြုလို့ ပိတ်သိမ်းလိုက်ရတဲ့အထိ ဖြစ်သွားကြရတာလဲ။

ဖြေ။ ။ ဒီစက်ရုံတွေ အားလုံးဟာ SME သေး၊လတ်စီးပွားလုပ်ငန်း နဲ့ပတ်သက် တဲ့စက်ရုံတွေချည်းပဲဖြစ်ပါတယ်။ နိုင်ငံခြား သား ရင်းနှီးမြုပ်နှံသူ ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် မြန်မာအစိုးရက SME တွေကို ကာကွယ်စောင့် ရှောက်ဖို့ ချေးငွေးတွေ ထုတ်ချေးပေးနေတာဖြစ်တယ်။ ဒါကြောင့် ဒီအခြေအနေမှာ စဉ်းစားစရာတစ်ခုဖြစ်လာတ ယ်။ အစိုးရက SME တွေကို ကာကွယ်စောင့်ရှောက်ဖို့ ချေးငွေးတွေ ထုတ်ချေးပေးနေတာတစ်ခုတည်းနဲ့ ရပ် တည်နိုင်မလားဆိုတာပါ။ နယ်စပ်ဒေသက တရားမဝင် ဝင်လာတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ကန့်သတ်ထိန်းချုပ်မူ ဝါ ဒတွေနဲ့ မှန် မှန်ကန်ကန် သေသေချာချာ မဆောင်ရွက်နိုင်သ၍ SME သေး၊လတ်စီးပွားလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲတယ် ဆိုတဲ့ အဖြေကိုတွေ့လာရပါတယ်။

စက်ရုံလုပ်ငန်းရှင်တွေနဲ့ဘာကြောင့်တွေ့ရတာလဲဆိုတော့ အထူးသဖြင့် မြန်မာလူမျိုးလုပ်ငန်းရှင်တွေပေါ့၊ လုပ် ငန်းတစ်ခုထူထောင်ဖို့ဆိုတာ ကျမကိုယ်တိုင်လည်းလုပ်ငန်းရှင်တစ်ယောက်ဖြစ်တော့ ဘယ်လောက်ခက်ခဲ တယ် ဆိုတာသိတယ်။ ကျမတို့နိုင်ငံမှာ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ အရမ်းခက်ခဲလွန်းပါတယ်။ လုပ်ငန်းရှင် တစ် ယောက်ဖြစ်ပြီးရင် ဖျက်ရတာအရမ်းလွယ်ကူတယ်၊ လွယ်လွယ်ကူကူနဲ့ပျက်သွားရလောက်အောင် လွန်ခဲ့တဲ့ နှစ် ပေါင်း ၂၀ လောက်က စပြီးရပ်တည်လာတယ်၊ ဘာကြောင့် အခုချိန်ကြမှ လုပ်ငန်းတွေကိုရပ်ပစ်လိုက်ရတယ်ဆို တာ အဖြေရှိဖို့လို အပ်ပါတယ်။ အဲဒီလိုအဖြေကိုသေသေချာချာသိရမှပဲ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာတွေကို ပံ့ပိုးကူညီပေးလို့ရမှာလဲဆိုတဲ့အဖြေကို ရှာလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လိုမြေပြင်က စက်ရုံတွေဆီကို ကွင်း ဆင်းပြီးသွားရောက်လေ့လာကြည့်ရှုရတာဖြစ်ပါတယ်။

မေး။ ။ အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်ဆိုတဲ့လုပ်ခလစာကနေ ၄၈၀၀ တိုးပေးဖို့သတ်မှတ်ချက်တွေကြောင့် စက်ရုံတွေကပိတ်သွားရတာရော ရှိလား။

ဖြေ။ ။ လုပ်ခလစာ ၄၈၀၀ ကြောင့်လည်း မဟုတ်ပါဘူး။ အလုပ်သမားတွေ လှိုင်သာယာ မှာ ဆန္ဒပြနေတာ တွေနဲ့ လည်း လုံးဝမဆိုင်ဘူး။ လုပ်ခလစာ ၄၈၀၀ ကြောင့်တော့ လုပ်ငန်းရှင်ကြီးတွေအတွက် အများကြီးဖိအား သက် ရောက်မှုမရှိဘူးလို့ထင်ပါတယ်။ လုပ်ငန်းသေးသေးလေးတွေအတွက်တော့ မဟုတ်ဘူးပေါ့၊ ဘာဖြစ်လို့လည်းဆို တော့ အထည်ချုပ်လုပ်ငန်း အခုအချိန်မှာ နိုင်ငံခြားငွေဈေးတက်နေတယ်ဆိုတော့ သူ့အနေနဲ့ ပိုလို့တောင်ကိုက် သေးတယ်။ ဒါကြောင့် သူပေးနိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျမတို့လို ပြည်တွင်းလုပ်ငန်း သေး သေးလေး တွေသွားထိတယ်။ ဒါမျိုးလည်းရှိပါတယ်။ ဒါပေမယ့် အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ဆိုတာကြောင့်တော့ လုပ်ငန်းရှင် တွေအတွက် စက်ရုံပိတ် သိမ်းရလောက်အောင်အထိတော့ ဖြစ်မယ်မထင်ပါဘူး။ ပေးနိုင်မယ့် အခြေအနေမှာရှိပါတယ်။ အခုပိတ်သိမ်းလိုက်တဲ့ စက်ရုံ ၁၄ ရုံက လုပ်ခလစာ ၄၈၀၀ တိုးပေး လိုက်ရတာ ကြောင့်လည်းမဟုတ်ဘူး။ ဒါ ပေ မယ့် နောက် တစ်ခုဖြစ်တဲ့မြေဈေး တွေနဲ့ ငှားရမ်းခတွေ ဈေးကြီးတာကြောင့် မဟုတ်ဘူးလို့တော့ ကျမမပြောနိုင် ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ နေရာ ရွှေ့သွားရတယ်။ အဓိကကတော့ သူတို့တွေ အများကြီး ထော က်ပြတာက ဘာလဲဆိုတော့ လှိုင်သာယာမှာ သူတို့တွေဆက်မလုပ်ချင်တော့ဘူးလို့ လုပ်ငန်းရှင်တွေကပြောတယ်။လှိုင်သာယာမှာမီးအရမ်းအခြေအနေဆိုးတယ်။ကျူးကျော်ကိစ္စအရမ်းကြောက်ရတယ်။

မေး။ ။ ပိတ်သိမ်းတယ်ဆိုတဲ့ စက်ရုံ ၁၄ ခုထဲမှာ အခုမပိတ်သေးဘဲ ဖွင့်နေ တာ ဘာကြောင့်လဲ။

ဖြေ။ ။ ဘာဖြစ်လို့လည်း ဆိုတော့ အခုဖွင့်နေသေးတဲ့ခြေအိတ်စက်ရုံက ဘာတွေ တောင်းဆိုလည်းဆိုတော့ သူတို့ စက်ရုံ ထဲမှာ ရေတွေတအားဝင်တယ်။ မြောင်းတွေကို ဖောက်ပေးဖို့ စည်ပင်ကိုအကြောင်းကြားတယ်။ သူတို့ စက် ရုံရဲ့ရှေ့မှာ ကျူးကျော်တွေရှိနေတဲ့အတွက်ကြောင့် စည်ပင်က လုံးဝလုပ် မပေးနိုင်ဘူးဆိုတာသိရတယ်။ ဒီ အခြေ အနေမှာ သူကရပ်တည်နိုင် အောင် ကြိုးစားမယ်လို့ ကျမတို့ကိုပြောပေမယ့် ကြည့်ရသလောက်တော့ သူ ဆက် ပြီး ရပ်တည်နိုင်ဖို့မလွယ်ဘူး။ ဘာပြုလို့လည်းဆိုတော့ ဒီနေရာမှာ လမ်းခင်းဖို့ ဇုန်ဥက္ကဋ္ဌတင်ပြတာက စက် မှုဇုန် အတွင်းမှာ လမ်းတွေအရမ်း ပျက်နေတယ်။ ဒီလမ်းတွေအတွက် ခင်းဖို့ငွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ မဟုတ် ဘူး။ ဇုန်ကတာဝန်ယူပြီးပြင်ဆင်ပေးရတာဖြစ်တဲ့အတွက် စက်ရုံတစ်ခု သိန်း ၄၀ လောက်ထည့်ရတယ်။ ခြေအိတ်စက်ရုံ က လုံးဝမထည့်နိုင် တော့တဲ့အခြေ အနေမှာရှိနေတယ်။ ဒါကြောင့် ငွေလာကောက်တဲ့အချိန်မှာ သူတို့စက်ရုံ ပိတ် သိမ်းတော့မယ်လို့ပြောခဲ့လိုက်ရတာတွေ့ရတယ်။ အခု ဒီစက်ရုံဟာ မပိတ်သေး ပေမယ့် ပိတ်သိမ်း မယ့်စာရင်း ထဲ မှာပါသွား ရတာဖြစ်တယ်။

မေး။ တခြားပိတ်သိမ်းသွားရတဲ့အကြောင်းတွေကောရှိသေးလား။ ဥပမာ ဈေးကွက် မယှဉ်ပြိုင်နိုင်တာမျိုးပေါ့။

ဖြေ။ ။ ဒီစက်ရုံ ၁၄ ခုလုံးသည် အနည်းဆုံး လုပ်ခလစာ ကျပ်ငွေ ၄၈၀၀ ကြောင့် ပိတ်သိမ်း တာလည်းမဟုတ်ဘူး။ ဒါပေမယ့် နယ်စပ်ဒေသက ယှဉ်ပြိုင်မှု တွေ၊နှိုင်း ယှဉ်မှု တွေကို မပြိုင်ဆိုင်နိုင်တော့တာလည်းပါတယ်။ လုပ်ငန်း စီးပွား ကျနေကြ တာဖြစ်တဲ့အတွက် သူတို့ရဲ့ ထွက်ကုန်၊ပြည်တွင်းထုတ်ပစ္စည်း ဆိုမရောင်း ရတော့ဘူး။ ဒါကြောင့် သူတို့ကို လာရောက်အပ်နှံတဲ့သူတွေ မရှိတော့ဘူး။ ကုန် ပစ္စည်းတွေရဲ့အရည်အသွေးတွေ အရမ်းညံ့လာတဲ့ အကြောင်း ရင်းတွေ လည်းပါလာတော့ သူများကို မယှဉ်ပြိုင် နိုင်တော့ဘူး။ ဒါကြောင့် သူတို့တွေ ပိတ်သိမ်းသွားရတဲ့ အကြောင်းတွေကိုတွေ့ခဲ့ရတယ်။ ဒီအဖြေ တွေဟာ အခု စက်ရုံ၁၄ရုံကပေးလိုက်တဲ့အဖြေတွေပါ။ တိကျရေရာတဲ့ အဖြေတော့ မဟုတ် သေးပါဘူး။ တကယ်တမ်း ဘာကို ကြည့်ပြီးစစ်ရမလဲဆိုတော့ စက်ရုံပိတ်သိမ်း သွားတာမျိုးမဟုတ်ဘဲ၊ လှိုင်သာယာ စက်မှုဇုန် ကနေ မင်္ဂလာဒုံ ဘက် ကိုပြောင်းပြီးဖွင့်သွားမယ့် Nort Shore Group အထည်ချုပ်စက်ရုံ ကိုကြည့်ပါ။ ဘာပြုလို့ ရွှေ့ပြီး ပြောင်းဖွင့်ရ တာလဲ။ ဒါပြောစရာရှိလာတယ်။ ဒါသည် အနည်းဆုံးလုပ်ခလစာ ငွေကျပ် ၄၈၀၀ နဲ့လည်း လုံးဝမဆိုင်ဘူး၊ အလုပ်သမား ဆန္ဒပြမှုနဲ့လည်း မဆိုင် ဘူး။ မင်္ဂလာဒုံဘက်မှာ မီးမှန်ကောင်းမှန်မယ်၊ သွားရေးလာရေး လွယ်ကူတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဂိုဒေါင် ဈေး ၊စက်ရုံငှားရမ်းခ သက်သာတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါကြောင့် ရွှေ့သွားရတာလည်း ဖြစ် ကောင်းဖြစ် မယ်။

မေ။ ။အခုပိတ်သိမ်းသွား စက်ရုံ ၁၄ ခုရဲ့ဇုန်နေရာ လှိုုင်သာယာနဲ့ ပတ်သက်ပြီးတော့ ဇုန်ကတာဝန်ရှိသူတွေက ဘယ်လို သုံးသပ်ရှုမြင်တာသိခဲ့ရသေးလဲ။

ဖြေ။ ။ သေချာတာကတော့ ဇုန်ဥက္ကဋ္ဌတွေပြောတာကတော့ လှိုင်သာယာ စက်မှုဇုန်ကိုလာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ အရေး စိတ်ဝင်စားမှု တော်တော်လေးကို လျော့နည်းသွားတော့တယ်တဲ့။ ဘာပြုလို့လဲဆိုတော့ လှိုင်သာယာစက် မှုဇုန်ကိုလာပြီးတော့ ဘဏ်မှာငွေချေးမယ်၊ ဇုန်မှာဖွင့်မယ်ဆိုလို့ရှိရင် အရင်ဆုံးလာကြည့်တယ်၊ အဲဒီမှာ စက်ရုံနား ကျူးကျော်တွေကို တွေ့ပြီဆိုတာနဲ့ စက်ရုံမှာ မီးအာမခံထားပြီဆိုတာနဲ့ ၂ ဆ မြှင့်တက်သွားတယ်တဲ့။ အဲဒီလို အာ မခံကြေးဟာ ၂ ဆက်မြှင့််တက်သွားတာဖြစ်တဲ့အတွက် သူတို့ဒီနေရာမှာ စက်ရုံလာဖွင့်ဖို့လုံးဝ ဆန္ဒမရှိတော့ဘူး တဲ့။ အဲဒီမှာ ကျူးကျော်ပြဿနာဟာ အဓိကကဖြစ်နေတယ်ဆိုတာ သွားတွေ့ရတယ်။

မေး။ ။ လှိုင်သာယာမှာ ပိတ်သိမ်းသွားတဲ့စက်မှုဇုန် တွေကို သွားရောက် ကြည့် သလို မျိုး တခြားဇုန်ကစက်ရုံတွေကို ကော လေ့လာကြည့်ဖို့ အစီစဉ်ရှိလား။

ဖြေ။ ။ အခုလို လှိုင်သာယာက စက်ရုံတွေကို ကြည့်တယ်ကြားတော့ တခြားဇုန်က ဥက္ကဋ္ဌတွေကလည်း သူ တို့ဆီ ကိုလည်း လာရောက် ကြည့်ပါ၊စစ်ပေးပါပြောလာတာရှိပါတယ်။ ကျမတို့ဟာ လွှတ်တော်ကဆိုတော့ လွှတ်တော် ဥက္ကဋ္ဌဆီကခွင့်ပြုချက်တောင်းပြီး တက်နိုင်သလော စက်မှုဇုန် အကြီးကြီးတွေဖြစ်တဲ့ မင်္ဂလာဒုံမှာဆို စက်မှုဇုန် ၂ ခုရှိမယ်၊ လှိုင်သာယာ ဆိုလို့ရှိရင် ရွှေလင်ပန်းရှိမယ်၊ ရွှေပြည်သာရှိမယ်။ ဒီလိုစက်မှုဇုန်တွေကိုတော့ သေသေ ချာချာလေးကို လွှတ်တော်မစခင်မှာ သွားကြည့်ဖို့ရှိပါတယ်။

မေး။ ။နယ်စပ်တရားမဝင်ပေါက်တွေကသွင်းလာတဲ့ ပ စ္စည်းကြောင့် လုပ်ငန်းရှင်တွေ ဘယ်လိုအခက်အခဲရှိနေလဲ။

ဖြေ။ ။ ဖြေရှင်းဖို့ တော်တော်ကို ခက်ပါတယ်။ ကျမတို့ကော်မတီက မြဝတီနယ်စပ်ကိုလည်း သွားပြီးလေ့လာ တယ်၊ ဘယ်လိုပုံစံနဲ့ ကုန်ပစ္စည်းတွေဝင်သလဲ၊ နောက်ပြီး တရုတ် နယ်စပ်ကိုလည်း သွားပြီးလေ့လာတယ်။ ကျယ် ဂေါင် တဘက်ကမ်းအထိလည်း လေ့လာခဲ့တယ်။ အဲဒီမှာ နယ်စပ်ကို ပိတ်ဖို့တော်တော်ကို ခက်တာတွေ့ ခဲ့ရပါ တ ယ်။ ခိုးဝင်ပေါက်က တော်တော်ကိုများတာ။ သူများတွေနိုင်ငံမှာ ခိုးဝင်ပေါက်ကတစ်ခုလောက်ပဲရှိပေမယ့် ကျမ တို့ ဘက်မှာက တရားမဝင်ခိုးဝင်ပေါက်တွေက အများကြီးရှိနေတာ ဖြစ်တဲ့အတွက် နောက်ပြီးတော့ အဲဒီ ဘက်က တချို့နေရာတွေမှာ လက်နက်ကိုင်တွေက ရှိနေတဲ့အတွက် ဒါကြောင့် ဒါတွေဟာ ငြိမ်းချမ်းရေး တွေရပြီး တော့မှသာ တရားမဝင်ခိုးဝင်ပေါက် တွေကိုပိတ်လို့ရမယ်လို့ ကျမအနေနဲ့ထင်ပါတယ်။ တရားမဝင် ခိုးဝင် ပေါက်တွေကနေ ဝင်နေတဲ့အရာအားလုံးက အခုအချိန်မှာ ကျမတို့ နိုင်ငံ အနေနဲ့ပိတ်သိမ်းဖို့ တော်တော်ခက် တ ယ်။ ဒါ ကြောင့်မို့လို့ လုပ်ငန်းသေးသေးလေးတွေက ပြိုလဲသွားနိုင်တယ်လို့ ပြောတာ။

မေး။ ။ စက်ရုံ ၁၄ ရုံပိတ်သိမ်းတာနဲ့ပတ်သက်ပြီး ရရှိလာတဲ့ အဖြေအချက်အလက်တွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီအနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျမတို့က လွှတ်တော်ကဖြစ်တဲ့အတွက် ရရှိလာတဲ့အချက်တွေကို မေးခွန်းပုံစံပဲဖြစ်ဖြစ်၊ အဆိုပုံစံပဲဖြစ်ဖြစ် ဒီလိုပုံစံတွေ တွေ့နေရတယ် ဆိုတာ ကိုလွှတ်တော်မှာဆွေးနွေးနိုင်အောင်ကြိုးစားမယ်။နောက်တစ်ခုကတော့ တိုင်းဒေသကြီးအစိုးရဘက်ကို အစီရင်ခံစာ တင်ပြမယ်။ ဒီကိစ္စတွေ ဟာ တိုင်းဒေသကြီးအစိုးရဆိုတဲ့ဝန်ကြီးတစ်ယောက်က ဒါတွေကိုလိုက်စစ်ဖို့ သူ့အတွက်မလွယ်ကူပါဘူး။ ကျမတို့လွှတ်တော်ကော်မတီတွေကြတော့ လွှတ်တော်နား ထားတဲ့အချိန်မှာ ဒီလိုလုပ်ငန်းတွေကိုလေ့လာပြီး အစိုးရကို တပိုင်တနိုင်ကူညီပေးတာဖြစ်တယ်။ ဒါကြောင့် ကော် မတီက သေသေ ချာချာစစ်ဆေးတယ်။ အဲဒီစစ်ဆေးရရှိထားတဲ့ အစီရင်ခံစာကိုသေချာစစ်ဆေး လိုက်ရင် ဝန်ကြီး ဟာ မြေပြင်ကိုဆင်းပြီးစစ်ဆေးစရာမလိုတော့ဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts