Features

တင်းမာမှုတွေ၊ အားမရမှုတွေ၊ လမ်းပျောက်မှုတွေနဲ့ အဆုံးသတ်သွားတဲ့ ၂၁ ရာစုပင်လုံ

By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

၁နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက် Union Accord ၁၄ ချက်နဲ့အတူ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ၆ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီညီလာခံမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တက်ရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နဲ့ပါ တွေ့ဆုံခွင့်ရရှိသွားပါတယ်။ ညီလာခံတစ်ခုလုံးကို ခြုံငုံကြည့်ရင် ၂၁ ရာစုပင်လုံညီလာခံက အောင်မြင်ရှိပါရဲ့လား။ ၁ နှစ်ကျေ်ကြာ မကျင်းပနိုင်ခဲ့တဲ့ ဒီ ၂၁ ရာစုပင်လုံညီလာခံမှာ ဘယ်လို သဘောတူညီချက်တွေ ထူးထူးခြားခြား ရရှိလိုက်ပါသလဲ။

ဖက်ဒရယ်နဲ့ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ နိုင်ငံရေးသဘောတူညီချက်မရ

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မှာ ပြည်ထောင်စု သဘောတူညီချက် ၁၄ ချက်ရရှိခဲ့ပြီး အဲဒီ ၁၄ ချက်မှာ စီးပွားရေးသဘောတူညီချက် ၁ ချက်၊ လူမှုရေး သဘောတူညီချက် ၇ ချက်၊ မြေယာမူဝါဒ ၂ ချက်နဲ့ နိုင်ငံရေး သဘောတူညီချက် ၄ ချက် ရှိပါတယ်။

နိုင်ငံရေးသဘောတူညီချက် ၄ ချက်ဆိုရာမှာလည်း တိုင်းရင်းသားတွေအတွက် လိုလားတဲ့ ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းဖို့ အထောက်အကူပြုမယ့် မူဝါဒတွေ မပါဝင်ဘဲ မည်ကာမတ သဘောတူညီချက်တွေ ဖြစ်နေတာပါ။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မှာ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်းနဲ့ ဒီမိုကရေစီအခွင့်အရေးအခြေခံ လူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာတန်းတူညီမျှ ဆိုတဲ့ ခေါင်းစဉ် နှစ်ခုကို ဆွေးနွေးဖို့ ညှိနှိုင်းခဲ့ပေမယ့်လည်း အဖြေမရတဲ့အတွက် ကျား/မဆိုင်ရာ တန်းတူညီမျှမှု တစ်ခုတည်းကိုသာ ဆွေးနွေးရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စုသဘောတူညီချက်အဖြစ်ရရှိခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ၄ ချက်ကလည်း ကျား/မဆိုင်ရာ တန်းတူညီမျှရေးဆိုတာကိုသာ အဓိက အခြေခံထားတာဖြစ်ပါတယ်။

နိုင်ငံရေးသဘောတူညီချက် ၄ ရပ်ကတော့

၁- ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ မည်သည့် နိုင်ငံသားကိုမဆို ကျား/မ ဆိုင်ရာ လိင်ကွဲပြားမှုများကို အခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေရေးနဲ့တန်းတူညီမ ျှရေးတို့အတွက် မူဝါဒ ချမှတ်ရမယ်။

၂-ကဏ္ဍအသီးသီးမှာ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန်

၃- ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်တဲ့ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်ရန်

၄-ကျား/မ တန်းတူညီမ ျှတို့ကို အထောက်အကူပြုစေရန် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြျင့်တင်ပေးရန် ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေမှာ ပြည်ထောင်စုဆိုတဲ့ စကားရပ် အစား တပ်မတော်က ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီး ထည့်သွင်းဖို့ တင်ပြခဲ့ပါတယ်။ စကားရပ်ပေါ်မှာတင် ဆွေးနွေး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ နောက်ဆုံးမှာမှ သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက် ၄ ရပ်ဟာ အဓိကအားဖြင့်တော့ တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေး ၊ ခွဲထွက်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စုတပ်မတော် ဆိုတဲ့ လိုလားချက်တွေအတွက် အာမခံနိုင်တဲ့ သဘောတူညီချက်တွေတော့မဟုတ်ပါဘူး။ တစ်နည်းအားဖြင့်တော့ ပြည်တွင်းစစ် ပြဿနာကို အဖြေရှာနိုင်တဲ့ သဘောတူညီချက်မျိုးတွေတော့ မဟုတ်ပါဘူး။

တတိယအကြိမ် ညီလာခံမှာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် တောင်းဆိုမှုတွေအတွက် အဖြေရနိုင်တဲ့ နိုင်ငံရေး သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ဆိုရမှာပါပဲ။

မြောက်ပိုင်း ၇ ဖွဲ့ NCA ထိုးဖို့ အလားအလာ မမြင်သေး

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ဟာ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အဓိက ဦးဆောင် အဖွဲ့ဖြစ်တဲ့ UWSA မှ ဦးကျောက်ကော်အန်းက စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီး အဲဒီစာတန်းမှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို ပြင်ဆင်ခွင့်ရှိဖို့၊ NCA လက်မှတ်ထိုးပြီးတဲ့အခါ ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ပိုင်ခွင့် ဆိုတာကို အလေးပေး ပြောဆိုပြီး လက်ရှိ NCA မှာ ချို့ယွင်းချက်တွေ ရှိနေတဲ့အတွက် NCA ထိုးထားပေမယ့်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာကို ထောက်ပြပါတယ်။ အစိုးရနဲ့တပ်မတော်ဘက်က NCAပြင်ဆင်လို့မရဘူးဆိုတဲ့ လမ်းစဉ်ကို ဆုပ်ကိုင်ထားရင် ငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့တိုးဖို့ မဖြစ်နိုင်ဘူးလို့ UWSAက ပြောဆိုသွားပါတယ်။

UWSAရဲ့ တင်ပြချက် သဘောထားတာဟာ တကယ်တော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တင်ပြသဘောထားလို့ပဲ ဆိုရမှာပါပဲ။ ဒီသဘောထားက အစိုးရနဲ့တပ်မတော်ရဲ့ NCA မူဝါဒလမ်းစဉ်အတိုင်းသွားမှာ ငြိမ်းချမ်းရေး ဆွေးနွေးလို့ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့်တော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့လည်း NCA ထိုးမယ့် အခြေအနေ ဖြစ်စဉ်ထဲ ပါဝင်လာဖို့က ခက်ခဲဦးမှာပါ။ ညှိနှိုင်းစရာတွေများစွာ ကျန်ရှိသေးတာမို့ NCA လက်မှတ်ထိုးမယ့် အခြေအနေ အလားအလာက လတ်တလောတော့ မတွေ့မြင်ရသေးပါဘူး။

တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ရာဇသံ

၂၁ရာစုပင်လုံညီလာခံတတိယအကြိမ် ဖွင့်ပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၅ မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပြီး ဒီမိန့်ခွန်းမှာ တပ်မတော်ရဲ့ သဘောထားကို ခပ်မာမာ ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ NCA လက်မှတ်ထိုးရမယ်၊ ခွဲမထွက်ရဘူး၊ ဒို့တာဝန်အရေး ၃ ပါးလက်ခံရမယ်၊ တပ်မတော်ဟာ အင်အားချိနဲ့နေလို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာမဟုတ်ဘူး၊ ပါတီတွေနဲ့ လက်နက်ကိုင်တွေဟာ ပြည်သူကို ကိုယ်စားမပြုဘူး၊ ဖွဲ့စည်းပုံ ပြင်ချင်ရင် ပြ
ာန်းချက်အတိုင်းပြင်ရမယ် စတဲ့ တင်းမာတဲ့သဘောထားတွေကို ထုတ်ပြပါတယ်။

တစ်နည်းအားဖြင့်တော့ အဓိပ္ဗာယ်သက်ရောက်မှုက NCA လက်မှတ် မထိုးရင် တိုက်ပွဲတွေ ဆက်ဖြစ်မယ်ဆိုတာ အတိအလင်းပြောလိုက်သလိုပါပဲ။ အခြားတစ်ဖက်မှာလည်း ၂၁ ရာစုပင်လုံညီလာခံကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ မေ ျှာ်လင့်ချက်တွေကိုလည်း ပျောက်ပြယ်သွားစေပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းဟာ ၂၁ ရာစုပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးနဲပ ဖက်ဒရယ် မေ ျှာ်လင့်ချက်တွေကိုတော့ ဖျော့တော့ မှေးမှိန်သွားစေတာတော့ အမှန်ပါပဲ။

တိုင်းရင်းသားတွေလည်း လိုလားချက်မရ

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ဖွင့်ပွဲမှာ KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖောက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ချောတိုင် တက်သလိုဖြစ်နေပြီး အောက်ကို ဆွဲမချဖို့နဲ့ ရောက်ရှိနေတဲ့ အဆင့်ကနေ မကျအောင် ကြိုးစားနေရကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စစ်ရေးနဲ့ ဖိအားမပေးဖို့ သတိပေးခဲ့ပါသေးတယ်။

၂၁ ရာစုပင်လုံညီလာခံအတွင်းမှာလည်း တိုင်းရင်းသားတွေဘက်က အားမလို အားမရမှုတွေ ရှိနေတဲ့အပြင် အမှန်တကယ်အဓိကကျတဲ့ ပြဿနာတွေကို ညီလာခံမှာ မဆွေးနွေးနိုင်တာမို့ စိတ်ပျက် လက်ပျက် ဖြစ်မှုတွေလည်း ရှိခဲ့တယ်လို့ ညီလာခံ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့က မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်နဲ့ DDR/SSR

ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံ ၃ ကြိမ် ထပ်မံကျင်ပပြီး ဖက်ဒရယ် အခြေခံမူတွေ ချမှတ်နိုင်ဖို့ မေ ျှာ်မှန်းထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ NCA သဘောတူညီချက်မှာ ပါတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးမှုတွေနဲ့အတူ DDR/SSR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းမှု ဆိုတဲ့ အခန်းကဏ္ဍ ကို ဆွေးနွေးဖို့ သွားချင်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ ခွဲထွက်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ရှိလာရင် DDR/SSR ဆိုတဲ့ လက်နက်ဖြုတ်သိမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး ဆိုတဲ့ လုံခြုံရေးကဏ္ဍကလည်း မဖြစ်မနေ ဆွေးနွေးရမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ DDR/SSR ကို မဆွေးနွေးချင်ပါဘူး။ တိုင်းရင်းသားတွေဘက်က DDR/SSR မဆွေးနွေးဘဲ နိုင်ငံရေး ကိုပဲ ဆွေးနွေးချင်ပေမယ့် တပ်မတော်ကတော့ တပြိုင်နက်တည်း သွားရမယ်ဆိုတဲ့သဘောထားရှိပါတယ်။ ဒါဟာလည်း ထွက်ပေါက်မဲ့သလိုဖြစ်နေတာမို့ ဒေါ်အောင်ဆန်းစုကြည် မေ ျှာ်မှန်းတဲ့အတိုင်း ၂၀၂၀ မတိုင်မီ ဖက်ဒရယ် မူတွေ ချမှတ်နိုင်မယ်ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ညီလာခံ ၃ ကြိမ် ၂၀၂၀ မတိုင်မီ ထပ်မံ လုပ်ဖြစ်ရင်တောင် အဖြေမထွက်တဲ့ မည်ကာမတ ညီလာခံ တွေပဲဖြစ်မှာက အသေအချာပါပဲ။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်က အောင်မြင်ရဲ့လား

၂၁ ရာစုပင်လုံညီလာခံမှာ ပြည်ထောင်စုသဘောတူညီချက် ၁၄ ချက်ရရှိတဲ့အတွက် အောင်မြင်တဲ့ ညီလာခံတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဘက်က ကြည့်ရင်တော့ အဓိက ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ သဘောတူညီချက်တွေ မရလို့ ကျရှုံးတဲ့ညီလာခံလို့ ဆိုရမှာပါ။ မည်ကာမတ ညီလာခံတစ်ခု၊ ၁ နှစ်ကျော်ကြာ ရပ်ဆိုင်းနေလို့ မဖြစ်မညှစ် လုပ်ရတဲ့ ညီလာခံတစ်ခု၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေ လုပ်ခွင့်မရဘဲ ကျင်းပရတဲ့ ညီလာခံ၊ တစ်ဖက်နဲ့ တစ်ဖက် ညှိလို့မရတဲ့ သဘောထားတွေကို ထုတ်ပြနိုင်ခဲ့တဲ့ ညီလာခံတစ်ခု အဖြစ် သမိုင်းမှတ်တမ်း ဝင်သွားခဲ့ပြီဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com