All News Business

“ကုန်ဈေးနှုန်းတက်ပြီ။ စားသုံးနေတဲ့သူတွေအားလုံး ထိခိုက်တာပေါ့”

 

By ရန်ကုန်ခေတ်သစ်

စီးပွားရေးပညာရှင်၊ ဘဏ္ဍာရေးဒုဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းနှင့်တွေ့ဆုံခြင်း

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၀၀ ကျပ်နီးပါး အထိ တန်ဖိုးမာခဲ့သဖြင့် ကျပ် ငွေတန်ဖိုးချပေးရန် တောင်းဆိုမှုများ လုပ်ဆောင်ရသည်အထိ မြန်မာငွေတန်ဖိုး မာခဲ့ဖူးသည်။ NLD အစိုးရလက်ထက်တွင်မူ အမေရိကန်တစ်ဒေါ်လာလ ျှင် မြန်မာကျပ်ငွေ ၁၄၃၀ ကျပ်ကျော်အထိ အမြင့်ဆုံးထိုးတက်သွားရာ ယင်းသို့ တန်ဖိုးတက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး စီးပွားရေးပညာရှင်လည်းဖြစ်၊ ဘဏ္ဍာရေးဒုဝန်ကြီးဟောင်း လည်းဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခု အမေရိကန်ဒေါ်လာ တန်ဖိုးက ကမ္ဘာမှာ အမြင့်ဆုးကို တက်နေတယ်။ မြန်မာမှာလည်း တက်နေတယ်။ အစိုးရအနေနဲ့က ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်ငွေ တန်ဖိုးကျနေတာ ဘာလုပ်သင့်လဲ။

ဖြေ။ ။ ဗဟိုဘဏ်က ကြေညာတယ်။ ဒေါ်လာတွေကို Float လုပ်ထားလိုက်တော့ တက်ချင်လည်း တက်မယ်၊ ကျချင်လည်း ကျမယ်ပေါ့။ ဒေါ်လာ Float လုပ်ထားတာမှ ပေါက်ဈေးနဲ့ အနီးစပ်ဆုံးတူညီတဲ့ ဈေးနှုန်းကို သူက ဗဟိုဘဏ် Reference Rate အဖြစ် ထုတ်ပေးမယ်လို့ပြောထားတော သူနဲ့ မဆိုင်ဘူးလို့ဖြစ်သွားတာပေါ့။ အမှန်ကတော့ အတက်က ရေလည်ကြမ်းသွားတာ။ ၁၃၅၀ ကနေ တက်လာတာမှာ ၁၄၀၀ နည်းနည်းလေး တန့်သလို ဖြစ်နေပြီးမှ မတန့်ဘဲ ၁၄၃၀ အထိရက်ပိုင်းထိပဲ ရှိသေးတယ်။ လူတွေက ကိုင်ထားလေ တက်လေပဲ။

မေး။ ။ အဲဒီတော့ ဒေါ်လာတန်ဖိုးတက်တဲ့အကြောင်းအရင်းတွေမှာ ကမ္ဘာ့ငွေကြေးဈေးကွက် အနေအထားပေမယ့် ဒီအထဲမှာရော ဒေါ်လာတန်ဖိုး တက်စေတဲ့ အကြောင်းအရင်းတွေ ဘာတွေ ရှိမလဲ။

ဖြေ။ ။ ဒေါ်လာဈေးတက်တာက သွင်းကုန်နဲ့ထုတ်ကုန်မမ ျှတာလည်း အဓိကအကြောင်းအရင်းပေါ့နော်။ ဒီကြားထဲမှာ ဈေးတက်လာတဲ့အတွက် Speculator တွေပေါ့နော်။ မြတ်ရင်ရောင်းမယ်ဆိုတဲ့ သူတွေကလည်း စုလာပြီပေါ့ကွာ။ သူသူငါငါလေ။ ဒေါ်လာစုတာက Liquidity ခေါ်တဲ့ ငွေဖြစ်လွယ်တာ မြန်တာကိုး။ အဲဒီတော့ ဒီပြင့်ဟာတွေ စုမယ့်အစား ဒေါ်လာစုတာပေါ့။ အဲဒါကြောင့် ပိုပိုပြီး ဖြစ်သွားတာ။

မေး။ ။ အခု တစ်ဒေါ်လာကို ၁၄၃၀ လောက်အထိ တက်လာတယ်။ ဒါကို အစိုးရ၊ ဗဟိုဘဏ်က ဝင်ထိန်းသင့်လား။ ဝင်မထိန်းရင်ကော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ အဲဒီလောက်တက်တာ သက်ရောက်မှုတွေ အများကြီးရှိတယ်။ ဘာလဲဆိုတော့ အဓိက ကုန်ဈေးနှုန်းပေါ့။ ဓာတ်ဆီဈေးတွေ တရိပ်ရိပ်တက်လာတယ်။ ကမ္ဘာဓာတ်ဆီဈေးကျနေတဲ့အချိန်မှာ မြန်မာပြည်မှာ တက်နေတာ။ နောက်ပြီး ကမ္ဘာမှာက ဒေါ်လာဈေးတက်တာက ဒေါ်လာမာတာကတော့မာတယ်လေ။ မာတဲ့နှုန်းက ၅ ဒသမ ၄ လောက်ပတ်ဝန်းကျင်ပဲရှိတာ။ တို့ဆီမှာ အဲဒီထက်မကတော့ဘူးဖြစ်နေတယ်။ တကယ် ကမ္ဘာကြောင့် ဖြစ်တယ်ဆိုရင် ၅ ဒသမ ၄ လောက်ပဲဖြစ်ရမှာ။ ဖြစ်ရင်လေ။ အခုက အဲဒီထက်မက များသွားပြီဆိုရင် တော်တော်ဆိုးတဲ့အနေအထားပေါ့။ သို့သော်လည်း ကုန်ဈေးနှုန်းတက်ပြီ။ စားသုံးနေတဲ့သူတွေအားလုံး ထိခိုက်တာပေါ့။ နောက်ပြီးတော့ ထုတ်ကုန်၊ သွင်းကုန်တွေအားလုံး ထိခိုက်ကုန်မယ်။ Export ကလည်း ဒီလောက်မရှိဘူး။ Export လုပ်လို့ရှိရင်တော့ ကိုယ်ဝင်ငွေရတဲ့အတွက်ကြောင့် ဒေါ်လာပြန်ဝင်မယ်။ အခုက Import တွေပဲ များနေတာ။ Import များတော့ သေတာပေါ့။ ဈေးနှုန်းတက်တာပေါ့။

မေး။ ။ အိမ်တစ်အိမ်မှာ ဝင်ငွေမရှိဘဲ အပြင်ကနေပဲ ဝယ်စားနေတော့ အဲဒီလို ဝယ်စားနေတာ ပိတ်မယ်ဆိုရင်ကော။ ဆိုလိုတာက Import ကို မလိုအပ်တာမဝယ်ဘဲ ပိတ်လိုက်မယ်ဆိုရင်ကော ဒေါ်လာလိုအပ်ချက် နည်းသွားပြီး ငွေလဲနှုန်း တည်ငြိမ်နိုင်လား။

ဖြေ။ ။ Import ပိတ်လို့မရဘူး။ Import ပိတ်ရင် တို့ဆီမှာ ဘာမှ ထုတ်တာမှ မရှိတာ။ အဲဒီတော့ Import ပိတ်လည်းမရဘူး။ နယ်စပ်တွေကလည်းရှိနေတယ်။ Import ပိတ်ပြန်ရင်လည်း တစ်မျိုးကြီး ဖြစ်သွားလိမ့်မယ်။ ထုံးစံလည်းမရှိဘူး။ Export ကို Drive လုပ်ဖို့ပဲရှိတယ်။

မေး။ ။ အစိုးရက အခု ဖြစ်နေတဲ့ ဒေါ်လာတန်ဖိုး ထိုးတက်နေတာ မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေတာကို ဝင်ထိန်းဖို့ မလုပ်ဘူးလား။ ပြီးတော့ ကိုယ့်ကျပ်ငွေကို ဆွဲတင်ဖို့် သူ့မှာ နိုင်ငံခြားအရန် ငွေကြေး အင်အားတောင့်တင်းလား။

ဖြေ။ ။ အဲဒါတော့ ကိုယ်လည်းမပြောတတ်တော့ဘူး။ ဒါပေမယ့် အဲဒီလောက် ထိန်းသိမ်းနိုင်တဲ့ အင်အား အရင်ကလည်း သိပ်မရှိခဲ့ပါဘူး။ အခုတော့ ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ကိုယ်လည်း မသိဘူး။ အရင်တုန်းကလည်း ဒီလောက်ကြီးတော့ မြန်မာပြည်ရဲ့ Reserve Money က ဒီလောက်မှ မရှိတာ။ ဒေါ်လာ Reserve Money ရှိမှ ဒါကို ဝင်ကစားလို့ရတာကိုး။ နည်းနည်းလေးနဲ့ ဝင်ကစားရင် ကိုယ့်ပိုက်ဆံပါ ပါသွားလိမ့်မယ်။

မေး။ ။ အဲဒီတော့ အစိုးရက ကိုယ့်ငွေတန်ဖိုးကျနေတာ ဘာလုပ်သင့်လဲ။

ဖြေ။ ။ ကိုယ်သိရသလောက်တော့ ဘာမှ မလုပ်ဘူး။ ဘာမှ လုပ်ပုံမရသေးဘူး။

မေး။ ။ ဦးသိန်းစိန်လက်ထက် ဆရာတို့ ဒုဝန်ကြီးဖြစ်တုန်းကတော့ အဲဒီလို ငွေလဲနှုန်း မတည်မငြိမ် ဖြစ်လာရင် ဘာတွေလုပ်လဲ။

ဖြေ။ ။ အရင်တုန်းကတော့ နည်းမျိုးစုံ စဉ်းစားကြတာပေါ့။ ခေါင်းချင်းတွေရိုက်၊ စဉ်းစားပြီး အစည်းအဝေးထိုင်၊ Brain Storming တွေလုပ်။ အဲလိုလုပ်ကြတာပေါ့။ အရင်တုန်းက လုပ်တဲ့နည်းက တော့ ဒေါ်လာတွေ ပြန်ပြီးတော့ဝယ်တာတွေ ဘာတွေ လုပ်တာပေါ့။ ပြန်ရောင်းပစ်တာတို့ လုပ်တာပေါ့။ အဲဒါလည်း သိပ်တော့ ကောင်းတာမဟုတ်ဘူး။ ကိုယ့်မှာ Foreign Reserve တွေ အများကြီးရှိရင်တော့ ရောင်းပေးတာ ကောင်းတာပေါ့ကွာ။ အဲလိုမရှိဘဲ ရောင်းပေးလိုက်ရင် ပြည်သူတွေက ဝယ်သွားပြီးတော့ ကြားထဲကနေ မြတ်နေတာပေါ့။ အစိုးရကတော့ ပေါက်ဈေးနဲ့ မရောင်းဘဲ လျှော့ရာင်းတာပေါ့။ လျှော့ရောင်းတာကို ဝယ်ပြီးတော့ ပေါက်ဈေးက တက်နေတော့ ဝယ်တဲ့ ကောင်က ကြားထဲက စားသွားပြန်ရော။ အဲဒါအများကြီး ဒေါ်လာ Reserve တွေရှိရင်တော့ Market ကို Float လုပ်လိုက်ရင်တော့ တစ်မျိုးပေါ့။ အဲဒီလို လုပ်ဖို့က ကိုယ့်မှာ အင်အားတွေ အများကြီး တောင့်နေရမယ်။ အင်အားအများကြီး မတောင့်ဘဲ သွားလုပ်လိုက်ရင် ကိုယ့်မှာရှိတဲ့ ပိုက်ဆံပါသွားမှာ။

မေး။ ။ အစိုးရက လက်ရှိ ဘာလုပ်သင့်လဲ။

ဖြေ။ ။ အဲဒါတော့ မပြောတတ်တော့ဘူး။ ကိုယ့်လည်း ဝိုင်းဘေနေတာ။ စေတနာရှိရင် အစိုးရနဲ့ပေါင်းလုပ်ပါလားလို့ ဝိုင်းပြောနေကြတာ။ ကုန်ဈေးနှုန်းကလည်း ထိန်းတယ်ဆိုတာက သူ့ Mechanism ကြီးက အကြီးကြီး။ ရှေးတုန်းက ထိန်းတယ်ဆိုတာလည်း သိပ်မှန်တာမဟုတ်ဘူး။ သိတယ်မလား။ ကုန်ဈေးနှုန်းကို Market Mechanism နဲ့ပဲ ထိန်းရမှာ။ ဆိုလိုတာက ကုန်ဈေးနှုန်း များလို့ရှိရင် ဒေါ်လာဈေးတက်လို့များတယ်၊ ဆီဈေးတက်လို့များတယ်။ အဲဒါတွေကို ချပေးမယ်။ အဲဒါတွေလုပ်ရမှာ။ ကုန်တွေအမြဲတမ်းထွက်အောင် အားပေးမယ်။ အဲဒီလိုပုံစံမျိုးနဲ့သွားမှ နည်းလမ်းမှန်နဲ့ ထိန်းတာ။ ရှေးခေတ်တုန်းက ထိန်းတာက လိုက်ဖမ်းတာပေါ့။ ဒါလည်း နည်းလမ်းမှန်မဟုတ်ဘူး။ နည်းလမ်းမှန်နဲ့ ထိန်းရင် ချက်ချင်းထိန်းလို့လည်းမရဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts