Local News

NLD အစိုးရ ဖွဲ့စည်းမည့် ရခိုင်အရေး စုံစမ်းရေးကော်မရှင်ကိစ္စ တပ်မတော် သဘောတူပြီ

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလအထူးကိုယ်စားလှယ်တို့ ဇွန်လ ၁၄ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံစဉ်။(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၂၁

NLD အစိုးရက ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ရခိုင်အရေး လွတ်လပ်သော စုံစမ်းရေး ကော်မရှင်နှင့်ပတ်သက်ပြီး တပ်မတော်က ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် ကော်မရှင် ဖွဲ့စည်းရေး သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ်တို့ နေပြည်တော်တွင် ဇွန်လ ၂၀ ရက်နေ့က တွေ့ဆုံစဉ်။(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

တမ္ပဒီပ အင်စတီကျု ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းသည် ဇွန်လ ၁၉  ရက်နေ့ တွင် ကုသလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgenerနှင့် တွေ့ဆုံခွင့်ရခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး Ms.Christine Schraner Burgener က တပ်မတော်က ရခိုင်စုံစမ်းရေးကော်မရှင်ကို သဘောတူညီသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း  သိရှိရသည်။

“ဒီတစ်ခေါက်တော့ ရခိုင်အရေးနဲ့ပတ်သက်လို့ မေးပါတယ်။ စုံစမ်းရေးကော်မရှင် ဖွဲ့တဲ့အခါ ကျရင် တပ်အနေနဲ့ သဘောတူပါ့မလားလို့ ကိုယ်က မေးလိုက်တယ်။ သူက ပြန်ပြောတာက တပ်က တူပါတယ်လို့ပြောတယ်။ အစွန်းရောက်တွေဘက်က ကန့်ကွက်ရင် ကန့်ကွက် ပါစေလေ။ သူတို့က အစိုးရမှမဟုတ်ဘဲ။ ဒီမိုကရေစီစနစ်မှာ ကန့်ကွက် လို့လည်းရတယ်လေ။ အရင်တုန်းက အစိုးရက ဟိုလိုလို ဒီလိုလိုလုပ်နေတာလေ။ အခုက အစိုးရက မတတ်နိုင် တော့ဘူး။ လက်ခံလိုက်ရပြီလေ။ တပ်ဘက်က လက်ခံတယ်” ဟု ဒေါက်တာခင်ဇော်ဝင်းက ဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီ၏ မိုင်းပန် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက  “နိုင်ငံတော် အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင် တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး အပါအဝင် အဖွဲ့ ဝင် ၃ ဦးပါ ဖွဲ့စည်းခြင်း နှင့်ပတ် သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပ အဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း နည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည် သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆို တင်သွင်းပြီး ယင်းအဆိုကို ဆွေးနွေးချိန်တွင် တပ်မတော်နှင့် NLD အကြား အပြန်အလှန် ဝေဖန်မှုများရှိခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံ ဖွဲ့စည်းမယ့် ရခိုင်ကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ထည့်သွင်းခြင်းသည် နိုင်ငံခြားသားကို အထင်ကြီးရောဂါစွဲကပ်ခြင်းဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်ကြောင်း၊ အစိုးရသည် ရခိုင်အရေးတွင် ခုခံကာကွယ်ရမည့် အစား မိမိတို့ ပြည်တွင်း ရေးကို နိုင်ငံတကာ ဝင်စွက်ဖက်လာစေရန် ဖိတ်ခေါ်နေခြင်းသည်  မဖြစ်သင့်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချိုက ဝေဖန်ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက မေလ ၃၁ ရက်နေ့စွဲဖြင့် လွတ်လပ်သော ရခိုင်စုံစမ်းရေးကော်မရှင်ကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါအဝင် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

NLD အစိုးရသည် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး  ကော်မတီ ၃ ခု၊ ထပ်မံဖွဲ့စည်းမည့် ကော်မရှင် အပါအဝင် ကော်မရှင် ၃ ခု ၊ လုပ်ငန်းကော်မတီ ၄ ခု၊ အကြံပေးအဖွဲ့ ၁ ဖွဲ့ စုစုပေါင်း ၁၁ ခု ဖွဲ့စည်းထားပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.