Features

NLD အစိုးရနဲ့ တပ် ရခိုင်အရေး သဘောထားကွဲလွဲမှုကြောင့် ထိပ်တိုက်ရင်ဆိုင်ရေးတွေ ဖြစ်လာမလား

By သာလွန်ဇောင်းထက်(ခေတ်သစ်သတင်းအေဂျင်စီ)

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင် ဒုက္ခသည်တွေ အရေးကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေကလည်း ပြင်းပြင်းထန်ထန်ရှိလာချိန်မှာ အစိုးရနဲ့ တပ်မ တော် ကြားမှာလည်းရခိုင်အရေးကိစ္စ ဖြေရှင်းရေးနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေက ထင်ထင် ရှားရှား ဖြစ်ပေါ်လာနေပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ NLD အစိုးရအနေနဲ့ နိုင်ငံတကာ ဖိအားကို ရင်ဆိုင် နေရ ချိန်မှာ တပ်မတော်ဟာလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဖိအားတွေ ကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ ကုလသမဂ္ဂက ဒီနှစ် ဧပြီလမှာ မြန်မာ့တပ်မတော်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံးကလည်း မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ အတွက်ဆိုပြီး ကျူးလွန်သူ တွေကို တရားစွဲဆိုဖို့ ကြိုးစားနေပါတယ်။ လက်ရှိ အနေအထားမှာ အပြည်ပြည်ဆိုင်ရာ ဖိအားတွေက အစိုးရရော တပ်မတော်ပါ အကြီးအကျယ် ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်ပါတယ်။

ကာ/လုံ မဟုတ်တဲ့ ကာ/လုံပုံစံ အစည်းအဝေးက အဖြေမထွက်ဘူးလား

သိပ်မကြာသေးခင်က သမ္မတဦးဝင်းမြင့်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာ/လုံ) အဖွဲ့ဝင် တွေ အကုန်ပါတဲ့ ကာ/လုံ အစည်းအဝေး မဟုတ်တဲ့ ကာ/လုံပုံစံ အစည်းအဝေး တစ်ခုကို ခေါ်ယူခဲ့ပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး ၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတပ်ချုပ် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ် ရေး ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ အတိုင်ပင်ခံရုံးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ သမ္မတရုံး ဒုတိယဝန်ကြီးတို့ တက် ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာ ရခိုင်အရေး ကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးကိစ္စတွေ၊ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေ ဆွေးနွေး တယ်လို့ပဲ အတိုချုပ် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ တပ်မတော်နဲ့ အစိုးရ အကြား ရခိုင် အရေးနဲ့ပတ်သက်လို့ သဘောတူညီမှု တစ်စုံတစ်ရာ ရခဲ့လားဆိုတာလည်း မေးခွန်းအဖြစ် ထွက် ပေါ်ခဲ့ပါတယ်။ ကာ/လုံ ပုံစံ အစည်းအဝေးက ရခိုင်အရေးအတွက် အစိုးရနဲ့ တပ်မတော်အကြား ဘယ်လောက်အထိ စည်းလုံးမှု ဖြစ်စေမလဲ (သို့မဟုတ်) အစိုးရနဲ့ တပ်မတော်အကြား သဘောထားကွဲလွဲမှုကို ပိုပြီး ထင်ပေါ်စေမလား ဆိုတဲ့ မေးခွန်းတွေအတွက် အဖြေတစ်ခုထွက်ခဲ့မှာက အသေအချာပါပဲ။

ရခိုင်အရေး NLD နဲ့ တပ် လွှတ်တော်မှာ သဘောထားကွဲကြပြီ

ဇွန်လ ၁၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီရဲ့ မိုင်းပန် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး တင်သွင်းတဲ့ “နိုင်ငံတော် အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင်တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး အပါအဝင် အဖွဲ့ ဝင် ၃ ဦးပါ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပ အဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း နည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆို ကို ဆွေးနွေးချိန်မှာ တပ်နဲ့ NLD အကြားအတော်ကို ဆူဆူညံညံ ဝေဖန် ဆွေးနွေးကြပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်မံ ဖွဲ့စည်းမယ့် ရခိုင်ကော်မရှင်မှာ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ထည့်သွင်းခြင်းမှာ နိုင်ငံခြားသားကို အထင်ကြီးရောဂါစွဲကပ်ခြင်းဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချိုက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ အစိုးရအနေနဲ့ ရခိုင်အရေးမှာ ခုခံကာကွယ်ရမယ့် အစား မိမိတို့ ပြည်တွင်း ရေးကို နိုင်ငံတကာ ဝင်စွက်ဖက်လာအောင် ဖိတ်ခေါ်နေတာ မဖြစ်သင့်ဘူးလို့လည်း ဗိုလ်မှူးကြီးမြင့်ချိုက ပြောဆိုသွားပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီကလည်း လွှတ်တော်မှာ တပ်မတော်နဲ့ တစ်သဘောထားတည်း ရပ်တည်ခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရမှာတော့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီတို့ ဆွေးနွေးမှု တွေဟာ အရာမထင်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီက တင်ပြတဲ့ အရေးကြီးအဆိုဟာ ထောက်ခံဆန္ဒမဲ ၁၃၈မဲ ၊ကန့်ကွက်ဆန္ဒမဲ ၂၅၁မဲ ၊ကြားနေမဲ ၃ မဲ နဲ့ ရှုံးနိမ့်သွားခဲ့တာပါ။

တပ်နဲ့ NLD ထိပ်တိုက်တွေ့မယ်လို့ ကြံ့ခိုင်ရေးက ပြောပြီ

ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ အရေးကြီးအဆို ရှုံးနိမ့်သွားပြီးတဲ့နောက် ဇွန်လ ၁၁ ရက်နေ့ လွှတ်တော်အစည်းအဝေး အပြီးမှာ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက NLD အစိုးရရဲ့ လုပ်ပုံ ကိုင်ပုံတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပေဒနဲ့မညီတဲ့အပြင် တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာမယ်ဆိုရင် တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရရော ၊ တို့တာဝန်အရေး၃ ပါးအရ ပါ ကာကွယ်ရမယ့် အဖွဲ့အစည်းဖြစ်တာမို့ ထိပ်တိုက်တွေ့မယ်လို့ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်ဟာ သာမန်မဟုတ်ဘဲ အနာဂတ်မှာ တပ်မတော်နဲ့ NLD ရခိုင်အရေးနဲ့ပတ်သက်လို့ ထိပ်တိုက် ဖြစ်လာမယ့် အရေးတွေကို ကြိုတင် ပြောဆိုလိုက်တာပါပဲ။ ဒီလို ထပ်တိုက်ဖြစ်လာရင် နိုင်ငံရေးအရ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေဖြစ်နိုင်သလို နိုင်ငံရဲ့စီးပွားရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအားလုံး အပေါ်ကိုလည်း သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

“အမေစု၊ သမ္မတဦးဝင်းမြင့်နဲ့ တပ်ချုပ်တို့ တွေ့ပြီးတော့ အဆင်ပြေမယ်ထင်တာ။ ဇွန် ၁၁ ရက်နေ့ ပြည်သူ့ လွှတ်တော်မှာ အရေးကြီးအဆို ဆွေးနွေးတဲ့အခါ တပ်ဘက်က ပြင်းပြင်းထန်ထန် ခါးခါးသီးသီးတွေ ဖြစ်လာတယ်။ ကျနော်တစ်ဦးတည်း အမြင်အနေနဲ့ ကြောက်တာက အစိုးရရဲ့ လုပ်ရပ်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီတာ တွေကို တပ်ဘက်က စု ဆောင်းထားပြီး တစ်ခုခုလုပ်လာနိုင်သလားပေါ့။ ဒီလိုလည်း တွေးမိတယ်။ အခြေခံဥပဒေမှာ အာဏာသိမ်းတာက သမ္မတ သဘောမတူဘဲ လုပ်မရပေမယ့် အခြေခံဥပဒေနဲ့ မညီတာတွေ အကြောင်းပြပြီး လုပ်လာမှာတွေ ဖြစ်လာမလားပေါ့။ ဒါမျိုးလည်း စိုးရိမ်တယ်။ အနာဂတ် အလားအလာကတော့ သိပ်ပြီးတော့ အဆိုးမမြင်ပေမယ့် အကောင်းလည်း မမြင်လှဘူး။ နိုင်ငံရေးအကျပ်အတည်းထဲမှာ ရှိနေတာတော့ အသေအချာပဲ” လို့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပါတယ်။

ရခိုင်အရေးမှာ တပ်နဲ့ အစိုးရ အပြန်အလှန် လက်ညှိုးထိုးနေကြ

ရခိုင်အရေးမှာ တပ်မတော်နဲ့ အစိုးရအကြား အပြန်အလှန် လက်ညှိုး ထိုးနေကြတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ တစ်ဦးနဲ့ တစ်ဦး စုပေါင်း ဆောင်ရွက်ရမယ့်အစား မိမိရဲ့ ဘက်ကို မိမိကာကွယ်နေကြတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဧပြီလ ၃၀ ရက်နေ့က တွေ့ဆုံစဉ်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တပ်မတော်ဟာသမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့အောက်မှာ ဥပဒေနဲ့အညီ လုံခြုံရေး ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်လုပ်ဆောင်နေတာလို့ ပြောဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့တပ်မတော်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်ပြီး မိမိကိုယ်တိုင်မှာလည်း တပ်မတော်ရဲ့ အကြီးအကဲ တစ်ဦးဖြစ်ပေမယ့် မိမိတို့နိုင်ငံမှာ နိုင်ငံရဲ့ ခေါင်းဆောင် သမ္မတရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေနဲ့ သမ္မတရဲ့ ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေနဲ့ မြန်မာ နိုင်ငံအစိုးရရဲ့ ဦးဆောင်မှုအောက် တွင် သာရှိမှာ ရှိကြောင်း၊ တပ်မတော်အနေနဲ့ ဥပဒေက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အရ လုပ်ကိုင် ဆောင်ရွက် နေတာသာရှိပြီး ဥပဒေကို ကျော်လွန်ပြီး မည်သည့် အရာကိုမျှ လုပ်ကိုင် ဆောင်ရွက် ခွင့်မရှိပါ ကြောင်း ပြောဆိုသွားပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ဥပဒေအရ အရပ်သားအစိုးရက ထိန်းချုပ်ညွှန်ကြားလို့ မရနိုင်ဘူးဆိုပြီး ဂျပန် NHK သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုသွားပြန်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရအဖွဲ့ဟာ စစ်ဆင်ရေးလုပ်ငန်းတွေလုပ်ဖို့ ညွှန်ကြားခွင့် မရှိဘူး ဆိုတာကို ကျွန်မလည်းသိတယ်၊ ရှင်သိမယ်လို့လည်းထင်တယ်။ အဲဒါကြောင့် တင်းပြည့်ဒီမိုကရေစီ အစိုးရအဖွဲ့တစ်ရပ်ကျင့်သုံးနိုင်တဲ့ အလုံးစုံထိန်းချုပ်မှုမျိုး ကျွန်မတို့မှာ မရှိပါဘူး” လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နှစ်ဖက် စိုးရိမ်မှုများနဲ့ နောက်ဆက်တွဲ သံသယ၊ မယုံကြည်မှု

ရခိုင်အရေးနဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်အကြား သဘောထားကွဲလွဲမှုက စည်းလုံးမှု ပြိုပျက်ပြီး နှစ်ဖက်အကြား စိုးရိမ်မှုနဲ့ သံသယတွေဖြစ်ပေါ်စေတာဆိုတာက ငြင်းလို့မရဘူး။ တစ်ဖက်က သူတို့ လုပ်တာ ငါတို့နဲ့မဆိုင်ဘူး တွေးသလို တစ်ဖက်ကလည်း အတွင်းအပြင် ပေါင်းပြီး ဂျောင်ပိတ် ရိုက်တဲ့ ပုံစံ ဖြစ်လာ တာက ရခိုင်အရေးနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုဆိုးဝါးလာစေပါတယ်။ ဒီလို နှစ်ဖက်အကြား စိုးရိမ်မှုနဲ့ နောက်ဆက်တွဲ သံသယတွေကြောင့် အစိုးရအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ပဲ ရခိုင်အရေး ကော်မရှင်၊ ကော်မတီတွေ ဖွဲ့ပြီး ဆောင်ရွက်စေကာမူ ခရီးတွင်ဖို့ မမြင်လှပါဘူး။

လက်ရှိမှာ အစိုးရက ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ကော်မတီ ၃ ခု၊ ထပ်မံဖွဲ့စည်းမယ့် ကော်မရှင် အပါအဝင် ကော်မရှင် ၃ ခု ၊ လုပ်ငန်းကော်မတီ ၄ ခု၊ အကြံပေးအဖွဲ့ ၁ ဖွဲ့ စုစုပေါင်း ၁၁ ခု ရှိနေပြီဖြစ်ပြီး ထိရောက်မှု အားနည်းပါသေးတယ်။ အဓိကကတော့ ရခိုင်အရေး ကော်မရှင် ကော်မတီတွေကို ရခိုင် အမျိုးသားတွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ဘက်က ထောက်ခံမှု အားနည်းနေတာကြောင့် အဖြေရှာရာမှာ ခရီးမတွင် သေးတာဖြစ်ပါတယ်။

နိုင်ငံတကာ စာမျက်နှာတွေပေါ်ရောက်နေတဲ့ ရခိုင်အရေးဟာ မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရေစီ အရေးအတွက် နှောင့်နှေးစေတဲ့ ပြဿနာတစ်ခုဖြစ်တာမို့ NLD ၊ တပ်မတော် အပါအဝင် နိုင်ငံရေး အင်အားစုတွေ အားလုံး စုပေါင်း အဖြေမရှာနိုင်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ် ရှေ့မတိုးနိုင်ရုံသာမက နိုင်ငံရေး အမှောင်ခေတ်ကို ပြန်သွားနိုင်တဲ့ နောက်ပြန်ဆုတ် မယ့် အလားအလာတွေ မြင်နေရတာကတော့ အသေအချာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.