Features

NLD နှင့် ANP ထိပ်တိုက်တွေ့မှု တိုင်းရင်းသား ညီညွတ်ရေးမူ ကျဆုံးခန်းလား

 

By သာလွန်ဇောင်းထက်(ခေတ်သစ်သတင်းအေဂျင်စီ)

ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်အကြား ထိပ်တိုက်ရင်ဆိုင်လာမှုတွေ အရှိန်အဟုန်မြင့်တက်လာနေပြီး အဲဒီ အရှိန်တက်လာနေတဲ့ ပွတ်တိုက်မှုက လက်ရှိ နိုင်ငံကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားများနဲ့ ညီညွတ်ရေးမူဝါဒ ကျဆုံးမှုအဖြစ် တိုင်းရင်းသား တွေ ဘက်က ဝေဖန်သုံးသပ်လာကြပါပြီ။

NLD ပါတီ စတင်ဖြစ်ပေါ်လာချိန်ကတည်းက တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေး အစဉ်တစိုက် လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်ခေတ် တစ်လေ ျှာက်လုံး တိုင်းရင်းသားတွေဘက်ကလည်း NLD ပါတီဘက်ကပဲ မားမားမတ်မတ်ရပ်တည်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ NLD ပါတီ အနိုင်ရရှိပြီးတဲ့နောက် အစိုးရ အဖြစ် တာဝန်ယူပြီး ၂ နှစ်ကျော် အကြာမှာတော့ NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ တိုင်းရင်းသားတွေ ရပ်တည်မှု လျော့ကျ လာနေ ပါတယ်။ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု လျော့လာတဲ့ အကြောင်းအရင်းတွေ များစွာ အနက် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ NLD နဲ့ ANP ပါတီအကြား ပွတ်တိုက် အားပြိုင်မှု တွေက တိုင်းရင်းသားတွေကြားမှာ ပြောစမှတ် ဖြစ်စရာ သတိပြုမိစရာ ဖြစ်လာပါတယ်။

ညီညွတ်ရေးမူ ပြိုကွဲခြင်းအစ ရခိုင်အစိုးရဖွဲ့ရေး ပြဿနာ

ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်အမတ် ၁၂ ဦး အပါအဝင် အမတ် နေရာ ၄၇ နေရာရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP က ၂၂ နေရာ၊ NLD က ၉ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၃ နေရာ၊ တသီးပုဂ္ဂလ အမတ် ၁ နေရာ ရရှိခဲ့ကြမှာ ANP က အများဆုံး အနိုင်ရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ANP ပါတီ အများဆုံး အနိုင်ရရှိတာမို့ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ အစိုးရ ဖွဲ့စည်းခွင့်ကို ANPပါတီက ဦးဆောင်ခွင့် ပေးဖို့ တောင်းဆိုခဲ့ ပေမယ့်လည်း NLD က သူ့ပါတီဝင် အမတ် ဖြစ်တဲ့ ဦးညီပုကိုပဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးအဖြစ်ပေးလိုက်ပါတယ်။

ဦးညီပုကို နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ် အဖြစ် ရခိုင်ပြည်နယ် လွှတ်တော်မှာ အမည်စာရင်း တင်သွင်းတဲ့နေ့မှာပဲ ANP ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ရင်ဘတ်တွေမှာ အမည်း ရောင် စတစ်ကာတွေ ကပ်ပြီး လွှတ်တော်ခန်းမထဲကနေ ထွက်ခွာ ဆန္ဒပြ ခဲ့ကြပါတယ်။

NLD က တစ်လေ ျှာက်လုံး ပြောလာတဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ တိုင်းရင်းသားညီညွတ်ရေး ဆိုတာဟာ လက်တွေ့မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုပြီး ကိုယ့်လူကိုယ် နေရာပေးသွားတဲ့ လုပ်ရပ်အဖြစ် တိုင်းရင်းသားတွေစတင် ရှုမြင်လာပါတယ်။ တစ်နည်း အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားများ ညီညွတ်ရေးမူဝါဒက ရခိုင်ပြည်နယ် အစိုးရကို NLD စိတ်ကြိုက် ဖွဲ့စည်းလိုက်ချိန်မှာပဲ ရခိုင်တိုင်းရင်းသားတွေရဲ့ မယုံကြည်မှုတွေ နဲ့ စတင် ဦးကျိုးသွားတာပါ။

ဘတ်ဂျက်များ ဖြတ်တောက်ခြင်းနဲ့ ဝန်ကြီးများကို စွပ်စွဲ ပြစ်တင်ခြင်း

NLD က စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ အစိုးရ အဖွဲ့ စတင် အာဏာရယူလာချိန်ကစလို့ ရခိုင်ပြည်နယ်လွှတ်တော်နဲ့ အစိုးရအကြားမှာ အဆင်မပြေမှုတွေ စတင်လာပါတယ်။ ရခိုင်ပြည်နယ်အစိုးရက တင်ပြတဲ့ အစိုးရအသုံးစရိတ် ဘတ်ဂျက်တွေကို ရခိုင်ပြည်နယ်လွှတ်တော်က စိစစ်ဖြတ်တောက်မှု တွေ လုပ်ဆောင် ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရကလည်း ဘတ်ဂျက်ရေးဆွဲရာမှာ လွှတ်တော်ကို တိုင်ပင်ခြင်းမရှိဘဲ ရေးဆွဲသလို လွှတ်တော်ဘက်ကလည်း အစိုးရ ရေးဆွဲထားတဲ့ ဘတ်ဂျက်တွေကို သေသေ ချာချာ စိစစ်ဖြတ်တောက်ခဲ့ပါတယ်။ ဘတ်ဂျက်တွေ ဖြတ်တောက်မှုကြောင့် အစိုးရနဲ့ လွှတ်တော်ကြားမှာ အမြင်မကြည်လင်မှုနဲ့ ပွတ်တိုက်မှုတွေက ပိုမိုပြီး အရှိန်တက် လာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရဝန်ကြီး တစ်ဦးဖြစ်တဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကို လွှတ်တော်သို့ ငွေလုံးငွေရင်းသုံးစွဲမှု မတင်ပြဘဲ သုံးစွဲမှုနဲ့ ရခိုင်ပြည်နယ် လွှတ်တော်က စွပ်စွဲ ပြစ်တင်လိုက်ပြီး အဲဒီစွပ်စွဲပြစ်တင်မှုက အောင်မြင်သွားခဲ့ပါတယ်။ ဒီလိုအောင်မြင်သွား တဲ့အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

အလားတူပါပဲ။ ရခိုင်ပြည်နယ်အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်သိန်းကို တာဝန်ဝတ္တရား ကျေပွန်စွာ မထမ်းဆောင်နိုင်မှုနဲ့ ရာထူးကရပ်စဲဖို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တိုင်ကြားထားပြီး အဲဒီတိုင်ကြားမှုကိုလည်း ရခိုင် ပြည်နယ် လွှတ်တော်က အသေအချာ စိစစ်နေပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ ANP က အားကောင်းလှတာမို့ ဦးကျော်အေးသိန်းလည်း ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်လိုပဲ နုတ်ထွက်ရမလား ၊ ဘယ်လို အခြေအနေတွေ ဆက်ဖြစ် မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

သေချာတာတစ်ခုကတော့ ရခိုင်ပြည်နယ် လွှတ်တော်ဟာ ရခိုင်ပြည်နယ် အစိုးရဝန်ကြီးတွေတင်မကဘဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုလည်း အသေအချာကိုစောင့်ကြည့်နေပါတယ်။ လိုအပ်ရင် ဝန်ကြီးတွေတင်မက ဝန်ကြီးချုပ်ဦးညီပုကိုပါ ဥပဒေနဲ့အညီ စွပ်စွဲပြစ်တင်မယ်လို့လည်း ပြည်နယ်လွှတ်တော် အမတ်တွေက တရားဝင် ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ရခိုင်တိုင်းရင်းသားတွေ နာကြဉ်းကြတဲ့ မြောက်ဦးပဋိပက္ခ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ရခိုင့်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း ၂၃၃ နှစ်ပြည့် အခမ်းအနား ကို ကျင်းပခွင့် အာဏာပိုင်တွေက ပိတ်ပင်ရာကစလို့ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီး ရဲတွေက ပစ်ခတ်နှိမ်နင်းရာမှာ ရခိုင်တိုင်းရင်းသားတွေ သေဆုံး၊ ဒဏ်ရာ ရရှိသွားပါတယ်။

ဒီဖြစ်စဉ်မှာ အစိုးရဘက်က လိုအပ်တာထက် အင်အားပိုသုံးတယ်ဆိုတဲ့ စွပ်စွဲမှု တွေရှိနေ ချိန်မှာ ဒဏ်ရာရသူတွေနဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အစိုးရဘက်က အမှုဖွင့် ဖမ်းဆီး တရားရုံးတင်လိုက်ပါတယ်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်မှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေက ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး အမှုဖွင့် ဖမ်းဆီးခံရသူတွေကလည်း ရခိုင်တိုင်းရင်းသားတွေ ဖြစ်နေတာမို့ ရခိုင်တိုင်းရင်းသားတွေဘက်က မိအေးနှစ်ခါလို့တောင် ပြောဆိုကြပါတယ်။ ဒီဖြစ်စဉ်ဟာ ရခိုင်တိုင်းရင်းသားတွေဘက်က စိတ်နာကြဉ်းစရာ ဖြစ်ရပ်တစ်ခုအဖြစ် ပြောဆိုနေကြပြီး ရခိုင်ပြည်နယ်လွှတ်တော်ကလည်း မြောက်ဦး စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတော့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ မြောက်ဦးစုံစမ်းစစ်ဆေးရေး ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ တရားဝင် ထုတ်ပြန် တားမြစ်တာတွေ လုပ်ဆောင် ခဲ့ပါတယ်။ မြောက်ဦးဖြစ်စဉ်ဟာလည်း ပြည်နယ်အစိုးရနဲ့ လွှတ်တော်အကြား ပွတ်တိုက်မှု ဖြစ်စေတဲ့ အဖုအထစ်ကြီးတစ်ခုဖြစ်ခဲ့သလို NLD အစိုးရ နဲ့ ရခိုင်တိုင်းရင်းသားတွေအကြား အမြင်မတူ၊ သဘောထားကွဲလွဲတဲ့ သွေးမြေကျ ဖြစ်စဉ် တစ်ခုလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်အမတ်ကို တန်ပြန်အမှုဖွင့်

ရခိုင်ပြည်နယ်လွှတ်တော်ဘက်က ဝန်ကြီးတွေကို စွပ်စွဲပြစ်တင်မှုတွေရှိနေချိန်မှာပဲ ရခိုင်ပြည်နယ် အစိုးရကလည်း ရမ်းဗြဲ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို လူမှုကွန်ရက်မှာ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ မှားယွင်းစွာ ရေးသားချက် တွေ တင်ပြလို့ဆိုပြီး ဆက်သွယ်ရေး ပုဒ်မ ဥပဒေတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒီလို အမှု ဖွင့်လိုက်မှုက ရခိုင်ပြည်နယ်အစိုးရအနေနဲ့လည်း ပြည်နယ် လွှတ်တော်အမတ် တွေကို စောင့်ကြည့်နေပြီး အစိုးရအပေါ် ဝေဖန်လာရင် အမှုဖွင့် ဖမ်းဆီးထောင်ချဖို့ အသင့်ရှိနေတယ်ဆိုတဲ့ စစ်ကြေညာမှု အဖြစ် ရခိုင်နိုင်ငံရေးသမားတွေဘက်က ရှုမြင်ပါတယ်။

NLD ဘက်မှာ ရခိုင်တိုင်းရင်းသားတွေ ရပ်တည်ခဲ့တယ်

စစ်အာဏာရှင်ခေတ်တစ်လေ ျှာက်လုံးမှာ ရခိုင်တိုင်းရင်းသားတွေဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ဘက်ကနေ တစ်တပ် တစ်အား ရပ်တည်ခဲ့ကြပါတယ်။ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ NLD ရဲ့ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ကို အံတုခဲ့တဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPP) မှာလည်း အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် လွှတ်တော်တက်ဖို့ အဟန့်အတားဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လွှတ်တော်ကျမ်းကျိန်လွှာ ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စာသား အစား လေးစားလိုက်နာပါမည်လို့ NLD က ပြင်ဆင်လိုတာဖြစ်ပါတယ်။ အဲဒီအကျပ်အတည်းကြောင့် NLD ဟာ လွှတ်တော်တက်ဖို့ လိပ်ခဲတည်းလည်း ဖြစ်နေချိန်မှာ တိုင်းရင်းသားပါတီတွေနဲ့ လွှတ်တော်တွင်းရောက်နေကြတဲ့ အမတ်တွေက NLD ပါတီကို လွှတ်တော်တက်ဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

အဲဒီအချိန်က မေတ္တာရပ်ခံစာကို ဒေါ်အောင်ဆန်းစုကြည်ဆီ အရောက် ပို့ပေးခဲ့သူက ရခိုင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်ပါ။ အခုတော့ ဒေါက်တာအေးမောင်ဟာ NLD အစိုးရလက်ထက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့ပေမယ့်လည်း ရခိုင်တိုင်းရင်းသားအများစုကတော့ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်မရတာ အပါအဝင် ရခိုင်ပြည်နယ်ကိစ္စ အတော်များများနဲ့ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်ချက်ကို မထောက်ခံကြတော့ဘဲ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနေတယ်လို့ ရခိုင်တိုင်းရင်းသား တွေဘက်က ဆိုကြပါတယ်။

မွတ်စလင်အရေးမှာ ရခိုင်တိုင်းရင်းသားတွေ လျစ်လျူရှုခံရ

NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်အရေး ဖြစ်တဲ့ မွတ်စလင်တွေ ထွက်ပြေးကြတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပြီး ဒီဖြစ်စဉ်ဟာ နိုင်ငံတကာ ပြဿနာ တစ်ခုဖြစ်လာနေပါတယ်။ ဒီဖြစ်စဉ်ကို အဓိက ကိုယ်တွယ်ဖြေရှင်းရာမှာ အစိုးရက ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစား ချက်ကို လျစ်လျူရှုနေတယ်လို့ ဝေဖန်မှုတွေက အတော်ကို မြင့်တက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းနေတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အကြံပေးအဖွဲ့ တွေမှာ ရခိုင်တိုင်းရင်းသားတွေ ပါဝင်ခွင့်မရကြဘဲ နိုင်ငံခြားသားပညာရှင်တွေ ပါဝင်နေတာကို ရခိုင်တိုင်းရင်းသားတွေဘက်က အပြင်းအထန် ကန့်ကွက်နေကြတာပါ။

ကိုယ့်ပြည်နယ် အရေးကို ဖြေရှင်းဖို့ ရခိုင်တိုင်းရင်းသားတွေမှာ အခွင့်အရေးမရှိဘူးလားလို့ လက်ရှိ ရခိုင် တိုင်းရင်းသားနိုင်ငံရေးသမားတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မေးခွန်း ထုတ်နေကြပါတယ်။

ရခိုင်က တိုင်းရင်းသားညီညွတ်ရေး ပျက်ပြားမှုကို ပြသ

NLD အစိုးရ အာဏာရရှိလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသား ညီညွတ်ရေး ဆိုတဲ့ မူဝါဒကို အလေးမထားတော့ဘူးဆိုတာ ရခိုင် ပြည်နယ်က ဖြစ်စဉ် တွေကို ကြည့်ရင်သိနိုင်တယ်လို့ တိုင်းရင်းသားတွေဘက်က ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အမြဲပြောခဲ့တဲ့ NLD ဟာ အာဏာရရှိလာချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေကို သုံးပြီးတိုင်းရင်းသားတွေကို ဘေးဖယ်ထုတ်ခဲ့တယ်လို့ တိုင်းရင်းသားတွေ အများစုက ရှုမြင်နေကြပါပြီ။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ တွဲဘက် အတွင်းရေးမှူး ၁ ဦးစိုင်းလိတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်မှာ အရင်လို တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု မရှိတော့ဘူးလို့ ဆိုပါတယ်။

“သူတို့အတွက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်က ရှေ့ဆုံးကို ရောက်မလာဘူး။ ဒီနေ့ ဒီအနေအထားမှာ။ အဲဒါကို ဦးစားပေးအစီအစဉ်ထဲမှာ ထည့် မထားဘူးလို့ မြင်တယ်။ ရခိုင်မှာ အစိုးရစဖွဲ့ကတည်းက ညှိမယ်ဆိုရင် ညှိလို့ရတာပဲလေ။ ၂၀၀၈ က ဘယ်လိုပဲရေးထားရေးထား သူက အနိုင်ရပါတီဖြစ်တယ်။ အနိုင်ရတဲ့ ANP ကို ပေးမယ်ဆိုရင် ပေးလို့ရတာပဲ။ မပေးဘဲ ၂၀၀၈ တိုက်မယ်လို့ပြောတဲ့ သူက ၂၀၀၈ ကို သူ လိုသလို သုံးသွားတယ်။ အဲလို လွဲနေတာ။ ကျနော်ထင်တယ် အရင်လောက်တော့ တိုင်းရင်းသားတွေက သူ့ဘက်ကနေ ထဲထဲဝင်ဝင် ရပ်တည်တာတော့ မရှိတော့ဘူး” လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီမှ ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ ရခိုင်ပြည်နယ်မှာ အနိုင်ရဖို့ မလွယ်ကူသလို ထောက်ခံမှု လည်း နည်းပါးမယ်လို့ ခန့်မှန်းပါတယ်။ ရခိုင်တွေသာမက တိုင်းရင်းသားတွေက ကိုယ့်ပြည်နယ်မှာ ကိုယ့်ပါတီ အနိုင်ရရေး ကြိုးစားကြမှာမို့ NLD ပါတီအနေနဲ့ ပြည်နယ် တွေမှာ အခက်တွေ့နိုင်တယ်လို့ တိုင်းရင်းသားတွေက သုံးသပ်ကြပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်ကတော့ “NLD တော့ ၂၀၂၀ မှာ ရခိုင်ပြည်နယ်မှာ အများစုနေရာတွေမှာ မနိုင်နိုင်ဘူး” လို့ အားမာန်အပြည့်နဲ့ ပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.