All News Local News political news

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရသေ့တောင် မဲဆန္ဒနယ်တွင် ANP သေချာပေါက် အနိုင်ရမည်ဟုဆို

ရန်ကုန်၊ ဇွန် ၁၇

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လစ်လပ် နေသော ရခိုင်ပြည်နယ် လွှတ်တော် ရသေ့တောင် မဲဆန္ဒနယ် အမှတ် ၂ တွင် ရခိုင်အမျိုးသား ပါတီ(ANP) က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သေချာပေါက် အနိုင်ရရှိမည်ဟု ယုံကြည် ကြောင်း ANP ပါတီ၏ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးထွန်းသာစိန် က ပြောသည်။

“ရသေ့တောင် မဲဆန္ဒနယ်မှာ NLD နဲ့ ANP က အဓိက ယှဉ်ပြိုင်ရမယ်။ အဲဒီအထဲမှာ ၂၀၁၅ တုန်းကလည်း ကျနော်တို့ ANP က ဦးဖိုးမင်း(ခ) ဦးဘိုးမင်း နိုင်ခဲ့တဲ့ နေရာပါ။ သူက ၂၀၁၇ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့လို့ မဲဆန္ဒနယ် လစ်လပ်ဖြစ်သွားတာ။ ကျနော်တို့ အခြေအနေ အရမ်းကောင်းတယ်” ဟု ဦးထွန်းသာစိန်ကပြောသည်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပ မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ၄ ခု၊ အမျိုးသားလွှတ်တော် လစ်လပ် မဲဆန္ဒနယ် ၁ ခု၊ ပြည်နယ်/တိုင်းလွှတ်တော် လစ်လပ် မဲဆန္ဒနယ် ၈ ခု စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် ၁၃ ခုတွင် ကျင်းပမည်ဖြစ်သည်။

လစ်လပ် မဲဆန္ဒနယ် ၁၃ ခုအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်၊ မပြိုင်မည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

လစ်လပ်သွားသော ရသေ့တောင် မဲဆန္ဒနယ်သည် ရခိုင်အမျိုးသားပါတီ(ANP)မှ ဦးဖိုးမင်း(ခ) ဦးဘိုးမင်း အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်ပြီး ဦးဖိုးမင်း(ခ) ဦးဘိုးမင်းသည် ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ရင်း ၂၀၁၇ ခုနှစ် ၊ ဇွန်လ ၁၇ ရက်နေ့တွင် အစာအိမ်ကင်ဆာရောဂါဖြင့် အသက် ၇၀နှစ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်သာမက လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် NLD ပါတီ အနိုင်ရနိုင်ခြေနည်းပါးကြောင်း၊ အဓိကအားဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသခံ တိုင်းရင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုကို မရယူခြင်းနှင့် ခံစားချက်ကို လျစ်လျူရှုထားခြင်း သည် အဓိကဖြစ်ကြောင်း ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် အမတ်နေရာ ၄၇ ဦးရှိပြီး တပ်မတော်သား လွှတ်တော်အမတ် ၁၂ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၂၂ ဦး၊ NLD မှ ၉ ဦး၊ USDP မှ ၃ ဦး၊ တသီးပုဂ္ဂလ အမတ် ၁ ဦး ဖြစ်ကာ ရခိုင်အမျိုးသားပါတီက လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီအဖြစ် ရပ်တည်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.