All News Local News political news

ဦးရွှေမန်း သမ္မတဖြစ်ခွင့်မရ၍ သမ္မတဦးသိန်းစိန်ကို ရန်ငြိုးဖွဲ့ အပြုတ်တိုက်ခဲ့၊ NLD မဲနိုင်ပြီး ဦးသန်းရွှေကို နိုင်ငံရေးအရှုပ်ထဲပါဝင်ရန် အညှာကိုင်ခဲ့ဟု ဦးစိုးသိန်းစွပ်စွဲ

 

ရန်ကုန်၊ ဇွန် ၄



စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်းသည် ၂၀၁၁ ခုနှစ် အရပ်သားအစိုးရအာဏာရယူချိန်တွင် သမ္မတဖြစ်ခွင့်မရ၍ သမ္မတဦးသိန်းစိန်ကို ရန်ငြိုးဖွဲ့ခဲ့ပြီး သမ္မတဦးသိန်းစိန် ပြုတ်ကျရေး လမ်းကြောင်းကို ဦးတည်လုပ်ဆောင်ခဲ့ကြောင်း ယခင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရေးသားသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန် စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန် စာအုပ် စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ Pan Pacific Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း၊ ဦးသိန်းထွန်း(ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ) ၊ ဦးအောင်သူငြိမ်း၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးလှမောင်ရွှေတို့က မိတ်ဆက်စကားပြောကြားခဲ့သည်။



ယင်းအခမ်းအနားသို့ ဒါရိုက်တာ ကိုသူရ (ခေါ်) ဇာဂနာ၊ စာရေးဆရာကျော်ဝင်း၊ နိုင်ငံရေး လေ့လာ သူ ဦးတင်မောင်သန်း၊ ယခင် အစိုးရလက်ထက် တတိယအင်အားစုဟု အများခေါ်ဆိုကြခဲ့သည့် နိုင်ငံရေးသုတေသီများ၊ ယခင်ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦးခင်ရီ၊ ဦးဝင်းမြင့်၊ ဦးသောင်းတင်၊ နိုင်ငံရေးအင်အားစုများ အပါအဝင် စုစုပေါင်း လူအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့သည်။

ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန် စာအုပ်တွင် အခန်း ၁၂ ခန်း ပါရှိပြီး အခန်း ၁ မှ ၁၀ သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အခြေအနေများကို အဓိက ရည်ညွှန်းရေးသားထားသည်။

အခန်း ၁ အစိုးရသစ်၏ အစောပိုင်းကာလ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံအာဏာကို အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ အာဏာ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး အာဏာကို အစိုးရအဖွဲ့သို့ လွှဲပြောင်းခြင်းမဟုတ်ဘဲ ပါတီသို့ အာဏာလွှဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပါတီကို အဓိက အာဏာလွှဲခဲ့ခြင်းမှာ ပါတီကို ရေရှည် စည်းလုံးတည်တံ့ခိုင်မြဲစေလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းအခန်းတွင်ပင် ဦးရွှေမန်း သမ္မတဖြစ်ခွင့်မရ၍ ဦးသိန်းစိန်အပေါ် ရန်ငြိုးဖွဲ့ ကာ သမ္မတဦးသိန်းစိန် ပြုတ်ကျရေး ဦးတည်လုပ်ဆောင်ခဲ့ကြောင်း၊ ဦးသိန်းစိန်သည် သူ့ကို စွပ်စွဲ ပြစ်တင်မှု( Impeach) လုပ်မည်ကို အမြဲတစေ စိုးရိမ်နေသူဖြစ်ပြီး ယင်းအားနည်းချက်ကို အသုံးချ၍ ပြိုင်ဖက်များနှင့် လွှတ်တော်တွင်း မကျေျနပ်သူများက သိရှိ အသုံးချခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“တပ်မတော်၏ အစဉ်အလာအရ အထက်မှ ပေးသည့်အမိန့်ကိုသာ နာခံရသည့်အလျောက် သမ္မတ မည်သူမည်ဝါ ဖြစ်မည်ကို ကာယကံရှင်ကိုယ်တိုင်ပင် မသိရှိခဲ့ပါ။ ထိုအချိန်တွင် သမ္မတဖြစ်လာမည်ဟု အများစုအကြား ရေပန်းစားနေသူမှာ ဦးရွှေမန်းဖြစ်သည်။ ပါတီတွင်း၌သာမက လူအများကြားတွင် ပါ ၎င်းပင် သမ္မတဖြစ်မည်ဟု ပြောဆိုနေကြသည့်အချိန်ဖြစ်သည်။ သူကိုယ်တိုင်လည်း သမ္မတဖြစ်မည်ဟု တစ်ထစ်ချယုံကြည် ပြီးကာမှ နောက်ဆုံးအချိန်တွင် သမ္မတနေရာကို ဦးသိန်းစိန်အားပေးခဲ့ရခြင်းဖြစ်သည်။ မည်သူက အဆုံးအဖြတ် ပေးခဲ့သည်ကိုတော့ ကျွန်တော်လည်း မသိပါ။ အကျိုးအကြောင်း ဆင်ခြင် စဉ်းစားလ ျှင် သမ္မတရာထူးကို အဆုံးအဖြတ်ပေးသူမှာ ဦးသိန်းစိန် မဟုတ်သည့်အတွက် ဦးသိန်းစိန် အပေါ် ရန်ငြိုး မဖွဲ့သင့်ပါ။ သို့သော် ထိုအချိန်မှစခါ သက်ဆိုင်သူများသည် ဆင်ခြင်တုံတရား ပျောက်ကွယ်ပြီး ၎င်း၏ လုပ်ရပ်များ အားလုံးသည် မောဟဖုံးလွှမ်းကာ ဦးသိန်းစိန်ကို အာဏာပြိုင်ခြင်းဖြင့် ဦးသိန်းစိန် ပြုတ်ကျရေး လမ်းကြောင်းကို ဦးတည်သွားခဲ့ပါသည်” ဟု ရေးသားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံတော်သမ္မတသည် နိုင်ငံရေးပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဆိုသော တားမြစ်ချက်သည် ကိုယ့်ရှူးကိုယ်ပတ်ဆိုသလိုဖြစ်ခဲ့ရကြောင်း၊ ယင်းအချက်ကြောင့် အစိုးရသည် မိမိတို့၏ အာဏာရပါတီနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရပြီး နောက်ကျော ဓားထိုးခံခဲ့ရကြောင်း၊ ယင်းအခြေခံဥပဒေ တားမြစ်ချက်ကို ပြင်ဆင်ရန် အစိုးရ၊ ပါတီ၊ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် တွေ့ဆုံ သဘောတူညီခဲ့သော်လည်း ဦးရွှေမန်းနှင့် ဦးအောင်သောင်းတို့က ဆိုင်းငံ့ထားမှုကြောင့် ပျက်ပြယ်သွားကြောင်း ရေးသားထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄၊ ၂၃၂ (ဋ) ၏ ကန့်သတ်တားမြစ်ချက်အရ အသစ်တက်လာသည့် အစိုးရသည် မိမိတို့၏ အာဏာရ ပါတီနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရသည်။ ကိုယ့်ရှူးကိုယ်ပတ်ဟု ဆိုရမလိုပင်။ ပါတီအာဏာသည် သမ္မတကို ချုပ်ကိုင် လွှမ်းမိုးနိုင်ခြင်း မရှိစေရန် ရည်ရွယ်ထားသည့် အချက်ပင် ဖြစ်သော်လည်း အစိုးရအတွက်မူ ပါတီလက်ရုံး ပြုတ်သွားခဲ့ရသည်။ မည်သည့်အခြေခံဥပဒေတွင်မ ျှ ထိုကန့်သတ်ချက်မျိုးကို မတွေ့ရှိရပါ။ ပါတီ၏ ကျောထောက်နောက်ခံ အင်အားမရတော့သည့် အစိုးရသည် အဘယ်မှာ ရေရှည်ရပ်တည်နိုင်မည်နည်း။ ယင်းပြဿနာကြီးသည် နောင်ငါးနှစ်တာကာလအတွင်း ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များတွင် ကိုယ့်ပါတီက ကိုယ့်အစိုးရကို ဆန့်ကျင်ခြင်း သို့မဟုတ် နောက်ကျော ဓာထိုးခံရခြင်း ဆိုသည့် ဒုက္ခပေးမှုများ ကြုံတွေ့ခဲ့ရခြင်း၏ ပင်မရင်းမြစ်ပင် ဖြစ်ပေ တော့သည်” ဟု ရေးသားထားသည်။

ထို့ပြင် “အစိုးရသစ်အနေဖြင့် လအနည်းငယ်အကြာတွင်ဤပြဿနာ၏ လားရာကို နားလည် သိရှိခဲ့သည့် အလျောက် ၂-၇-၂၀၁၂ ရက်နေ့တွင် အစိုးရ၊ ပါတီ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄၊ ၂၃၂ (ဋ) ကို ပြင်ဆင်ရန် သဘောတူခဲ့ကြပါသည်။ သို့ရာတွင် ပါတီကို တာဝန်ယူထားရသည့် ဦးရွှေမန်း၊ ဦးအောင်သောင်းတို့က ဆိုင်းငံ့ထားခြင်းဖြင့် ထိုးနှက်တိုက်ခိုက် ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ ပါတီခေါင်းဆောင်များက ဦးသိန်းစိန်၊ အစိုးရဝန်ကြီးများနှင့် ဝန်ကြီးချုပ်များထံသို့ အုပ်ချုပ်ရေးအာဏာနှင့်တကွ ပါတီအာဏာများကို မပေးလိုသောကြောင့်ဖြစ်သည်။ ဥပဒေ၏ ဟာကွယ်ကို အသုံးချပြီး ပုဂ္ဂလိက ခံစာခးျက်များကို အခြေခံသည့် အာဏာပြိုင်ဆိုင်မှု၏ အစဟုလည်း ဆိုနိုင်ပါသည်” ဟု ဆက်လက်ဖော်ပြထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်လည်း အာဏာလွှဲပြောင်းရေး တောင်းဆိုပြီး ဦးသန်းရွှေ( ဗိုလ်ချုပ်မှူးကြီးဟောင်း) ကို နိုင်ငံရေးအရှုပ်တွင် ပါဝင်စေခြင်းဖြင့် နိုင်ငံရေးကစားသူအချို့က အညှာကိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ထူးခြားမှုတစ်ခု ကြုံတွေ့ရသည်မှာ ဦးသန်းရွှေ၏ မြေးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်းဖြစ်ပါသည်။ ယခင်က အဆက်အစပ် မရှိခဲ့သော်လည်း နိုင်ငံရေးကစားသူအချို့က အညှာကိုင်လှုပ်လိုက်ခြင်းပင် ဖြစ်ပါသည်။ မြေး၏ တိုက်တွန်းချက်ကြောင့် ဦးသန်းရွှေအား နိုင်ငံရေးအရှုပ်ထဲပါဝင်စေပါတော့သည်” ဟု ရေးသားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်လည်းဖြစ် တပ်မတော်၏ အဆင့်မြင့် ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူအချို့သည် NLD ခေါင်ေးဆာင်အောက် အကြောင်းမျိုးစုံပြ၍ လက်နက်ချလိုက်ကြပြီး မိမိ မိသားစု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ အတွက် သာကူးများ၊ မြေခွေးများအဖြစ် ထမင်းကျွေးသော လက်ကို ပြန်ကိုက်ခဲ့ကြကြောင်း လည်း ဖော်ပြထားသည်။

“တကယ်တော့ လာမည့် ရွေးကောက်ပွဲတွင် မိမိတို့ပါတီအောင်နိုင်မည့် ပုံမပေါ်တော့သဖြင့် မိမိပါတီအတွက် အလံရှူးများအဖြစ်သာ ဟန်ဆောင်ကြပါတော့သည်။ ပုဂ္ဂိုလ်တော်တော်များများ အနိုင်ရရှိနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အောက် အကြောင်းမျိုးစုံပြ၍ လက်နက်ချလိုက်ကြပါတော့သည်။ ပြောပြန်လ ျှင်လည်း ပြောသူလွန်ရာကျပေမည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးငှာ မည်သည့်ပါတီနှင့်မဆို ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုကြသော်လည်း အခြားတစ်ဖက်က ပြောရလ ျှင် နှစ်ပေါင်း ၄၀ ခန့် တပ်မတော်သား အဆင့်မြင့်ခေါင်းဆောင်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်း ဆောင်များအဖြစ် တာဝန်အမျိုးမျိုးခံစား၊ စံစားပြီးမှ သစ္စာဖောက်သွားကြသည်။ သာကူးများဟု ဆိုနိုင်ပါသည်။ အများအမြင်တွင်တော့ အယောင်ဆောင်ကောင်းလှသော မြေခွေးများပင်။ အချို့က ပြောကြသည်မှာ ထမင်းကျွေးသော လက်ကို ကိုက်ကြသူများဟု ကြားရပြန်သည်။ နိုင်ငံရေး နတ်ပူးပြီဆိုရင် သူရဲကောင်းတွေ လည်း ဂန်ဒူးဖြစ်တတ်ပါတယ်လို့ တစ်ဦးက ဆိုပြန်ပါရော၊ စိတ်မကောင်းပါ။ အမှန်တော့ ၎င်းတို့၏ မယိုင်မလဲသော မူဝါဒမှာ မိသားစုကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသာဖြစ်ကြောင်းကို နောင်တစ်ချိန်တွင် သမိုင်းက သက်သေပြပါလိမ့်မည်” ဟု ရေးသားထားသည်။

ထို့ပြင်လွှတ်တော်သည် သမ္မတ ဦးသိန်းစိန်ကို ပြစ်တင်စွပ်စွဲခြင်း(Impeach) လုပ်ရန် စီမံခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလခန့်က တစ်ကြိမ်၊ ၂၀၁၄ ခုှနှစ် နောက်ပိုင်းလများတွင် တစ်ကြိမ် သမ္မတကို ပြစ်တင်ရန် စီမံခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ထို့အတူ ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးကို ဖြုတ်ချရန် အစီအမံလည်း ရှိခဲ့သည်ကို ခိုင်လုံသော သတင်းများ ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

သူရဦးရွှေမန်းကမူ သူ့အနေဖြင့် သာကူး၊ သစ္စာဖောက်၊ ခြံခုန်သည်ဟု စွပ်စွဲမှုများရှိသော်လည်း နိုင်ငံတော်နှင့်နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကို အဓိက ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများကို သစ္စာ မဖောက်ခဲ့ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ အကျိုးတွက် ပါတီစွဲ ဝါဒစွဲ ကင်းပြီး မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ နေပြည်တော်လွှတ်တော်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

“ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် သူတို့ လုပ်ခဲ့တာတွေ ဘာလဲ။ သူတို့အမှားတွေက ဘာလဲ။ နောက်မျိုးဆက်တွေသင်ခန်းစာယူဖို့လိုတယ်ဗျ။ အဲလိုဟာမျိုးကို ဒီစာအုပ်က ဖြည့်ဆည်းပေးတဲ့စာအုပ်လို့ ကျနော်က မြင်တယ်။ ဒါပေမယ့် ဒီအထဲမှာ အချက်အလက်တစ်ချို့အနေနဲ့ မှားခြင်း မှန်ခြင်းက ဦးစိုးသိန်းရဲ့ တာဝန်ပဲဖြစ်တယ်။ တချို့အချက်အလက်တွေက မှားတယ်ပြောရင်လည်း ဒါက ဦးစိုးသိန်းပဲ။ ကျနော်တို့ ပြောချင်တာကတော့ ဥပမာ သူတို့ကို ပါတီကို လွှဲလိုက်တယ်လို့ ထောက်ပြသွားတဲ့ ကိစ္စမျိုး။ နောက်တစ်ခုက ဒီမိုကရေစီ စသွားတဲ့အချိန်မှာ သူတို့အနေနဲ့ ဘယ်လိုစသွားမလဲဆိုတာ သူတို့အနေနဲ့ ဒီလိုပဲ လေ့လာပြီးမှ သွားရတာဟာမျိုးတွေက သူစာထဲမှာလည်း ရေးထားတာက ကျနော်တို့နိုင်ငံ အသွင်ကူးပြောင်းမှုအပေါ်မှာ ကျနော်တို့ ဘယ်လောက် အားပြန်ထည့်ရမလဲ။ ဘာတွေ သင်ခန်းစာယူရမလဲ။ ဆိုတာမျိုးတွေကို အထောက်အကူပြုမယ် ထင်တယ်။ ကျနော်ကတော့ ဗိုလ်ချုပ်ကြီးရွှေမန်းပဲ ဖြစ်ဖြစ်၊ ဦးစိုးသိန်းပဲဖြစ်ဖြစ် ကျနော်တို့အတွက် အတုယူစရာ တွေ စဉ်းစားစရာတွေ သင်ခန်းစာ ယူစရာတွေ ရမယ့် ဘယ်စာအုပ်မျိုးမဆို ထောက်ခံတယ်။ ဒါမှ ကျနော်တို့ လူငယ်မျိုးဆက်တွေအတွက် ဒီလိုမျိုး လေ့လာစရာ စဉ်းစားစရာ တွေပေါ့။ ကျနော်က အဲဒီရှုထောင့်က ပြောတာပါ” ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

စာရေးသူ ဦးစိုးသိန်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၁ ကျောင်းဆင်းဖြစ်ပြီး သူရဦးရွှေမန်းနှင့် တစ်ပတ်စဉ်တည်း ကျောင်းဆင်းခဲ့သော တပ်မတော် အရာရှိတစ်ဦးဖြစ်သည်။ တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး( ကာကွယ်ရေး ဦးစီးချုပ်- ရေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်မတော်တွင် ၄၁ နှစ်ကြာ တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။ စစ်အစိုးရလက်ထက်တွင် စက်မှု ၂ ဝန်ကြီးအဖြစ် တာဝန်ထမ်း ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.