interview

သင့်ဘဝမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးတင်မောင်သန်းနှင့်တွေ့ဆုံခြင်း အပိုင်း (၁)

“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဦးရွှေမန်းရဲ့ သြဇာ ပိုပြီးတော့ သက်ရောက်နေပြီလား ဒီလိုမြင်သွားရင်တော့ ထူထောင်ထားတဲ့ ယုံကြည်မှုလေးတွေက ပြန်လည်ပြီးတော့ ပျက်ပြားသွားနိုင်တာပေါ့”




By သာလွန်ဇောင်းထက် (ခေတ်သစ်သတင်းအေဂျင်စီ)

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အပြောင်းအလဲများ ဖြစ်ပေါ်အောင်တွန်းအားပေးခဲ့ပြီး ယခုအခါ မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်ကာ နိုင်ငံအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဝေဖန်ထောက်ပြလေ့လာ သုံးသပ်ပြောဆိုနေသော နိုင်ငံရေးလေ့လာသူ ဦးတင်မောင်သန်း(သင့်ဘဝ) ကို မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များ၊ အနာဂတ်အလားအလာများနှင့်ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ အစိုးရအာဏာရလာချိန်က ၂ နှစ်ပြည့်လို့ ကျော်ခဲ့ပြီ။ ဘာတွေ အောင်မြင်ခဲ့လဲ။ ဘာတွေ ကျဆုံးခဲ့လဲ။

ဖြေ။ ။ ၂ နှစ်တာကာလအတွင်း တော်တော်ကြီး သတိထားပြီး အလုပ်လုပ်တယ်လို့ ယူဆရမှာပေါ့နော်။ တည်ငြိမ်မှုကို မပျက်ပြားစေချင်ဘူးလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် တစ်ဖက်မှာကျတော့လည်း လူတွေက မဲပေးလိုက်တာက အပြောင်းအလဲအတွက် မဲပေးတာ အနာဂတ်အတွက် မျှော်လင့်ချက်အတွက် မဲပေးတာပေါ့။ ဒါပေမယ့် အနာဂတ်နဲ့ပတ်သက်ပြီး ပြင်ဆင်လုပ်ဆောင်တာမျိုးအပေါ်မှာကျတော့ အဝေးကကြည့်တဲ့အခါမှာ သိပ်မတွေ့ရဘူး။ အတိတ်အကျိုးဆက်တွေ အတိတ်ကဆက်လာတာတွေကို ဖြေရှင်းနေရတာနဲ့ အစိုးရ အချိန်ကုန်နေရသလိုမျိုးဖြစ်နေတယ်ပေါ့နော်။ အဲဒီတော့ ဘယ်လောက်ထိသွားနိုင်မလဲ၊ ဘယ်လောက်ထိ ရွေ့နိုင်မလဲဆိုတာ လူထုကလည်း မျှော်လင့်တဲ့အနာဂတ်ကိစ္စပေါ့။ အဲဒီဘက်ကို ဘယ်လောက်အထိ အချိန်ပေးပြီးတော့ ဆောင်ရွက်မလဲ၊ ဘယ်လောက်ထိ ပုံဖော်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်ထင်တယ်။ အဲဒါအားကောင်းလာမှ အပြောင်း အလဲတွေကလည်း အားကောင်းလာမယ်လို့ထင်တယ်။ အရင်အစိုးရနဲ့ သဘောသဘာ၀ မတူတာက အရင်အစိုးရက အတိတ်နဲ့ အဆက်ဖြတ်ရေးက သူရဲ့ ပင်မ စိန်ခေါ်ချက်ပေါ့နော်။ ဒီအစိုးရမှာကျတော့ အတွေ့အကြုံရယူရေးနဲ့ တည်ငြိမ်ရေးက ပင်မ ရည်ရွယ် ချက်ဖြစ်လာ တယ်။ အဲဒီသဘောသဘာဝက ပေးထားချက်အရလည်း မတူဘူး ထင်ပါတယ်။ အဲဒီတော့ ပိုပြီး လှုပ်ရှားသာတာက အရင်အစိုးရက ပိုပြီး ခုန သူရဲ့စိန်ခေါ် ချက်အရ လှုပ်ရှားသာတယ်၊ လှုပ်ရှားလည်းပြရတယ်ပေါ့။ နောက်တစ်ခုက တတိယတစ်ချက်ကတော့ ခုနက ပြောတဲ့ တရားဝင်မှုမှာကျတော့ အရင်အစိုးရက အားနည်းတယ်။ အခုအစိုးရက အားကောင်းတယ်။ အားနည်းတာရဲ့ အကျိုးဆက်က NGO တွေနဲ့ Legitimacy ရအောင် ပူးပေါင်း ဆောင်ရွက် ရတယ်။ မီဒီယာတွေရဲ့ တုံ့ပြန်မှုတွေ ရအောင် လုပ်ရတယ်။ ဒီမိုကရေစီအရွေ့ အတွက် အခွင့်အရေးတွေကို လေးစားရတယ်။ ဒါတွေအကုန်လုံးကို ထူထောင်ယူရတယ်။ အရင်အစိုးရက ။ အခုအစိုးရမှာကျတော့ Legitimacy က အပြည့်လိုဖြစ်နေတယ်။ ပြောရရင်တော့ အရင်အစိုးရနဲ့ ယှဉ်လိုက်ရင် သူတို့ရဲ့ သဘောသဘာဝအရကို စောစောက ပြောတာတွေ လိုအပ်ချက်တွေ မဟုတ်ဘူး။ တကယ်လို့ အနာဂတ်ကိုဇောင်းပေးပြီး ကြည့်လိုက် ရင်တော့ အဲဒါတွေက လိုအပ်ချက်လို့ ရှင်းရှင်းမြင် လာရမှာပေါ့နော်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ လောက်အတွင်း အုပ်ချုပ်ရေး စနစ်အတွင်းမှာ ပါဝင်ခွင့်မရခဲ့ဘဲနဲ့ ခုမှ စပြီး ပါဝင်လာရတဲ့ အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ ဒီလိုအတွေ့ အကြုံဖြတ်သန်း ရဦးမယ်ထင်တယ်။

မေး။ ။ အခုက သိပ်ကို ခေတ်စားနေတဲ့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး။ သိပ်မကြာခင်မှာ ဦးရွှေမန်းက “သူ၊ ကျနော်နဲ့ မြန်မာ့နိုင်ငံရေး” ဆိုတဲ့ စာအုပ် ထွက်လာဖို့ လည်းရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအပေါ် ဦးရွှေမန်း သြဇာ သိပ်ကြီး နေတယ် ဆိုတဲ့ ယူဆချက် တွေ။ ဆရာ ဘယ်လိုသုံးသပ်မလဲ။

ဖြေ။ ။ တစ်ခုကတော့ စောစောကပြောသလို အတွေ့အကြုံမရှိ၊ ရှိခွင့်မရခဲ့တဲ့ ကိစ္စကြောင့် ပေါ့။ အဲဒါကြောင့်မို့လို့ အုပ်ချုပ်ရေးထဲကို ဝင်မယ်ဆိုတဲ့အခါမှာ ယေဘုယျအားဖြင့် ဝန်ကြီး နေရာတွေကို နိုင်ငံရေးခေါင်းဆောင်တွေယူကြတာကိုး။ ဒီမှာတော့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တွေက တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်နေရာတွေ ယူထားတယ်။ တိုင်းဒေသကြီး /ပြည်နယ် အစိုးရ ဝန်ကြီးနေရာအများစုက နိုင်ငံရေးပါတီဝင်တွေဖြစ်ကြတယ်။ ဆိုတော့ နားလည်လို့ရတာက ဒါက အတွေ့အကြုံရယူနေတယ်။ အုပ်ချုပ်ရေး အတွေ့ အကြုံ ရယူ နေတယ်လို့ နားလည်လို့ရတယ်။ ဗဟိုအစိုးရမှာကျတော့ အငြိမ်းစားအရာရှိတွေ အများစု ပါဝင်တဲ့ အစိုးရအဖွဲ့ဖြစ်တယ်။ ဆိုတော့ အဲဒီလူတွေကို ဘယ်လိုရွေးချယ်ခဲ့ သလဲဆို တာက မီဒီယာကလည်း မသိကြဘူး။ ကျနော်တို့က ကောလဟလနဲ့ပဲ ကြားရတာပေါ့။ ကောက်ချက်ချ ရေးတဲ့ နိုင်ငံခြားက ဆောင်းပါးတွေလည်း ဖတ်ရတယ်။ ဆိုတော့ ယေဘုယျအားဖြင့် စောစောက ပြောတဲ့ နှစ်ပေါင်း ၆၀ လောက်အတွင်းမှာ အုပ်ချုပ်ရေးကဏ္ဍအတွင်းမှာ အတိုက်အခံ နိုင်ငံရေးက ပါဝင်ခွင့်မရတာရဲ့အကျိုးဆက်လို့ ပြောရမယ်။ အဲဒီအချိန်မှာ တစ်စုံတစ်ရာအတွေ့အကြုံရှိတဲ့ သူတွေနဲ့များ ထိန်းရင် တည်ငြိမ်မှုကို ရနိုင်မလားဆိုတဲ့ စဉ်းစားပုံက ပိုပြီးတော့ ကျယ်လာခဲ့တယ်လို့ ကျနော်ကတော့ ခန့်မှန်းကြည့်တယ်။ ဒါကလည်း သဘာဝကျတယ်လို့လည်း ထင်တယ်။ စိုးရိမ်ထိုက်တဲ့ဟာမျိုးပေါ့။ ဆိုတော့ အဲဒီအချိန်မှာ ဒီလွှတ်တော်ထဲမှာလည်း မိတ်ဖက်လိုဖြစ်သွားတဲ့အခါကျတော့ ဦးရွှေမန်းရဲ့ အကြံဉာဏ်တွေကို ယူခဲ့တာလည်း ဒါက သဘာဝကျတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့ တစ်ပြိုင်နက်တည်း မှာပဲ အဲဒါကြောင့်မို့လို့ မီဒီယာတွေမှာ ဦးရွှေမန်းအစိုးရဖြစ်တယ်လို့ ပြောကြတာက သဘာ၀ ကျတယ်လို့လည်း ကျနော်က အဲဒီလိုပဲ ထင်တယ်။ ဆိုတော့ ဒါက မလွှဲမရှောင်သာ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ကြုံရတာလေ။ တစ်ဖက်မှာကျတော့လည်း သိပ်ပြီး ဖိနှိပ်မှုပြင်းထန်တဲ့ကာလမှာ ဒီNLD ပါတီကို ဆက်ဆံဖို့ကို တော်တော်လေးကျဲကျဲ တောက် ရှိခဲ့တာလည်း NLD ပါတီဘက်က လူတွေက ပြောကြပါတယ်။ အဲဒီတော့ ဘယ်သူ တွေက လူအရင်းအမြစ်တွေကို ဘယ်ကရနိုင်လဲဆိုတာမှာ သိမြင်မှုမှာ ကျတော့လည်း သိမြင်မှုဆိုတာက ဆက်ဆံရေးတွေနဲ့ပေါ့နော် သိလာဖို့ဆိုတာက NLD မှာ အကန့်အသတ်ရှိတယ်။ ဆိုတော့ အဲဒီအခြေအနေအတွင်းက အစိုးရအဖွဲ့ ဖွဲ့ရတာပေါ့။ ဒါက ဒုတိယတစ်ချက်။ တတိယအချက်ကလည်း တကယ်ရော အာဏာလွှဲမှာလားဆိုတာ အဲဒီအချိန်အထိ မသေချာ မရေရာဘူး။ အဲဒီအတွက် NLD က ပြင်ပြင်ဆင်ဆင်လည်း သိပ်ပြီး မရှိခဲ့ဘူးလို့ပြောလို့ရတယ်။ဒါပေမယ့် ဆိုင်ရာ ကော်မတီတွေတော့ ဖွဲ့ပြီးလုပ်ခဲ့တာပေါ့။ ဒါတွေက ပြင်ဆင်နေတာပါလို့ ပြောခဲ့တာလည်းရှိပါတယ်။ ဒါပေမယ့် လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုတာကို ပြဖို့ကျတော့ ပြနိုင်တဲ့ ပြပုံပြနည်းမှာက ပြတတ်တဲ့ လူက ကိုယ့်ဘက်မှာ ရောရှိသလား။ အနည်းဆုံးကိုယ်ကတော်ပေမယ့်လို့ တော်တာကိုလည်း ဆုံးဖြတ်ချက်ချတဲ့ သူသိအောင်ပြရဦးမှာကိုး။ အဲဒီလိုနေရာတွေမှာ အဆက်အသွယ်တွေ လုပ်ပိုင်ခွင့်ရလို့ သုံးခဲ့တာတွေ ဒါမျိုးတွေမှာကျတော့လည်း NLD ပါတီဝင်တွေအနေနဲ့ အခွင့်အလမ်း မရခဲ့ကြဘူးလို့ထင်တယ်။ အဲဒီအခြေအနေအတွင်းမှာတော့ ဒါတွေက မလွှဲမရှောင်သာ ဖြစ်သွားတယ်လို့ထင်တယ်။ ဒါပေမယ့် လာမယ့် ရွေးကောက်ပွဲမှာတော့ တကယ်လို့သာ NLD က နိုင်ခဲ့ရင်တော့ စောစောကပြောထားတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာရှိနေတဲ့ နိုင်ငံရေးပါတီဝင်တွေဟာ ဗဟိုအစိုးရမှာ တာဝန်ယူနိုင်တဲ့ အနေအထားရောက်လာကြမယ်လို့ မေ ျှာ်လင့်ရတာပေါ့။ ဒါပေမယ့် တစ်ဖက်ကနေ ပြောရရင်လည်း အဲဒီ တိုင်းဒေသကြီးအဆင့်က နိုင်ငံရေးပါတီဝင်တွေကို အရည်အသွေး မြင့်မားလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လေ့လာသင်ယူရေး အစီအစဉ်တစ်ရပ်ကိုတော့လည်း မတွေ့ရပြန်ဘူး။ အဲဒီတော့ အတွေ့အကြုံအရပဲ လေ့လာသင်ယူနေရတာမျိုးဖြစ်နေတယ်။ ဒါကလည်း အားနည်းချက် တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါတွေက လက်ရှိကြုံတွေ့နေရတဲ့ မလွှဲမရှောင်သာ ဖြစ်နေရ တဲ့ဟာတွေပေါ့။ ပေးထားချက်အရ မြန်မာနိုင်ငံအနေနဲ့ ဒီလောက်ပဲရမယ်ထင်တယ်။ ဖြစ်နိုင်ရင်တော့ ဒါထက်ပိုရရင်တော့ ကောင်းတာပေါ့လေ။ ဒါပေမယ့် ဒီလောက် တည် တည်ငြိမ်ငြိမ်နဲ့ ဖြတ်နိုင်တယ်ဆိုရင်ကို ကျနော်အနေနဲ့ဆရင်တော့ အားရတယ်လို့ မပြောနိုင်ရင်တောင် မဆိုးလှပါဘူးလို့ ပြောချင်တာပါ။

မေး။ ။ စာသမား ပေသမား လူအေးလူရိုး သမ္မတဦးထင်ကျော် နေရာမှာ နိုင်ငံရေးသမား ဦးဝင်းမြင့်တက်လာခြင်းက ဘာတွေ ပြောင်းလဲဖို့ မြင်ရမလဲ။ သူ့မိန့်ခွန်းတွေမှာတော့ ပြတ်သားမှုနဲ့ အပြောင်းအလဲတွေတော့ ပြောလာပြီ။ တကယ်ပဲ ပြောင်းလဲမယ်ထင်လား။ တပ်မတော်နဲ့ ဆက်ဆံရေးကော ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ တပ်မတော်နဲ့ ဆက်ဆံရေးမှာတော့ ထူးထူးခြားခြားသိပ်ပြီးတော့ ပြောင်းလဲ မယ်မထင်ဘူးပေါ့လေ။ ပထမဦးဆုံးတပ်မတော်နဲ့ တွေ့တဲ့အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဝင်းထိန်ရယ်၊ ဦးဝင်းမြင့်ရယ်၊ ဒေါက်တာဇော်မြင့်မောင်ရယ်၊ ဒေါက်တာတင်မျိုးဝင်းရယ် ၅ ယောက်သွားတွေ့ကြတယ်လို့ ကျနော် မှတ်မိတယ်။ အဲဒါပြီးတဲ့နောက်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာတင်မျိုးဝင်းက အဓိက ပါဝင်လာကြတယ်။ ဦးဝင်းမြင့်က လွှတ်တော်ကို ရောက်သွားတယ်။ ဒေါက်တာဇော်မြင့်မောင် က မန္တလေးကို ရောက်သွားတယ်။ ဦးဝင်းထိန်က ပါတီဘက်ကို ရောက်သွားတယ်ပေါ့။ ဒီတော့ နောက်ပိုင်းမှာတော့ ကျနော်တို့ သတင်းတွေမှာ တွေ့ရတာနဲ့ ထင်မြင်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ တပ်မတော်နဲ့ ဆက်ဆံရေးကို အဓိကထားပြီး ကိုင်တွယ်လုပ်ဆောင်တယ်လို့ ထင်ရတယ်။ အဲဒီအခြေအနေမျိုးမှာတော့ ဆရာဦးဝင်းမြင့်ရဲ့ အခန်းကဏ္ဍမှာက အတော်အတန်လေး နည်းလိမ့်မယ်လို့ထင်တယ်။ တကယ်တော့ အဲဒီကဏ္ဍမဟုတ်တဲ့ အခြားကဏ္ဍတွေမှာ ပိုပြီးတော့ ဖိဖိစီးစီး ဆောင်ရွက်စေချင်လို့များ ဦးဝင်းမြင့်ကို သမ္မတအဖြစ်နဲ့ ရွေးချယ်လိုက်တာလားပေါ။ မဟုတ်ရင်တော့ ဦးထင်ကျော်လိုပဲ Ceremonial Function လို့ပြောတဲ့ ပွဲတက်သမ္မတအဖြစ်နဲ့ပဲ အခြားတစ်ယောက်ကို ရွေးလို့ရပါတယ်။ ဦးဝင်းမြင့်ကို ရွေးလိုက်တာကိုက ဒေါ်အောင်ဆန်းစုကြည် မကြည့်နိုင်တဲ့ အခြားသော နယ်ပယ်တွေမှာ ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်စေချင်လို့ ဦးဝင်းမြင့်ကို သမ္မတအဖြစ် တင်တယ်လို့ ကျနော်ကတော့ ထင်တယ်။ တပ်မတော်နဲ့ ဆက်ဆံရေးမှာ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ကိုင်တွယ်မှာမို့လို့ ဦးဝင်းမြင့်က ဒီလောက် အခန်းကဏ္ဍရှိလိမ့်မယ်လို့ မထင်ဘူး။

မေး။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာကို NLD မဟုတ်တဲ့ ဦးတီခွန်မြတ်ကိုပေးတယ်။ ကာ/လုံမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖွဲ့ဝင်ဖြစ်သလို နောင်လာမယ့် ၂ နှစ်ခွဲအတွက်လည်း ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် တာဝန်ထမ်းဆောင်ရမယ်။ သိပ်ကို အရေးကြီးတဲ့ နေရာကို NLD မဟုတ်တဲ့သူကို ပေးခြင်းက ဘာအဓိပ္ဗာယ်လဲ။ အကျိုးဆက်က ဘာတွေဖြစ်နိုင်မလဲ။

ဖြေ။ ။ ဦးရွှေမန်းနဲ့ တပ်မတော် ဆက်ဆံရေး မကောင်းဘူးဆိုတဲ့ ရှုထောင့်ကကြည့်မယ် ဆိုရင်တော့ ဦးရွှေမန်းရဲ့ လူတစ်ယောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ ကာ/လုံထဲ ပါလာတာကို တပ်မတော်က သဘောတွေ့ပါမလားလို့ မေးခွန်းထုတ်စရာရှိတယ်။ တစ်ဖက် မှာလည်း ကာ/လုံကို ဒီအစိုးရတက်လာကတည်းက မခေါ်ခဲ့တဲ့အတွက်ကြောင့် နောင်မှာလည်း ဆက်လက်မခေါ်ဘူးလို့ ယူဆတယ်။ ဦးတီခွန်မြတ်ကို ဥက္ကဋ္ဌ ရာထူးပေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ရဲ့ ဆက်ဆံရေးမှာ သိပ်ပြီးတော့ ထူးထူးခြားခြား သက်ရောက် စရာ မရှိဘူး။ တပ်ရဲ့ အမြင်မှာတော့ မြင်ပုံမှာတော့ သက်ရောက်မှုရှိကောင်း ရှိသွားနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဦးရွှေမန်းရဲ့ သြဇာ ပိုပြီးတော့ သက်ရောက်နေပြီလား ဒီလိုမြင်သွားရင်တော့ ထူထောင်ထားတဲ့ ယုံကြည်မှုလေးတွေက ပြန်လည်ပြီးတော့ ပျက်ပြားသွားနိုင်တာပေါ့။ အဲဒီလို ပျက်ပြားသွားပြီဆိုရင် ကိုယ့်ဘက်က ဘာပဲလုပ်လုပ် ကိုယ်လုပ်တာနဲ့ အဓိပ္ဗာယ်ကောက်တာက တစ်မျိုး အဓိပ္ဗာယ်ကောက်တာတွေ ဖြစ်နိုင်တယ်။ ဒါဆိုရင်တော့ ထိခိုက်နိုင်တယ်။ အဲဒီတစ်ချက်လေးကပဲ စိုးရိမ်စရာ ကောင်းတယ် လို့ ကျနော်ထင်တယ်။ အခြားအနေနဲ့ကတော့ ဒီဦးတီခွန်မြတ် တက်လာတဲ့ အတွက်ကြောင့် လွှတ်တော်ရဲ့ စီမံခန့်ခွဲမှု တွေ ထိခိုက်မလား၊ လွှတ်တော်ရဲ့ ဥပဒေပြုရေး ကိစ္စတွေမှာ ဦးရွှေမန်းရဲ့ ကော်မရှင်ရဲ့ သြဇာတွေ ပိုပြီးတော့ ရှိသွားမလား။ ရှိသွားမယ် ဆိုတာက ငြိမ်းစုစီ ဥပဒေလိုဟာမျိုး နိုင်ငံတကာ အသင်းအဖွဲ့တွေကို ထိန်းချုပ်မယ့် ဥပဒေရေးဆွဲနေတယ်လို့ ပြောတယ်။ အခုတော့ ဝါရှင်တန်ပို့စ်လို သတင်းစာကြီးတွေကတောင် စပြီးရေးလာကြပြီ။ ဒီလိုဥပဒေတွေက NLD ဥပဒေပြု ကော်မတီက လာတာမျိုးမဟုတ်ဘဲနဲ့ ဦးရွှေမန်းရဲ့ ကော်မရှင်က လာတယ်လို့ ကြားသိရတယ်။ နောက်ပြီးတော့ အခွန်ဥပဒေ ဆိုလို့ရှိရင်လည်း NLD စီးပွားရေးကော်မရှင်က လာတာမျိုးမဟုတ်ဘဲနဲ့ ဦးရွှေမန်း ကော်မရှင် ကလာတယ်လို့ ကြားသိရတယ်။ အဲဒီလိုအချက်တွေကြောင့်တော့ ဥပဒေပြုရေး ကိစ္စကြီး တစ်ခုလုံးမှာပါ ဦးရွှေမန်းရဲ့ သြဇာက ပိုမိုကြီးမားစွာ သက်ရောက် သွားပြီးလားလို့ စိုးရိမ်မယ် ဆိုလို့ရှိရင်လည်း စိုးရိမ်ဖို့ အကျိုးအကြောင်းနဲ့ လျှော်ညီတဲ့ အချက်လို့ ပြောလို့ရတယ်။ ဒီလို သက်ရောက်မှုတွေက အခုလည်း ရှိနေဆဲဖြစ်တယ်။ အခု ဦးတီခွန်မြတ်ဖြစ်လာရင်လည်း ဆက်လက်ပြီး ရှိနေလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.