interview

“လာဘ်စားတယ်ဆိုတာ ကြောက်ခမန်းလိလိ။ သိန်းထောင်သောင်းချီ စားနေကြတာလေ။ အခွင့်အရေးတွေက အဲလိုပေးတော့ အဲဒီမှာ ယူမှာပေါ့။ လဲတာပေါ့”

Photo Credit- http://www.mypol.eu/

အငြိမ်းစား ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ် ဦးဝင်းခေါင်နှင့်တွေ့ဆုံခြင်း

By ခေတ်သစ်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသော ရဲတပ်ဖွဲ့သည် ပြောင်းလဲ လာသော အစိုးရအဆက်ဆက်၏ မူဝါဒနှင့် သဘောထားများအပေါ် မူတည်ပြီး တည်ဆဲ အစိုးရ၏ အသုံးချခံ ကိရိယာ၊ ပြည်သူလူထုကို ဖိနှိပ်သော ယန္တရားအဖြစ် အသွင် ပြောင်းသွား ခဲ့ရသော သမိုင်းဖြစ်ရပ်များစွာ ရှိနေသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမှန်တကယ် ပြည်သူလူထုကို ကိုယ်စားပြုပြီး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်သော ပြည်သူ့ ရဲတပ်ဖွဲ့ အဖြစ်ပြုပြင် ပြောင်းလဲ နိုင်ခြေ နှင့်စပ်လျဉ်းပြီး အငြိမ်းစားရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဦးဝင်းခေါင် နှင့်တွေ့ဆုံမေးမြန်း ထားပါ သည်။



မေး။ ။ ရဲတပ်ဖွဲ့ အနေနဲ့ လက်ရှိမှာ ပြုပြင်ပြောင်းလဲရေး လိုအပ်နေပြီလား။ ပြည်သူလူထု အားကိုးယုံကြည်တဲ့ ရဲတပ်ဖွဲ့ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေး ဘယ်လိုလုပ်သင့်လဲ။

ဖြေ။ ။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးက အခုမှသာ မဟုတ်ဘူးလေ။ ခေတ်အဆက်ဆက် လုပ်ခဲ့ တယ်။ လွတ်လပ်ရေးရပြီးတဲ့ကာလမှာလည်း ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လုပ်ခဲ့တာပဲ။ ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်းပဲ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ လုပ်ခဲ့တာပဲ။ နောက်တစ်ခါ ဆိုရှယ်လစ်ခေတ်ရောက် တဲ့အခါကျတော့လည်း ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ လုပ်ခဲ့တာပဲ။ ၁၉၈၈ နောက်ပိုင်း နဝတ အစိုးရလက်ထက်မှာလည်း ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ လုပ်ခဲ့တာပဲ။ သူ့ခေတ် အဆက်ဆက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်တော့ လုပ်ခဲ့တယ်။

သူ့နည်းသူ့ဟန်နဲ့ကတော့ ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်မှုရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သမိုင်းအထောက်အထားတွေ အကုန်လုံးရှိတယ်။ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကောက်ကြောင်းဆိုပြီး ရေးထားတာလည်းရှိတယ်။ ခေတ်အဆက်ဆက် လုပ်ခဲ့တယ်။ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ပဲ ပြောရမယ်။ တာဝန်ရှိတဲ့သူတွေ အသီးသီးကတော့ သူ့ခေတ် သူ့အခါမှာတော့ ရဲတပ်ဖွဲ့ကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ် တယ်ဆိုတဲ့ အသိအမြင်ကတော့ ခေတ်အဆက်ဆက်မှာ အသိအမှတ်ပြု လှုပ်ရှားခဲ့ကြ တယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး။ ပြင်စရာမလိုဘူးလို့ ဘယ်အစိုးရမှ မပြောဘူး။

ဒါပေမယ့် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းဘူး။ သူ့နည်းသူ့ဟန်လေးနဲ့ အကုန်လုံးကို ပြင်ခဲ့ကြတဲ့ အချိန်မှာ ဥပမာ-လွတ်လပ်ရေး ရပြီးစ ကာလနဲ့ ၁၉၆၄ မတိုင်မီမှာဆိုလို့ရှိရင် ရဲတပ်ဖွဲ့ကြီးကို ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ ဖြစ်အောင် Democratize ဖြစ်အောင် ဘယ်လိုသွားမလဲဆိုတဲ့ လမ်းကြောင်းနဲ့ အနောက် ဥရောပနိုင်ငံ တွေကို လေ့လာရေး ခရီးတွေ စေလွှတ်တယ်။ သေသေချာချာ အင်္ဂလန်၊ ဂျာမနီတို့လို့ သေသေချာချာ အဲဒီပုံစံတွေ ဒိတ်ဒိတ်ကျဲ နိုင်ငံကြီးတွေရဲ့ ရဲတပ်ဖွဲ့တွေက ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာကို အနောက်နိုင်ငံတစ်ခွင် ပြဲပြဲစင်အောင် စေလွှတ်ပြီးပြီဆိုမှ အကြံပြုချက်စာတမ်းတွေနဲ့အညီ ဒီမိုကရေစီ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ အဖြစ် ပြုပြင်ပြောင်းလဲရေးကြိုးပမ်းဆောင်ရွက်ခဲ့တာ တွေ့ရတယ်။

အဲဒါက ရှေးကလူတွေ လုပ်ခဲ့ကြတာပေါ့။ ဆိုရှယ်လစ်ခေတ်မှာကျတော့ ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြောင်းလဲခဲ့ကြပြန်ရော။ ခေတ်စနစ် အပေါ် မူတည်ပြီး ပြောင်းလဲကြတာကိုး။ နဝတ လက်ထက်ကျတော့လည်း ပြောင်းလဲတာပဲ။ သေချာတာကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ ဖြစ်အောင် ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ အခြေခံသဘောက တော့ တူတော့တူတယ်။ သို့သော်လည်း ခေတ်စနစ်ပေါ်မှာမူတည်ပြီး သူရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချက် တွေကို လုပ်တဲ့နေရာမှာ အယူအဆလေးတွေ အနည်းငယ် ကွဲပြားတာရှိတာပေါ့။ ဒါတွေက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် အကျဉ်းချုပ်ပေါ့။

မေး။ ။ ခေတ်အဆက်ဆက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တယ်။ ဒါပေမယ့် မအောင်မြင်ဘူး ဆိုတော့ ဘာကြောင့် မအောင်မြင်တာလဲ။

ဖြေ။ ။ မအောင်မြင်တာက ဘာကြောင့်လဲလို့ ပြောရင် ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသိရေချိန်နဲ့အတူ ဘက်ပေါင်းစုံက အကုန်လုံး လုပ်ရမှာ။ ရဲတပ်ဖွဲ့ဆိုတာဟာ အာဏာရအဖွဲ့အစည်း တစ်စု၊ တစ်ဖွဲ့ရဲ့ အသုံးချခံ ကိရိယာ မဖြစ်စေရဘူး။ လူထုကို ကာကွယ်စောင့်ရှောက်ဖို့နေရာမှာ လူထုကလည်း အပြည့်အ၀ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ဖို့လိုတယ်။ အုပ်ချုုပ်မှုစနစ်ကို သွားတဲ့အခါမှာ အစိုးရတွေက ဥပဒေနဲ့ ညီတယ်ပြောတိုင်း တရားမ ျှတတာတော့ မဟုတ်ဘူး။ ဥပဒေနဲ့ညီပေမယ့် တရားမ ျှတမှု မရှိတာတွေ အများကြီးရှိတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ အုပ်ချုပ်ချင်တာလား၊ ဥပဒေအရ အုပ်ချုပ်ချင်တာလား၊ တရားဥပဒေစိုးမိုးရေးရအောင် အုပ်ချုပ်မှာလား။ Rule of law နဲ့ သွားမလား၊ Rule By Law နဲ့ သွားမှာလား။ များသောအားဖြင့် ဒီမိုကရေစီနိုင်ငံတွေကတော့ Rule By Law နဲ့ သွားခြင်း အစားကို Rule of law ဖြစ်အောင် သွားဖို့အတွက်ကို အားသန် ကြတယ်။ အရေးကြီးတာအားဖြင့်တော့ ရပ်ရွာအေးချမ်းသာယာရေးရရှိဖို့၊ တရားဥပဒေ စိုးမိုးရေးရရှိဖို့ အချို့သောနေရာတွေမှာ ဥပဒေဆိုတဲ့ဟာကို ပြည်သူလူထု မသိပေမယ့် သူ့ရပ်ရွာအေးချမ်းနေတယ်။ ပြည်သူလူထုရဲ့ အသိရေချိန်ကလည်းမြင့်နေတယ်။

အုပ်ချုပ်သူကလည်း စေတနာ ကောင်းတယ်။ အဲဒီဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သူတွေက အကျင့်စာရိတ္တကလည်းကောင်းနေတယ် ဆိုလို့ရှိရင် Rule Of Law ဆိုတာ ဖြစ်တာပဲ။ ဥပဒေတွေ ဘယ်လောက်ပဲ ထုတ်ထားထား လူသတ်မှုက ဘယ်လို၊ မုဒိမ်းမှုက ဘယ်လို၊ ဘယ်လိုချမယ်ဆိုတဲ့ ဥပဒေတွေ ထုတ်ထားဦး ဥပဒေကို ကာကွယ် စောင့်ရှောက်မယ့်သူက ကိုယ်ကျင့်သိက္ခာမရှိဘူးဆိုရင် တစ်ဖက်ကလူကလည်း နိုင်ငံရေး အမြတ်ထုတ်ပြီး သုံးချင်တယ်။ ပြည်သူကလည်း အသိရေချိန် မရှိဘူး။ ဒီတော့ ဥပဒေ ရှိချင်ရှိမယ်လေ။ တရားဥပဒေစိုးမိုးရေးဆိုတာ တည်ငြိမ်အေးချမ်းဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အောင်မြင်တဲ့စနစ်အကုန်ဖြစ်ဖို့အတွက် ပြည်သူလူထု အခန်းကဏ္ဍ လည်းလိုတယ်။ အုပ်ချုပ်သူရဲ့စေတနာလည်းလိုတယ်။ တရားဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ တနည်းအားဖြင့် အပြန်အလှန် လေးစားတဲ့ အစဉ်အလာကောင်းတစ်ခုကို မွေးထုတ်ပေးဖို့ လိုတယ်။

မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး က တပ်မတော်သားဖြစ်ရမယ်ဆိုတာ ပြဋ္ဌာန်းထားတယ်။ ရဲနဲ့တပ်က သီးခြားစီ မထားသင့် ဘူး လား။ ရဲက တရားဥပဒေစိုးမိုးရေးအလုပ်လုပ်ရပြီးတော့ တပ်က နိုင်ငံ ကာကွယ်ရေး လုပ်ရတာ ဆိုတော့ သီးခြားမခွဲသင့်ဘူးလား။

ဖြေ။ ။ နိုင်ငံတွေမှာ ကိုင်တွယ်မှုပုံစံတွေမှာ မတူကြဘူး။ ရဲသည် သာမန် လက်နက်ကိုင် အဖွဲ့အစည်းလို့ ဒီလို သာမန်ရှုမြင်သုံးသပ်ရုံနဲ့မပြီးဘူး။ အခြေခံသဘောတရားပေါ်မှာ ကွာ တယ်။ ဘယ်လိုအခြေခံသဘောထားကွာလဲဆိုတော့ ရဲဆိုတာက Individualism ဖြစ်တယ်။ ရဲဆိုတဲ့ဟာက Servant က သူရဲ့ နယ်မြေကို ထိန်းသိမ်းဖို့အတွက် လူဆိုးထိန်း သွားတယ်။ ရဲသည် တစ်ဦးချင်းရဲ့ စွမ်းရည်အပေါ်၊ တစ်ဦးချင်းရဲ့ အရည်အသွေး တည်ဆောက်မှု အပေါ်မှာ အများကြီး အခြေခံတယ်။ တပ်ကျတော့ အစုအဖွဲ့နဲ့သွားတာ။ တပ်ကျတော့ တပ်သား တစ်ယောက်တည်းလွှတ်တယ်ဆိုတာမရှိဘူး။ အနည်းဆုံးကတော့ အဖွဲ့လေးနဲ့ တပ်စိတ်၊ တပ်စုနဲ့ ဒီလို လှုပ်ရှားသွားလာရတာ။ အစုအဖွဲ့နဲ့ လှုပ်ရှားမှု သဘောတရားပေါ်မှာ အခြေခံ ရတယ်။ ရဲကို Individualism လို့ ပြောမယ်ဆိုရင် ရတယ်။ သူရဲ့ ဥပဒေတတ်ကျွမ်းမှု ၊ ဥပဒေကို နားလည်မှု၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှု သူရဲ့ စွမ်းရည် ထက်မြက်မှု၊ နယ်မြေ အခြေအနေကို နှံ့စပ်သိမြင်မှု စတဲ့ ဒီအကြောင်းအရာတွေက ရဲလုပ်ငန်းမှာ အများကြီးပါဝင်ပတ်သက်နေတယ်။

စစ်သားဆိုတဲ့ဟာက ဦးတည်တာက သူ့ကို လက်နက်ကိုင်ပြီးဆန့်ကျင်နေတဲ့ တိုက်ခိုက် နေသော ပုဂ္ဂိုလ်ကို ဖြစ်တယ်။ ရန်သူရဲ့ Target ချင်းရွေးတာကိုမှ မတူဘူး။ ရဲရဲ့ ရန်သူကျတော့ ဒုစရိုက်သမားများအားလုံးဖြစ်တယ်လေ။ ပြီးရင် ဥပဒေရဲ့ ဘောင်ထဲကနေ သူကိုယ်တိုင်က လုပ်ရတယ်လေ။ ဟိုမှာက ရန်သူနဲ့နှစ်ယောက်သား ရင်ဆိုင်တွေ့တဲ့အခါမှာ ဒိုင်းခနဲ ခေါင်းကိုမှန်လို့ သေသေ၊ ရင်ဘတ်မှန်လို့သေသေ ဟာ ဒီကောင်က တစ်လောင်း တစ်လက်ရတယ်ဟေ။ ဒီကောင် တော်တယ်၊ မဆိုးဘူးပေါ့။

ရဲက ဘယ်လောက်ပဲလုပ်ချင်ချင် ပစ်လို့ရသလား၊ မရဘူးလား ဥပဒေရဲ့ ကန့်သတ်ချက်ရှိတယ်။ ပစ်လို့မရတဲ့သူကို ပစ်လိုက်လို့သေသွားလို့ရှိရင် ရဲက လူသတ်မှု။ ရဲဆိုတဲ့အတွက်ကြောင့်မို့ သူတာဝန်ထမ်းဆောင်လို့ မတော်မတဖြစ်သွားတယ် ဆိုတာမျိုးမရဘူး။ သူသည် လူသတ်မှုကို ရင်ဆိုင်ရမယ်။ ရဲမှာ ကန့်သတ်ချက်တွေရှိတယ်။ ကျွမ်းကျင်မှုနဲ့ နားလည်မှုဆိုတာ အဲဒီအပေါ် မှာ မူတည်လာတယ်။ အဲဒီတော့ ရပ်ရွာဒေသနဲ့ ပေါင်းစပ်ပြီးတော့ အပြန်အလှန် သတင်းပေး ရမယ်။ သူရဲ့ ရန်သူသည် သူ့ရဲ့ပတ်ဝန်းကျင်မှာပဲ ဖြစ်နေတယ်။ သူ့ကို ပေါင်းသင်းနေတဲ့ စီးပွားရေးသမားကြီးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ သူရဲ့ Target သည် သီးသီးသန့်သန့်ဖြစ်သော ပီပြင်နေသော အရာမဟုတ်ဘူး။ အဲဒါကို စုံစမ်းဖော်ထုတ်ရတယ်။ စုံစမ်းဖော်ထုတ်ပြီး ငါ့ဟာငါ စီရင်မယ်ဆိုရင်လည်း စီရင်လို့မရဘူး။ တရားဥပဒေနဲ့အညီ တရားရုံးကို စွဲတင်ပေးရမှာ။ သူ့မှာ အပြစ်ရှိတယ်၊ မရှိဘူး ဆုံးဖြတ်မှာက တရားသူကြီး။ လုပ်ရတဲ့ Process က မတူဘူး။

လက်နက်ကိုင်လို့သာမန်အားဖြင့် မြင်လို့မရဘူး။ ရဲမှာ ဘောင်ကန့်သတ်ချက်တွေရှိတယ်။ ဒါကို နားလည်ဖို့လိုတယ်။ ဒါမှသာလျှင် ဘယ်လို ကိုင်တွယ်ရမလဲ။ စစ်တပ်ကတော့ ဟိုမှာ ရန်သူ ပေါ်တယ်။ မတည်ငြိမ်ဘူး။ မအေးချမ်းဘူး။ ဘယ်နေရာကို သွား၊ ဘယ်နေရာကို ကာကင်း ထိုးလိုက်။ ဘယ်နေရာကိုတော့ တိုက်ကင်းထိုးလိုက်။ ဘယ်နေရာမှာ ခံစစ်စခန်းတွေလုပ်လိုက် လုပ်လို့ရသော်ငြားလည်း ရဲမှာက အဲဒီလို လုပ်လို့မရဘူး။ လက်နက်ကိုင်အစုအဖွဲ့ ရဲ့ခြားနားချက် က အဲဒီအပေါ်မှာ တော်တော်ကြီးကို ခြားနားတယ်။ တော်တော်ခြားနားတယ်။

ဒီသဘောတရားကို နားလည်မှသာလျှင် ရဲကို ထိန်းချုပ်ဖို့ဆိုတာကို နောက်တစ်ဆင့် ထပ်စဉ်းစားရမယ်။ ဒါကြောင့်မို့လို့ တစ်ချို့သောနိုင်ငံမှာကျတော့ ရဲဆိုတဲ့ဟာ သည် ပြည်သူလူထုကို အနီးကပ်ဆုံး ဆက်ဆံနေသော အဖွဲ့အစည်းလည်းဖြစ်တယ်။ ပြည်သူ လူထုကြားထဲမှာလည်း ရပ်တည်တယ်။ ဥပဒေကိုလည်း နားလည်ပြီးတော့ဒါကို ကာကွယ်ရမယ်။ ရဲကို မတရားသဖြင့် အုပ်ချုပ်သူက အသုံးပြုလိုက်လို့ရှိရင် ဒီအသုံးချခံ ကိရိယာကြောင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း မအေးချမ်းဘူး။ ဆိုတော့ မင်းငါခိုင်းတာလုပ်၊ မင်းကို ငါ ရာထူးပေးနိုင်တယ်။ မင်းငါခိုင်း တာမလုပ်ရင် မင်းကိုဖြုတ်ပစ်လိုက်မယ်ဆိုတဲ့ ဥစ္စာမျိုးလုပ်လိုက်ရင် ရဲဆိုတာက အသုံးချခံ ကိရိယာ Tool အဖြစ် ကျဆင်းသွားလိမ့်မယ်။ အမှန်က သူ့ကို အသုံးချခံ Tool အဖြစ် သုံးဖို့မဟုတ်ဘူး။ သူသည် Law Enforcement ။ ဥပဒေကို အားဖြည့် ဆောင်ရွက်ပေးရမယ့် အဖွဲ့အစည်းတစ်ခု။ သူရဲ့ ဦးတည်ချက်ပဲ။

တစ်ချို့သော နိုင်ငံတွေမှာ ရဲကို သူရဲ့ အကြီးအကဲသည် ပြည်ထဲရေးက ကိုင်စေလို့ မဟုတ်ဘူး။ ဂျပန်မှာဆိုရင် အေဂျင်စီနဲ့ကိုင်တယ်။ ဂျပန်က (NPA) National Police Agency ပေါ့။ ကိုင်တဲ့အချိန်ကျတော့ ဝန်ကြီးဌာနတွေသည် လဝက၊ ပြည်ထဲရေး၊ ကျန်တဲ့ ဝန်ကြီးဌာန တွေလည်း ပါမှာပေါ့၊ တရားရေးကလည်း ပါတာပေါ့။ အဲဒီလို ပါတဲ့အဖွဲ့ကနေ ရဲတပ်ဖွဲ့ကြီးကို အလှည့်ကျ ထိန်းချုပ်တာ။ ဆိုတော့ ရဲတပ်ဖွဲ့ကို တစ်ဦးအောက်မှာ အသုံးချခံမဖြစ်အောင်။ ဒီမိုကရေစီ ဆန်ဆန် ထိန်းချုပ်တဲ့ပုံစံ။ ဒီလိုသွားတယ်။ တစ်ဦးတည်းရဲ့အောက်မှာ သွားလို့ရှိရင် တစ်ဦးတည်းရဲ့ သြဇာခံ ကြိုးဖြစ်သွားတာပေါ့။ ဒီလိုမဖြစ်အောင် ထိန်းသိမ်းကာကွယ်တဲ့ ကိုင်တွယ်မှုလည်းရှိတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာမှာ ဘယ်လိုကိုင်တွယ်လဲ။ အမျိုးမျိုး ကိုင်တွယ်တယ်။ တစ်လက်ကိုင်အဖြစ် ကိုင်တွယ်တယ်။ မိမိရဲ့ အသုံးချခံ ကိရိယာအဖြစ် ကိုင်တွယ်တယ်။ အုပ်ချုပ်နေတဲ့ လူတန်းစားအစိုးရက ဥပဒေတွေထုတ်ပြီး ဒီဥပဒေတွေကို ကာကွယ်စောင့်ရှောက်နိုင်အောင် ဒီဥပဒေကို ပြည်သူလူထု နှိပ်ကွပ်တဲ့ ကိရိယာအဖြစ် ကိုင်တွယ်တာလည်းရှိတယ်။ ပြည်သူကို ကာကွယ်ပေးမှုအနေနဲ့ ကိုင်တွယ်တာလည်းရှိတယ်။ အုပ်ချုပ်သူ လူတန်းစားက ဘယ်လိုအရင်းအမြစ်တွေကနေ အာဏာကိုရယူလာကြလဲ။ ဘယ်လို ဥပဒေတွေကို ထိန်းသိမ်းကာကွယ်ဖို့ထက် သူရဲ့ အစီအမံတွေက ဘာလဲ။ သူရဲ့ စေတနာက ဘာလဲဆိုတာ အကြောင်းအချင်းအရာပေါ်မှာမူတည်ပြီး ရဲတပ်ဖွဲ့ကို ကိုင်တွယ်မှု အပေါ်မှာ ပြောင်းလဲနိုင်တယ်။

မေး။ ။ တပ်မတော်နဲ့ ရဲ ယှဉ်ရင် ရဲကို တစ်ဆင့်နိမ့်အဖြစ် သတ်မှတ်ထားသလိုဖြစ်နေတယ်။ တစ်ဦးတစ်ယောက်တည်းရဲ့ အောက်မှာ ရှိနေတာဆိုတော့…

ဖြေ။ ။ ရဲတပ်ဖွဲ့ကို အဖွဲ့နဲ့ ကိုင်တွယ်တယ်ဆိုရင်တော့ အကောင်ဆုံးပေါ့။ ဒါမှသာလျှင် လူတစ်ဦး တည်းကို ကြောက်ရတာဆိုတာက မဖြစ်နိုင်တော့ဘူးလေ။ ဒီလူကြီးကို ပြောလိုက် လို့ရှိရင် ကိစ္စပြီးရော ဆိုတာမျိုးမရှိတော့ဘူး။ သူ့ကို အဖွဲ့အစည်းနဲ့ ထိန်းချုပ် ကိုင်တွယ် တဲ့အခါကျတော့ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ပိုပြီးကိုက်ညီတယ်။ အဓိက ဦးတည်ချက်က ဥပဒေကို လေးစားလိုက်နာရမယ်။ အဲဒီဥပဒေကလည်း ပြည်သူကို အကာကွယ်ပေးတဲ့ ဥပဒေဖြစ်ရမယ်။ ရဲသည် ပြည်သူ့အကျိုးစီးပွားကို သယ်ဆောင်သော ပြည်သူ့ ဝန်ထမ်းဖြစ်တယ်။ သူက Service ပေးတာ။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆိုတာ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းဖြစ်တယ်။ ဥပမာအားဖြင့် ကျနော်တို့ လက်ထက်တုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force) Force ဆိုတာက တပ်ဖွဲ့လေ။ တပ်ဖွဲ့ရဲ့ သဘောတရား။ တစ်ချို့နိုင်ငံတွေက နာမည်လေးက အစ လက်မခံဘူး။ သူသည် Police Service ဖြစ်ရမယ်။ လူထုကို အလုပ်အကျွေးပြုရမှာ။ အယူအဆတွေက အသုံးအနှုန်းတွေအပေါ်မှာ အများကြီး ကွဲပြားခြားနားတာတွေရှိတယ်။

မေး။ ။ တပ်နဲ့ရဲ ခွဲသင့်တာလား။

ဖြေ။ ။ အမှန်တကယ်တော့ သဘာဝက မတူကြဘူး။ သို့သော်လည်း မတူတဲ့အချိန်မှာ ဒီဘက်မှာလည်း လုပ်ရတဲ့အချိန်က ကန့်သတ်ချက်တွေတော့ ရှိတာပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ ပေါက်ဖွားလာတဲ့ သမိုင်းကြောင်း မတူတာလည်းပါတာပေါ့။ သမိုင်းကြောင်းမတူဘူး။ သမိုင်းကြောင်းမတူတဲ့အတွက် လူထုနဲ့နိုင်ငံအပေါ်မှာ ထားရှိပြီး လုပ်ရမယ့် ပုံစံတွေကလည်း မတူဘူး။ သေချာတာတစ်ခုကတော့ ဒီနိုင်ငံအနေနဲ့ကျတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့မရပြန်ဘူး။ နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေ၊ ဒီနိုင်ငံကြီး ဒိလိုဖြစ်ပေါ်နိုင်အောင် ရပ်တည်နိုင်အောင် ဆောင်ရွက်ခဲ့တာတွေကလည်း ရှိတယ်။

ဒီနိုင်ငံရဲ့ အနေအထားက တပ်နဲ့နိုင်ငံရေးသမိုင်းကြောင်းနဲ့က ခွဲလို့ကို မရလောက်အောင် တဆက်တည်း ရှိနေတယ်ဆိုတဲ့ အကြောင်းအရာကလည်း စဉ်းစားရတယ်။ သို့သော်လည်း ကျင့်စဉ်တွေအရ အသားကျလာပြိဆိုရင်တော့ ရဲလုပ်ငန်းနဲ့ တပ်လုပ်ငန်းဆိုတာဟာ ခွဲကို ခွဲရလိမ့်မယ်။ အရေးပေါ်အခြေအနေမှာ ပြန်လည်ပေါင်းစည်းဖို့ လည်း လုပ်ရဦးမှာ။ ကိုယ်က အင်အားမရှိဘူးလေ။ အင်အားကြီးနိုင်ငံတွေရဲ့ ကြားထဲမှာ ရှိနေတာကိုး။ ကမ္ဘာ့ရဲ့ အင်အားအကြီးဆုံး၊ လူဦးရေအရလည်း လက်နက်အင်အား၊ စီးပွားရေးအရရော ပါဝါတွေ တက်နေတဲ့ အိန္ဒိယရော၊ တရုတ်တို့လို့ နိုင်ငံကြီးတွေကြားမှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်တို့လို လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံတွေနဲ့ ဆက်စပ်နေတယ်။ ဒီလိုနိုင်ငံတွေကြားထဲမှာ ရှိနေတဲ့ နိုင်ငံဖြစ်နေလို့ အရာရာတိုင်းကို ပေတံတွေနဲ့ ထောက်လိုက်ပြန်လို့ရှိရင် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားရပြန်တယ်။ ဒါဒီလိုဖြစ်ရမယ်လို့ သီအိုရီ သဘော တရားနဲ့ ပြောလို့ရတဲ့အရာလည်းမဟုတ်ပြန်ဘူး။ သို့သော် လိုအပ်သော အချိန်မှာ ပေါင်းစည်းနိုင်ဖို့လည်း လုပ်ရမယ်။ သီးသီးသန့်သန့်လုပ်လို့မရတဲ့ အချိန်တွေလည်းရှိတယ်။

မေး။ ။ တပ်ကနေ အရာရှိတွေ ရဲဘက်ပြောင်းတဲ့အခါမှာ တစ်ဆင့်မြင့်ရာထူးတွေနဲ့ လာကြ တယ်။ တပ်ဘက်က ပေါင်းကူးစနစ်နဲ့ လာကြတာကြောင့် တကယ့် ရဲဝန်ထမ်းဘဝကို အောက်ခြေက စလာသူတွေအတွက် ရာထူးတက်တာနဲ့ပတ်သက်လို့ စိတ်ခံစားချက် ဖြစ် စေသလား။

ဖြေ။ ။ တကယ်တမ်းကျတော့ ပေါင်းကူးစနစ်ဆိုတာကို ပြောဖို့ဆိုလို့ရှိရင် ဝန်ထမ်းဌာန အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းမှုဆိုတဲ့ သဘောတရားကို ပြန်ပြောရလိမ့်မယ်။ ကူးပြောင်းတဲ့ အချိန်မှာ Pay Scale ချင်းမတူဘူး။ ခင်ဗျားက အရာရှိဘဝကနေ ဒီဘက်ကို ကူးရင် အရာရှိ ဘဝပဲ ပြန်ပေးရတယ်။ နှိမ့်ပေးလို့မရဘူး။ ပြဿနာက အဲဒီမှာစတာ။ ရဲတပ်ဖွဲ့မှာက ၃ ပွင့်ဖြစ်မှ ဦးစီးအရာရှိ ဖြစ်တာ။ ပြန်တမ်းဝင်အရာရှိဖြစ်တာ။ စစ်တပ်မှာက ၁ ပွင့် ဒုဗိုလ်သည် ပြန်တမ်းဝင် အရာရှိဖြစ်နေပြီ။ ဟိုဘက်က ၁ ပွင့်က ပြန်တမ်းအရာရှိဖြစ်တဲ့အတွက် ဒီဘက်ကို ပြောင်းတဲ့အခါ အနည်းဆုံး ရဲ ၃ ပွင့်က မဖြစ်မနေ ပေးကို ပေးရမှာ။ တပ်က ၂ ပွင့်နဲ့ ပြောင်းလာလည်း ရဲမှာက ၃ ပွင့် ပေးကို ပေးရမှာ။ သူက ပြန်တမ်းဝင်အရာရှိဖြစ်နေတာကိုး။ ဒီဘက်မှာက အခြားအဆင့်ဖြစ်နေတာ။ ရဲမှာက ၂ ပွင့်ဆိုတာက ရုံးအုပ်အဆင့်ပဲဖြစ်နေတယ်။ ဦးစီးအရာရှိမဟုတ်ဘူး။ Pay Scale မတူတာ။

ကျနော်က ရဲမှူးချုပ်နဲ့သာ ပင်စင်ယူတာလေ။ ကျနော့်ပင်စင်က စစ်တပ်က ဗိုလ်မှူးချုပ်နဲ့ သွားယှဉ်လို့မရဘူး။ တပ်ဘက်က ဒုဗိုလ်မှူးကြီး ပင်စင်လောက်ပဲ ရှိတယ်။ ကျနော်ရတာက။ ကောင်းတာက Pay Scale ညှိလိုက် အဆင့်လိုက် ညှိလိုက်။ မညှိဘူးဆိုလို့ရှိရင် ကူးပြောင်း တဲ့စနစ် မသွားနဲ့ Carrier(အခြေခံမှစတင်သည့် ရဲကိုသာ အဆင့်ဆင့်ရာထူးတိုးခြင်း) စနစ်ကို သွား လိုက်။ ပခုံးပေါ်က အပွင့်ချင်းတွေသာ တူကြတာ။ Pay Scale တွေက မတူကြ ဘူး။ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်နဲ့ ဟိုဘက်က ဗိုလ်မှူးချုပ်နဲ့ ဘာမှ မဆိုင်ဘူး။ လုပ်ရတဲ့ လုပ်ငန်းစဉ်သာ များပြား ကျယ်ပြန့်ခြင်းသာရှိတာ။ Pay Scale မယှဉ်နိုင်ဘူး။ အဲဒီလို မဖြစ် အောင် Pay Scale Level တွေညှိရမယ်။ Level ညှိပြီးတော့ သူ့ကို ပိုပေးချင်ရင် Pay Scale အနေနဲ့ မသတ်မှတ်နဲ့ ။ သူ့ကို အထူးစရိတ်တွေအနေနဲ့ ပေးလိုက်ပေါ့။ အဲဒါက ဟိုဘက်ကနေ ဒီဘက်ကိုပြောင်းတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အနေအထားတွေပဲ။ တပ်က အကုန်ပြောင်းလာရင် စာရေးစာချီ ပြာတာအနေနဲ့ ပြောင်းလာတာမရှိဘူး။ အနည်းဆုံးတော့ ဦးစီးအရာရှိတွေ အနေနဲ့ချည်းဝင်လာကြတာက ဟိုက အရာရှိအနေနဲ့ ပြောင်းလာတာကိုး။ အကုန်လုံးမှာ ဖြစ်နေတဲ့ အနေအထား။ အစဆွဲလိုက်လို့ရှိရင် ပြဿနာပေါင်းက သောင်း ခြောက်ထောင်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် စနစ်တကျ ပညာရှင်အဖွဲ့နဲ့ ကို စဉ်းစားပြီးပြီဆိုမှ လုပ်သင့် တဲ့အလုပ်တွေ။

မေး။ ။ လူတွေက ရဲဆိုရင် ငိုစား၊ ရယ်စားလို့ မြင်ကြတယ်။ လူထုက ရဲတွေအပေါ် ထားတဲ့ Image က ဒီထက်တက်လာဖို့က ဘာတွေ လုပ်ရမလဲ။

ဖြေ။ ။ ရှေ့ပိုင်းမှာ အဖြေပါပြီးပြီလေ။ လူထုကို ဝန်ဆောင်မှုပေးရမယ်။ ဆောင်ပုဒ်လေး ပြောင်းရုံ၊ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်ပြောင်းရုံနဲ့ အမူအကျင့်တွေ ပြောင်းလဲ မသွားဘူး။ လူထုသည် သူတို့လိုအပ်သလို ရဲတွေကို ဆက်ခန့်ဖို့ တောင်းဆို ပိုင်ခွင့်ရှိရ မှာဖြစ်သလို ဖြုတ်ချပိုင်ခွင့်လည်း ရှိရမယ်ဆိုလို့ရှိရင် ကောင်းတာပေါ့။ အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင် ရိုးရိုးရဲတွေရှိသလို လူထုယုံကြည်ကိုးစားပြီး လူထုကို ကိုယ်စားပြုတဲ့ ရဲဆိုတာလည်းရှိတယ်။ ဖွဲ့စည်းမှုပုံစံကိုက အဲဒီလူတွေကိုပါ ပေါင်းစပ်ထားတယ်။ သူက အကာအကွယ် ပေးရမှာ။ ဥပဒေအရတော့မှန်တယ်။ ပြည်သူလူထုကို အကူအညီပေးရမယ်။ ပြည်သူကို နှိပ်စက်ရမယ်။ ရိုက်ရမယ်လို့ ဘယ်ဥပဒေကမှ တစ်လုံးတစ်ပါဒမှ ရေးမထားဘူး။ ဥပဒေကတော့ အကာ အကွယ် ပေးထားချည်းပဲ။ အဲဒီလို အကာအကွယ်ပေးထားတာကို စနစ်တကျ မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။

ရဲသည် မင်းဆီကို လူတစ်ယောက် အမှုလာတိုင်တယ်၊ အမှုဖွင့်ပေးရမယ်။ အမှုတိုင်တယ် ဆိုတာ ဖုန်းနဲ့တိုင်လည်း လက်ခံရမယ်။ စာနဲ့တိုင်လည်း လက်ခံရမယ်။ သို့သော် ကျနော်တို့ ဆီမှာ အဲဒါ မဖြစ်ဘူး။ တိုင်တဲ့အမှုတိုင်း ဖွင့်မပေးဘူး။ ဖွင့်ချင်ဖွင့်မယ်။ မဖွင့်ချင် မဖွင့်ဘူး။ ကျနော်တို့စုံစမ်းလိုက်မယ်။ ဒီလောက်ပဲ။ Service ကွာ တယ်။ ကျနော်တို့ ဆိုင်တစ်ဆိုင်၊ ကုန်တိုက်တစ်တိုက်ထဲကို ဝင်တယ်ဆိုရင် Service ကွာ လို့ရှိရင် လူတွေ ပွစိပွစိ ပြောကြ တယ်။ ဝန်ထမ်းတွေရဲ့ Service ကွာတာကိုလည်း ပြောပြ ထောက်ပြနိုင်တဲ့ အနေအထား မျိုးဖြစ်လာမှ လူထုနဲ့ ဝန်ထမ်းတွေကြားမှာ အမြင်ကြည်လင်မှု ဖြစ်လာမယ်။

မေး။ ။ နိုင်ငံတကာမှာတော့ Police Academy (ရဲတက္ကသိုလ်)တွေ ရှိတယ်။ ဒီမှာကျတော့ ဘွဲ့ရတွေကို ဒုရဲအုပ်အဖြစ် ခေါ်ယူလေ့ကျင့် သင်တန်းပေးတဲ့ ရဲလေ့ကျင့်ရေး ကျောင်း လောက် ပဲရှိတယ်။ ရဲတက္ကသိုလ်လိုဟာမျိုးတွေ မလိုဘူးလား။

ဖြေ။ ။ ဒါကတော့ ကျနော်တို့ လက်ထက်ကတည်းက လုပ်မယ့်အစီအမံတွေတော့ လူကြီး တွေ က ခေါင်းထဲမှာ ရှိတယ်။ သို့သော် အခြေအနေအကြောင်းကြောင်းတွေကြောင့် မဖြစ်လာ သေးတာ။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အကုန်လုံး က တကယ်တမ်းချမှတ်ထားတဲ့ အစီအမံတွေအတိုင်းဆိုရင် တစ်နေ့ တစ်ချိန်မှာတော့ ဖြစ် ကိုဖြစ် ဖို့ လိုအပ်ပါတယ်။ နိုင်ငံတစ်ခုအတွက်လိုအပ်ပါတယ်။

မေး။ ။ ရဲတပ်ဖွဲ့မှာ အကျင့်ပျက်ခြစား၊ လာဘ်ပေးလာဘ်ယူ မရှိအောင် ဘာလုပ်ရမလဲ။

ဖြေ။ ။ အကျင့်ပျက်ခြစားမှုဆိုတာက ကိုယ်ရဲ့ သီလ၊ သမာဓိကို မထိန်းသိမ်းတာကနေ ဖောက်ဖျက်တာ။ အဲဒီတော့ ကျနော့် အယူအဆကတော့ လစာတစ်ခုတည်းပေါ်မှာ အခြေခံတဲ့ ပြဿနာမဟုတ်ဘူး။ လူတွေက ပြောကြတယ်။ လုံလောက်တဲ့လစာပေးလိုက်။ လုံလောက်တဲ့ လစာဆိုတာ ခင်ဗျားက လက်ဖွာနေလို့ရှိရင် လုံလောက်တဲ့ လစာဆိုတာက ဘယ်လောက်ကို ပြောတာလဲ။ လုံလောက်သော လစာဆိုတာ ဘာနဲ့ တိုင်းမလဲ။ လစာတိုးပေးရုံနဲ့ လူတွေရဲ့ ကိုယ်ကျင့်သိက္ခာတွေ သိသိသာသာ ပြောင်းလဲလာသလား။ ဒီကနေ့ လူတွေဟာ စားဝတ်နေမှု ပြဿနာတွေ လုပ်နေတာလား၊ တိုက်ဆောက်ဖို့ ကားစီးဖို့ လုပ်နေတာလား။ စိန်နားကပ်ပန်ဖို့ ဆောင်ရွက်နေတာလား။ ထမင်းနပ်ဖို့ လုပ်နေတာလား။

ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်း ဖို့ဆိုတာက လူတစ်ဦးချင်းရဲ့ သီလသမာဓိနဲ့ အပေါ်မှာသာလျင် အခြေခံတယ်။ လူတွေက လစာမလောက်ဘူးလို့သာ ပြောကြတယ်။ တစ်ရက်ကို လက်ဖက်ရည်ဆိုင်ကလည်း ကြုံတိုင်း ၄၊ ၅ ၊ ၆ ကြိမ်လောက်ထိုင်ချင်တယ်။ ညနေက ယမကာ မှီဝဲချင်တယ်။ မှောင်လို့ရှိရင် ကာရာအိုကေသွားချင်တယ်။ ကျန်တဲ့ အပျော်အပါး ကလည်း မက်လိုက်ချင်သေးတယ်။ စီးကရက်ကလည်း လက်ကြားက မချချင်ဘူး။ လစာ မလောက်ဘူးပြောတယ်။ ဘောလုံး ကလည်း လောင်းလိုက်ချင်သေးတယ်။ သူရဲ့ လိုအပ်ချက်တွေ လုံလောက်သော လစာကို ဘာနဲ့သွားတိုင်းမလဲ။ ဒါကြောင့်မို့လို့ လစာတိုးပေးတယ်ဆိုတာ မှန်ကန်သော ဖြေရှင်းချက် မဟုတ်ဘူး။ ကျနော်အနေနဲ့ ယူဆတာက သူရဲ့ အဆင့်အတန်းနဲ့ လျှော်ညီတဲ့ Facilities ကို ဖြည့်ဆည်းပေး။

စားဝတ်နေမှုကို ပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို စဉ်းစားပေး။ သူ့အနာဂတ် အရေးအတွက် နိုင်ငံတော်က စဉ်းစားပေး။ အဲလို စဉ်းစားပေးရမယ်။ အဲလို စဉ်းစား ဆောင်ရွက်မှသာလျှင် မှန်ကန်တဲ့ ထွက်ပေါက်ကို ရောက်မယ်။ ဥပမာအားဖြင့်- ကျနော်တို့ နှစ်ပေါင်း ၄၀ ကျော် နိုင်ငံ့ တာဝန်ထမ်းဆောင်လာတယ်၊ ငါပင်စင်ယူရမယ်လို့ သတိရလို့ အကုန်လုံးကြည့် လိုက်တဲ့ အခါမှာ နေစရာ အိမ်မရှိဘူး။ စီးစရာကားဆိုတာ ထားလိုက်တော့ ။ ဟာ အဲဒါဆို အဲဒီဝန်ထမ်းရဲ့ ဘဝလုံခြုံမှုက သူဘယ်လိုလုပ်မလဲ။ ဒါတွေက အစိုးရက စဉ်းစားပေးရမှာ။ ငါကတော့ သက်ပြည့်ပင်စင်ယူလို့ရှိရင် မိသားစု အေးအေး ချမ်းချမ်း နေထိုင်နိုင်အောင် ချမ်းသာတဲ့ အဆင့်ကြီးမဟုတ်တောင် သင့်တင်လျောက်ပတ်တဲ့ ငါ့အဆင့်နဲ့ လျှော်ညီတဲ့ အိမ်တော့ ရမှာပဲ ဆိုတဲ့ အာမခံချက်လေးသာရှိလို့ရှိရင် ဒီဝန်ထမ်း ဘဝကို အပြစ်မဖြစ်အောင် နေမှာပဲ။ အပြစ်ဖြစ်သွားလို့ ကစ်ထုတ်လိုက်လို့ရှိရင် ဒီအခွင့်အရေး ဆုံးရှုံးသွားပြီ။ အရေးလည်း အယူခံရမယ်။ အဲဒီလို တစ်ဖက်က ထိန်းချုပ်ပေးရမယ်။ လုပ်သက်ရင့်လာတဲ့အမျှ အာမခံချက် ရှိတော့ လုပ်သက်ကို မက်တွယ်မှာပေါ့။ အခုက လူတွေက လုပ်သက်ကို မမက်တော့ဘူး။ ခင်ဗျား လတ်တလော သိန်း ၂၀၀၊ သိန်း ၅၀၀ ပေးမယ်၊ ဘယ်ဥစ္စာတော့ ဘယ်လိုလုပ်လိုက် ဆိုလို့ရှိရင် သူက နှစ်ပေါင်း ၄၀၊ ၅၀ တောင် မရနိုင်တဲ့ ပမာဏကို ဒီမှာရမယ်ဆိုတော့ လဲတယ်လေ။ လွတ်လို့ရှိရင် ငါချမ်းသာပြီ။ မလွတ်လို့ရှိရင်လည်း ခဏခံလိုက်တာပေါ့ကွာ ဆိုတဲ့ မထူးဇတ်တွေရဲ့ အဂတိလိုက်စားမှုကို တွန်းအားပေးနေတာ။ ဒါက ရှုထောင့် တစ်ခုတည်းကနေပဲ ပြောနေတာ။ တကယ်တမ်းက အများကြီးထည့်သွင်းစဉ်းစားရမယ်။ လွယ်လွယ်ကူကူစဉ်းစားလို့မရဘူး။

ဝန်ထမ်းတွေရဲ့ အနာဂတ်ဘ၀ လုံခြုံမှုကို နိုင်ငံတော်က စီမံရမယ်။ လစာတစ်ခုတည်း တိုးပေးရုံနဲ့ မရဘူး။ အခု လစာ ၁ သိန်းကို ၅ သိန်းတိုး ပေးလိုက်ပြီပဲထား။ ခင်ဗျားကို မူးယစ်ဆေးဝါးသမားတစ်ယောက်က သိန်း ၅၀၀ ပေးပြီး လာဘ်ပေးပြီး အကုန်လုပ်လို့ရှိရင် ခင်ဗျားက ၅ သိန်းယူမလား၊ သိန်း ၅၀၀ ယူမလား။ ခင်ဗျားက အဲမှာ လိုက်သွားမှာပဲ။ လူ့သဘော၊ သဘာဝ။ မိမိရဲ့ကိုယ်ကျင့်သိက္ခာဆိုတာ ဘယ်လောက်ပဲ ဆင်းရဲ၊ ချမ်းသာ ငါ့ကို နိုင်ငံတော်က ကြည့်ပေးထားတာ၊ ငါလုပ်မယ်ဆိုတဲ့ သံယောဇဉ် စိတ်ရှိနေမှ ဖြစ်မှာ။ အဲဒီစိတ်ဖြစ်အောင် Motivate လုပ်ပေးရမယ်။ Intensive တွေထားပေးရမယ်။ ဘဝလူမှုဖူလုံရေး၊ အေးချမ်းချမ်းနေလို့ရအောင်၊ သားသမီးတွေ ပညာရေး သေသည်အထိ အေးအေးချမ်းချမ်းနဲ့ လုံခြုံမှုအတွက်ကို နိုင်ငံတော်ကနေ တာဝန်ယူပေးထားတယ်ဆိုတဲ့ဥစ္စာ။ တာဝန်ယူပေးထားတယ်ဆိုတာ ဘလိုင်းကြီးမဟုတ်ဘူး။ ကျနော့်ကို လစာ ၃ သိန်းပေးတယ် ဆိုရင် တစ်လကို ၂ သိန်းခွဲပေးပြီး ၅ သောင်းကို အိုနာစာ အတွက် အစိုးရက တစ်ခါ တည်းဖြတ်ထားလိုက်။ လစာသည် အခွန်လွတ်ဖြစ်နေရမယ်။ အနာဂတ်ရေးရာကို စဉ်းစားနိုင်မှ ဝန်ထမ်းတွေ စိတ်ဓာတ်ပြောင်းလဲမယ်။ အဲဒီလို လုပ်ပေးထားပါလျက်နဲ့ လာဘ်ယူတယ်ဆိုရင် ထိထိရောက်ရောက် အရေးယူရမယ်။

လစာတိုးပေးရုံ သက်သက်နဲ့ကတော့ Sorry ပဲ။နိုင်ငံတော်က ၁ သိန်းပေးနေရတာကို သိန်း ၁၀၀ တိုးမပေးနိုင်ဘူး။ စီးပွားရေးသမားက ပေးတယ်ဆိုတာက သိန်း ၅၀၊ ၁၀၀ ၊ ၂၀၀။ တစ်ချို့တွေဆိုရင် လာဘ်စားတယ်ဆိုတာ ကြောက်ခမန်းလိလိ။ သိန်းထောင်သောင်းချီ စားနေကြတာလေ။ အခွင့်အရေးတွေက အဲလိုပေးတော့ အဲဒီမှာ ယူမှာပေါ့။ လဲတာပေါ့။ အဲဒီလို လဲတဲ့လူတွေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်း နိုင်ငံတော်က သိမ်းပစ်လိုက်ရမှာ။ ပြတ်ပြတ်သားသားချ။ အခုက အမှုဖြစ်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်။ ၄ ၊၅ နှစ် လောက် နေတော့ အကုန်လုံးပြီး။ စားထားတာတွေကလည်း သုံးမကုန်၊ ဖြုန်းမကုန်ဆိုတော့ လူတွေက အဲဒီ အပေါ်မှာ လုပ်တာပေါ့။ လောင်းကစားသမာစိတ်ဓာတ်နဲ့ပြောမယ်ဆိုရင် တန်သလား၊ တန်တယ်ပေါ့။ တန်လို့စားတယ်ဆိုတဲ့ ပုံစံဖြစ်လာတာ။ ဒါတွေမဖြစ်အောင် ထည့်သွင်း စဉ်းစား ရမယ်။ လစာဆိုတာ မှန်ကန်တဲ့ ဖြေရှင်းချက်မဟုတ်ဘူး။ အတိုင်းအတာ တစ်ခုအထိ ထည့်သွင်း စဉ်းစားရတာမှန်သော်ငြားလည်း မှန်ကန်တဲ့ဖြေရှင်းချက်မဟုတ်ဘူး။

မေး။ ။ မှန်မှန်ကန်ကန် တရားဥပဒေစိုးမိုးဖို့ ဘာလုပ်ရမလဲ။

ဖြေ။ ။ ယုံကြည်မှု တည်ဆောက်ရမယ်။ နိုင်ငံတော်က ဝန်ထမ်းတွေကို တာဝန် ပေးလိုက် ရှိရင် တာဝန်ကျေပွန်စာလုပ်မှာပဲ လို့ယုံကြည်ရမယ်။ သူလုပ်ပိုင်ခွင့်၊ ဥပဒေနဲ့အညီ လုပ်မှာ ပဲလို့ယုံကြည်ရမယ်။ ရဲဆိုတဲ့လူကလည်း ငါတို့ဟာ ပြည်သူအပေါ်မှာ Service ပေးရမယ့် သူတွေပဲ။ ငါတို့သာ မှန်မှန်ကန်ကန်လုပ်ရင် ငါတို့ရဲ့ အနာဂတ် အရေးအတွက် အကုန်လုံးကို အပေါ်ဘက်ကလည်း မှန်ကန်တည့်မတ်စွာ ငါတို့ကို အကာ အကွယ်ပေးမယ်လို့ ယုံကြည်မယ်။

ပြည်သူလူထုကလည်း ငါတို့ကို အကူအညီပေးမှာပဲလို့ ယုံကြည်ရမယ်။ ပြည်သူကလည်း ဒီလူတွေဟာ ငါတို့အတွက် အကာအကွယ်ပေးဖို့ ဥပဒေနဲ့ အညီ အကာအကွယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း။ ငါတို့လိုတဲ့ အကူအညီတွေ အချိန်မရွေးတောင်းလို့ရတယ်။ သူဟာငါတို့ကို Service ပေးရမယ့် အဖွဲ့အစည်းပဲ။ ဒါကြောင့်မို့လို့ ငါတို့ကလည်း သူတို့ကို တတ်နိုင်သမ ျှ ကူညီမယ်လို့ ယုံကြည်မှုရှိရမယ်။ ပြည်သူက တစ်ခါ အစိုးရအပေါ်။ အစိုးရ ကလည်း ငါတို့ကို ဒီမိုကရေစီနည်းကျ ဥပဒေနဲ့အညီ ရဲကို အသုံးချခံ ပစ္စည်းအဖြစ် ငါတို့ကို ဖိနှိပ်ဖို့ သုံးတာမဟုတ်ဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမှာပဲလို့ ယုံကြည်ရမယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ကွင်းဆက်တွေနဲ့ တည်ဆောက်နေတာ။ ယုံကြည်မှု တည်ဆောက်ခြင်းကသည်သာလ ျှင် အခြေခံအကျဆုံး အချက်ပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.