All News Local News political news

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အဆူခံရ

ရန်ကုန်၊ မေ ၂၇

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တိုင်းအစိုးရ လုပ်ငန်းစဉ်တချို့နှင့်ပတ်သက်၍ ဆုံးမ ဆူထားကြောင်း သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နှင့် ရန်ကုန်တိုင်း ဒေသကြီးမှ ရွေးကောက်တင်မြှောက်ခံထားရသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အမတ်များ မေလ ၂၄ ရက်နေ့က တွေ့ဆုံကြစဉ် ယင်းသို့ ဦးဖြိုးမင်းသိန်း အဆူခံရခြင်းကို ကြားသိရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“အန်တီက ကိုဖြိုးမင်းသိန်းကို ဆူထားတယ်ဆိုတာ ထုတ်ပြောတယ်။ အဓိက ရန်ကုန်က စီမံကိန်း တွေနဲ့ ပတ်သက်မယ်ထင်တယ်။ တိုင်းလွှတ်တော်အမတ်တွေဘက်က ကန့်ကွက် တာ တွေကလည်းရှိနေတော့။ နောက်ပြီး အားလုံး သင့်သင့်မြတ်မြတ် ရှိကြဖို့လည်း သတိပေး တယ်။ တိုင်းလွှတ်တော်အမတ်တွေနဲ့ ပြည်ထောင်စု အဆင့် အမတ်တွေကြားမှာ ခွဲခြား ဆက် ဆံ မှုတွေ ရှိတယ်ဆိုတာလည်း အန်တီက သူပြန်ကြားတယ်ပေါ့။ ဘာမှ ခွဲခြားစရာ မလိုဘူး။ အမတ်ဆိုတာ အတူတူပဲ။ ခွဲခြားတာတွေ ပြန်ကြားရလို့ အားလုံးကို သတိပေးတယ်” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပြ စီမံကိန်းများနှင့် ပတ် သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်းပြင်း ထန်ထန်ကန့်ကွက်လျက်ရှိပြီး စီမံကိန်းများကို လွှတ်တော်ကိုတိုင်ပင်ခြင်းမရှိဘဲ တင်ပြရုံ သက်သက်ဖြင့်သာ ဆောင်ရွက်နေ၍ ကန့်ကွက်သည်ဟု ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆူခံထားရသော်လည်း မကြာမီ ဆောင်ရွက်မည့် အစိုးရအပြောင်းအလဲတွင် ပါဝင်မည်မဟုတ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်တွင် ဆောင်ရွက်နေသည့် စီမံကိန်းများကို ဗဟိုအဆင့်ကို တင်ပြပြီး တိုင်းအဆင့် သို့ တင်ပြခြင်းမပြုသည့်အတွက် သတိပေး ဆူခံရသည့် သဘောဖြစ်ကြောင်း သိရှိရသည်။

“အခု စီမံကိန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ကန့်ကွက်နေတယ်။ ဒါပေမယ့် ဦးဖြိုးမင်းသိန်း လုပ်တဲ့ စီမံကိန်းတွေက ပြည်ထောင်စုအဆင့် ကို တင်ပြပြီး သွားတဲ့သဘောပေါ့။ သိသလောက်တော့ အစိုးရအပြောင်းအလဲမှာတော့ သူ မပါလောက်ဘူး။ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က ဆူတယ်ဆိုတာကလည်း သတိပေးတဲ့ သဘော။ ဆင်ခြင်ဖို့ သဘောပြောတဲ့ ပုံစံပါ” ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.