Features

နယ်/လုံဝန်ကြီးတွေ အမိန့်မနာခံဘူးလား

By သာလွန်ဇောင်းထက် (ခေတ်သစ်သတင်းအေဂျင်စီ)

နိုင်ငံတော်သမ္မတရုံးက မေလ ၂၉ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာရန် ရန်ကိစ္စဆိုတဲ့ အချက် ၄ ချက်ပါ ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပြီး အဲဒီညွှန်ကြားချက်မှာ အဓိက အားဖြင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ဝန်ကြီးချုပ်တွေကို အသိပေးတင်ပြပြီး သဘောတူညီချက်၊ အတည်ပြုချက် ရရှိပြီးမှ ဆောင်ရွက်ဖို့ ညွှန်ကြား လိုက်တာပါ။

အချက် ၄ ချက်ပါ ညွှန်ကြားချက်မှာ အဓိကအားဖြင့် ဝန်ကြီးချုပ်တွေဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံ သူတွေဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေဟာ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေမှာ ပြည်ထောင်စုအစိုးရနဲ့အတူ ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးတွေဟာ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဝန်ကြီးချုပ်တွေကို အသိပေး တင်ပြ အတည်ပြုချက်ရယူပြီးမှ လုပ်ကြဖို့ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက လိုက်နာကြဖို့ ညွှန်ကြားထားတာပါ။

သမ္မတရုံးညွှန်ကြားချက်ကို ခွဲခြမ်းစိတ်ဖြာခြင်း

အချက် ၄ ချက်ပါ ညွှန်ကြားချက်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် ပြည်နယ်/တိုင်း ဝန်ကြီးတွေအနေနဲ့ ဝန်ကြီးချုပ်ကို အသိမပေးဘဲ လုပ်နေတဲ့ ကိစ္စတွေ ရှိနေတာ အသေအချာပါပဲ။ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးတွေအများစုဟာ အရပ်သားတွေဖြစ်ကြပြီး အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ခန့်အပ်သူတွေဖြစ်ပါတယ်။ အရပ်သားဝန်ကြီးတွေအနေနဲ့ NLD က ခန့်အပ်သူတွေ ဖြစ်တာမို့ နိုင်ငံတော် သမ္မတနဲ့ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တွေနဲ့ အတူ ပူးတွဲ ဆောင်ရွက်ကြမှာက အသေအချာပါပဲ။ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ဟာ အရပ်သား တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး တွေနဲ့ လည်း သက်ဆိုင်ပေမယ့် ဦးတည်ချက်ကတော့ သူတို့မဟုတ်ပါဘူး။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေမှာ NLD က ခန့်အပ်သူမဟုတ်ဘဲ တပ်မတော်ကနေ တိုက်ရိုက် လာတဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတွေလည်းရှိနေပါတယ်။ သူတို့တွေက တပ်မတော်က တိုက်ရိုက် လာတဲ့အပြင် တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက် နေကြတာပါ။

နယ်/လုံဝန်ကြီးတွေဟာ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေနဲ့ ပတ်သက်ပေမယ့် လုံခြုံရေးရာကိစ္စတွေမှာ ကိုယ့် သဘောနဲ့ ကိုယ် စီမံမှုတွေ ရှိနေတာကြောင့် ဒီသမ္မတရုံးညွှန်ကြားချက် ထွက်ရှိလာတာဖြစ်နိုင်တယ်လို့ နေပြည်တော်မှာရှိနေတဲ့ NLD လွှတ်တော်အမတ် အများစုက သုံးသပ်ကြပါတယ်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်မှာ ပါဝင်တဲ့ အချက်တွေမှာလည်း ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတဲ့ အချက်ကို ဦးစားပေးအချက်အဖြစ် ဖော်ပြထားတာမို့ နယ်/လုံဝန်ကြီးတွေနဲ့ အဓိက သက်ဆိုင်တဲ့ ညွှန်ကြားချက်အဖြစ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သုံးသပ်ပါတယ်။

တစ်နည်းအားဖြင့် ဆိုရသော် နယ်/လုံဝန်ကြီးတွေ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကို အသိမပေးဘဲ လုပ်တဲ့ ကိစ္စရပ်တွေကြောင့် အထူးသဖြင့် အမိန့်ညွှန်ကြားချက်မခံယူဘဲ လုပ်တဲ့ ကိစ္စတွေ ရှိလာတာတွေကြောင့် ဒီညွှန်ကြားချက် ထွက်လာတာလို့ ယူဆတဲ့ အမတ်တွေလည်း တော်တော်များများ ရှိနေပါတယ်။

ဘယ်လို ဖြစ်စဉ်တွေမှာ နယ်/လုံဝန်ကြီးတွေက ကိုယ့်သဘောနဲ့ ကိုယ်ဆောင်ရွက်မှုတွေရှိနေပါသလဲ။ ဝန်ကြီးချုပ်တွေ မသိဘဲ ဘယ်လို ဖြစ်စဉ်တွေ ရှိနေပါသလဲ။

တာမွေ စစ်ပွဲရပ် ဆန္ဒပြပွဲ ဖြစ်စဉ်

မေလ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တာမွေ စစ်ပွဲရပ် ဆန္ဒပြပွဲဖြစ်စဉ်မှာ အရပ်ဝတ် အကြမ်းဖက် စွမ်းအားရှင် ပုံစံ ဖြိုခွင်းမှုတွေပေါ်ပေါက်ခဲ့ပြီး အဲဒီဖြစ်စဉ်ဖြစ်ပေါ်လာတဲ့အချိန်မှာ ပြည်သူလူထုက အရုပ်ဆိုး အကျဉ်းတန်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်မှုတွေရှိပါတယ်။ အဲဒီဝေဖန်မှုတွေက NLD ပါတီကိုပါ ရိုက်ခတ်ပြီး အဲဒီနေ့က ဖမ်းဆီးခံရသူတွေကို အာမခံထုတ်နိုင်ဖို့ NLD အမတ်တွေကိုယ်တိုင် ကြိုးစားခဲ့ကြပါတယ်။ တာမွေစစ်ပွဲရပ် ဆန္ဒပြပွဲ ဖြစ်စဉ်မှာ စွမ်းအားရှင်ပုံစံ အသုံးပြုမှုကို NLD အမတ်တွေကိုယ်တိုင် လွှတ်တော်မှာ မေးခွန်းတင် မေးမြန်းကြတဲ့ အထိဖြစ်လာပါတယ်။

“ကျနော်သိသလောက် တာမွေစစ်ပွဲရပ် ဆန္ဒပြပွဲမှာ စွမ်းအားရှင်တွေ ပါလာတာက အားလုံးလည်း ဝေဖန်ကြတယ်။ ကျနော်တို့ ပါတီက လာတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီလိုဖြိုခွင်းဖို့ ခိုင်းမှာမ ဟုတ်ဘူး။ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက လုပ်တဲ့ ကိစ္စလို့ မြင်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ဆိုပါတယ်။

ဒီလိုအမြင်က မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဆီမှာလည်း ရှိနေပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတောင် မသိလိုက်ဘဲ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက သူ့သဘောနဲ့သူ လုပ်ဆောင်သွားတာလို့ ဒေါ်ဖြူဖြူသင်းကလည်း မြင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမှာ စွမ်းအားရှင်ပုံစံ ဖြိုခွင်းမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတောင် မသိလိုက်ဘဲ ဖြစ်သွားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို တင်ပြခြင်းမရှိဘဲ လုပ်ဆောင်သွားတဲ့ သဘောလည်းဖြစ်ပါတယ်။ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို မလိုက်နာဘဲ လုံခြုံရေး တာဝန်ရှိသူတွေ ဆောင်ရွက်သွားခဲ့တဲ့ ကိစ္စဆိုတာ ပေါ်လွင်ခဲ့ပါတယ်။

သီလဝါ မြေသိမ်းမှု ဖြစ်စဉ်မှ ပစ်ခတ်မှု

မေလ ၁၂ ရက်နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါ စက်မှုဇုန်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က သိမ်းယူတဲ့ မြေသိမ်းမှုကိစ္စနဲ့ပတ်သက်လို့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ အကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ပွားပြီး လယ်သမားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရပါတယ်။ အဲဒီ ပစ်ခတ်မှုဖြစ်စဉ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေနဲ့ တစ်စုံတစ်ရာ သိရှိခြင်းမရှိဘဲ နယ်/လုံဝန်ကြီးအမိန့် ညွှန်ကြားချက်နဲ့ ပစ်ခတ် နှိမ်နင်းခဲ့တာဖြစ်တယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

“ဝန်ကြီးချုပ်ကတော့ ပစ်တာခတ်တာ ကျမ သိသလောက် အဲဒီလောက်အခြေအနေထိကို သူမသိဘူး ထင်ပါတယ်။ အဲဒီနေ့က ကြားရတဲ့ ဒေသခံတွေပြောကြတာက နယ်လုံဝန်ကြီးအမိန့်ပါတယ်ပစ်ဆိုပြီး ဦးပိုင်က တာဝန်ရှိတဲ့သူက အမိန့်ပေးတယ်တော့ပေါ့လေ။ တာဝန်ရှိအဆုံးက နယ်လုံဝန်ကြီးဖြစ်ပါလိမ့်မယ်။ သူတို့ ဘယ်လိုမျိုး အမိန့်ပေးခဲ့လဲ။ သူတို့ အမိန့်မပေးဘဲ လုပ်တယ်ဆိုလို့ရှိရင်လည်း ဒါကစိစစ်ပြီးတော့ ဘယ်သူက ဒါကို ဆုံးဖြတ်ပေးတာလဲဆိုတာ စိစစ်ပြီး အရေးယူရမယ်။ ပထမ ကတည်းက ညှိနှိုင်းဖို့ကြိုးစားတာ။ ပြည်ထဲရေးဒုဝန်ကြီးကိုလည်း ကျမ ဆက်သွယ်ပြီးတော့ ဒါ ညှိနှိုင်းဖြေရှင်းဖို့လည်း တောင်းဆိုတယ်။ ဝန်ကြီးချုပ်ကိုလည်း ကျမ ဒါပဲပြောတာ။ ပဋိပက္ခဖြစ်မှာစိုးလို့ ညှိနှိုင်းဖို့ပြောတာ။ အဲဒီနေ့ကလည်း ညှိပေးမယ်ဆိုပြီး ပြောပြီးသား။ ပြောပြီးသားကို မစောင့်ဘဲနဲ့ ပစ်တဲ့အထိ ဖြစ်ကုန်တာပါ။ အစိုးရကို ဒီနေရာကို လုပ်ငန်းလုပ်ဖို့ ခွင့်တောင်းထားတယ်။ အစိုးရကလည်း ခွင့်ပြုထားတယ်ဆိုတာလောက်တော့ ကျမသိပါတယ်။ သို့သော်လည်း ရဲတွေရဲ့ ပဋိပက္ခပေါ် ဖြေရှင်းတဲ့ပုံစံကတော့ ဥပဒေအတိုင်း အဆင့်ဆင့်လိုက်နာမှု အားနည်းပါတယ်။ ဝန်ကြီးချုပ်ကတော့ ပစ်တဲ့ခတ်တဲ့အထိကို ဖြစ်တယ်လို့ မသိဘူးလို့ သိထားပါတယ်။ ပစ်ခတ်ဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားမှာမဟုတ်ဘူး ” လို့ ဒေါ်အေးမြမြမျိုးက ဆိုတယ်။

သီလဝါစက်မှုဇုန် မြေယာသိမ်းဆည်းမှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုမှာလည်း နယ်/လုံဝန်ကြီး ဆောင်ရွက်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် မသိလိုက်ဘဲ ပစ်ခတ်မှု ဖြစ်ပွားပြီးမှ နောက်ကနေ လိုက်ရှင်းလိုက်ရတဲ့ အခြေအနေဆိုတာလည်း ပေါ်လွင်ပါတယ်။

အရှင်ဝီရသူ၊ မောင်သွေးချွန် မျိုးချစ်တရားပွဲနဲ့ စစ်ကိုင်းတိုင်း နယ်/လုံဝန်ကြီး ပြောင်းလဲခြင်း

မတ်လ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ အမျိုးသားရေး ဆရာတော် အရှင်ဦးဝီရသူ၊ စာရေးဆရာ မောင်သွေးချွန်တို့က ဟောပြောပွဲတစ်ရပ်ကျင်းပခဲ့ပြီး အဲဒီဟောပြောပွဲမှာ NLD အစိုးရကို ပုတ်ခတ်တဲ့ ဟောပြောမှုတွေကို စာရေးဆရာ မောင်သွေးချွန်က ဟောပြောခဲ့ပါတယ်။

ဒီဟောပြောပွဲကိစ္စကို စစ်ကိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တစ်စုံတစ်ရာ သိရှိလိုက်ခြင်းမရှိဘဲ ဟောပြောပွဲ တရားဝင် ခွင့်ပြုချက် ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ နယ်/လုံဝန်ကြီးကနေ တိုက်ရိုက် ခွင့်ပြုချက် ရရှိသွားတဲ့ သဘောဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဟောပြောပွဲမှာ စာရေးဆရာ မောင်သွေးချွန်က ပြည်ထောင်စု လွှတ်တော်နှစ်ရပ်လုံးမှာ ဥက္ကဋ္ဌတွေက ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေ ရှိပါလျက်နဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ရွေးချယ်ခြင်းဖြင့် ဗုဒ္ဓဘာသာ ပျောက်ကွယ်တော့မယ်လို့ ဟောပြောခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အခု အမှုဖွင့်ဆောင်ရွက်နေပါတယ်။

ဒါပေမယ့် ဒီတရားဟောပြောပွဲကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် မသိဘဲ ကျင်းပခွင့်ပေးလိုက်မှု ပြဿနာက နောက်ဆုံးတော့ စစ်ကိုင်းတိုင်း နယ်/လုံဝန်ကြီး အပြောင်းအလဲ ဖြစ်ပေါ်အထိ ဖြစ်လာတာတွေ့ရပါတယ်။

မေလ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း ဒေသကြီး နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင် အစား ဗိုလ်မှူးကြီး သန်းထွန်းအောင်ကို အစားထိုးခန့်အပ်ကြောင်း သမ္မတက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်ဆန်းကတော့ “စာရေးဆရာ မောင်သွေးချွန်ကို မြို့နယ် တရားရုံးမှာ တရားစွဲလိုက်တယ်။ မြို့နယ်တရားရုံးက ဖမ်းမိန့် ထုတ်တယ်လို့ကြားတယ်။ စစ်ကိုင်းတိုင်း နယ်/လုံဝန်ကြီးပြောင်းသွားတယ်။ တရားပွဲဖြစ် မြောက် အောင်အတွက် နယ်/လုံဝန်ကြီးတို့က Pressure ဝင်ပေးလား မသိဘူးလေ။ ကျနော်တို့က နယ်/လုံ ဝန်ကြီးက မောင်သွေးချွန်ကိစ္စမှာ သူ့မှာ တာဝန်ရှိတယ်ဆိုတာမျိုး အဲဒါလောက်ပဲကျနော်သိတာ” လို့ ဆိုပါတယ်။

စစ်ကိုင်းဖြစ်စဉ်မှာလည်း ဝန်ကြီးချုပ်မသိဘဲ ဖြစ်ပေါ်လာတဲ့ တရားဟောပွဲကိစ္စက နယ်/လုံဝန်ကြီးအပြောင်းအလဲ အထိဖြစ်ပေါ်စေတဲ့အထိ ရာထူးထုတ်ပယ် ခန့်အပ် ရတဲ့ အခြေအနေတွေအထိ ဖြစ်လာပါတယ်။

နယ်/လုံဝန်ကြီးတွေ အမိန့်နာခံပါ့မလား

နိုင်ငံတော်သမ္မတရုံးက အမြဲတမ်းအတွင်းဝန် ဦးခင်လတ် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းများနဲ့အညီ လိုက်နာရန် ညွှန်ကြားချက်အရ နယ်/လုံဝန်ကြီးတွေအပါအဝင် ဝန်ကြီး တွေဟာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေကို အသိမပေးဘဲ အတည်ပြုချက် မယူဘဲ လုပ်ငန်း ဆောင်ရွက်မှုတွေ လုပ်ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ဗာယ်လည်း ပါဝင်ပါတယ်။

နယ်/လုံအပါအဝင် ဝန်ကြီးတွေ ဝန်ကြီးချုပ်အမိန့် မလိုက်နာရင်တော့ မကြာခဏဆိုသလို ဝန်ကြီး အပြောင်း အလဲလုပ်နိုင်တဲ့ အခြေအနေတွေ ရှိတာမို့ ဒီညွှန်ကြားချက်နဲ့ ဘယ်လောက်အတိုင်းအတာထိ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် အာဏာကို ချဲ့ထွင်နိုင်မလဲဆိုတာက စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.