Features

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို ဘယ်သူဖျက်နေလဲ

 

NRPC တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံပွဲ တက်ရောက်လာသည့်ဒေါ်အောင်ဆန်းစုကြည်။(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

By ခေတ်သစ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် စတင်ကျင်းပလာသည့် ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးပွဲများသည် တတိယအကြိမ်မြောက်အဖြစ် ကျင်းပရန် ပြင်ဆင်နေချိန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့၏ အချက် ၄ ချက်ပါ တောင်းဆိုမှုကြောင့် ညီလာခံ ကျင်းပရန် မဖြစ်နိုင် တော့ဘဲ ရပ်ဆိုင်းသွားပြီဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတဦးသိန်းစိန် လက်ထက်တွင် ရေးထိုးခဲ့သော NCA အပစ်ရပ်သဘောတူ စာချုပ်သည် ၃ နှစ်နီးပါး ရောက်ရှိလာချိန်တွင် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားများအကြား အကျပ်အတည်း၊ သဘောထားကွဲလွဲမှုများစွာ ဖြစ်ပေါ်လာပြီး NCA အပစ်ရပ်လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေး ရရန် ဖြစ်နိုင်ပါ့မလားဆိုသော ဝေဖန် သုံးသပ် မှုများ ကျယ်လောင်စွာ ထွက်ပေါ်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရ တက်လာချိန် ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့ တွင် စတင်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံသည် လက်တွေ့မကျဘဲ သမ္မတဦးသိန်းစိန် အစိုးရ အစောတလျင် အတည်ပြုခဲ့သော NCA စာချုပ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရှေ့ဆက်ရန် မဆိုထားဘိ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပြန်လည်စတင်ရန်ပင် ခက်ခဲနေသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆနေကြသည်။

မည်သည့်အချက်များက NCA စာချုပ်ကို အဟန့်အတားဖြစ်စေသနည်း၊ ၂၁ ရာစု ပင်လုံ ညီလာခံ ကို  မည်သို့သောအကြောင်းတရားများက နှောင့်နှေးစေသနည်း ၊ ငြိမ်းချမ်းရေးကို မည်သူက အဓိက  ဖျက်စီးနေသနည်း ဆိုသော သုံးသပ်မေးခွန်းများက နိုင်ငံရေး အသိုင်း အဝိုင်းတွင် ငြင်းခုန်အဖြေရှာမှုများနှင့် ပွက်လောရိုက်လျက်ရှိနေသည်။

NCA လက်မှတ်ထိုး အဖွဲ့ ၈ ဖွဲ့ ၏ တောင်းဆိုချက် ရနိုင်ပါ့မလား

NCA ကို လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင် DKBA ၊ ပီစီ ငြိမ်းချမ်းရေး ကောင်စီ၊ ANLP ရခိုင်၊ ABSDF ကျောင်းသား တပ်မတော်၊ PNLO ပအို့၊ CNF ချင်း အဖွဲ့၊ RCSS ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့  ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) က  ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့က အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့၍ အချက် ၄ ချက်ပါ တောင်းဆိုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ တောင်းဆိုချက်တွင် ၁- နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင် အထည်ဖော်ဆောင်ရွက်ပြီးမှ သာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) ကို ဆက်လက်ပြုလုပ်သွားမည်၊ ၂- NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံ ဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းများ၊ ကန့်သတ် ပိတ်ပင်ခံရခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်၊ ၃- ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) ထိရောက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နင်ရန် ဆွေးနွေးဘက်များနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်၊ ၄- လက်ရှိ NCA  ကို အကောင် အထည်ဖော်ရာတွင် အခက်အခဲများရှိနေခြင်းကြောင့် NCA စာချုပ် ချုပ်ဆိုရခြင်း၏ ရည်ရွယ် ချက်များ အောင်မြင်စေရေးအတွက် အခြေခံ နားလည်မှုများ ကွဲလွဲချက်များအပေါ် ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည် တို့ဖြစ်သည်။

အဆိုပါ တောင်းဆိုချက်များတွင် NCA စာချုပ်တွင် ပါဝင်သည့် မရှင်းလင်းသည့် အချက်များ၊ အဓိပ္ဗာယ်ဖွင့်ဆိုချက်များကို ပြန်လည် ရှင်းလင်းရေးတို့ပါဝင်သည့်အပြင် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ် အဆင့်အဆင့် အကောင်အထည်ဆောင်ရွက်ပြီးမှသာ ဆိုသော တောင်းဆိုချက်က အစိုးရနှင့် တပ်မတော် အကြား ငြိမ်းချမ်းရေး ဆိုင်ရာ သဘောထား မတူညီမှုများရှိနေခြင်းကြောင့် ဖြစ်နိုင်ရန် ခက်ခဲလှသည်။

အစိုးရ  ၊တပ်မတော်တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ မတူညီမှု

သမ္မတဦးသိန်းစိန်အစိုးရ အာဏာ မလွှဲပြောင်းမီ ကတိုက်ကရိုက် ချုပ်ဆိုခဲ့သည့် NCA စာချုပ်တွင် မရှင်းလင်းမှုများ၊ လုပ်ငန်းစဉ်များ မပီပြင်ခြင်း၊ အဓိပ္ဗာယ်ဖွင့်ဆိုချက်များ မသဲကွဲ ခြင်းများ ရှိနေချိန် NLD အစိုးရနှင့် တပ်မတော်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် အကြီးအကျယ် သဘောထားကွဲလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၇ ဆင့်ကြေညာထားပြီး တပ်မတော်က လည်း ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို စွဲကိုင်ထားသည်။ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန် းစုကြည်၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၇ ချက် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူ ၆ ချက်မှာ မျဉ်းပြိုင် နှစ်ကြောင်းကဲ့သို့ဖြစ်နေပြီး ဦးတည်ချက်မှာလည်း အရှေ့နှင့် အနောက်ဆိုသကဲ့သို့ ဆန့်ကျင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းပြမြေပုံ ၇ ချက်တွင် ၁။ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ခြင်း၂။ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် ပြင်ဆင်ခြင်း၊ ၃။ ပြင်ဆင် အတည်ပြုပြီး ဖြစ်သော နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပခြင်း၊ ၄။ ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်း၍ ပြည်ထောင်စု သဘော တူညီချက် 21st Century Panglon Conference Agreement လက်မှတ် ရေး ထိုးခြင်း ၅။ ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးသားခြင်း၊ အတည်ပြုခြင်း၊ ၆။ ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ၇။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ခြင်းတို့ ဖြစ်သည်။

တပ်မတော်၏ ငြိမ်းချမ်းရေး မူ ၆ချက်မှာ ၁။ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန် တကယ် ဆန္ဒရှိရန်၂။ သဘောတူစာချုပ်များ အတိုင်း ကတိတည်ရန်၊ ၃။ ငြိမ်းချမ်းရေး သဘော တူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ၄။ ဒေသခံပြည်သူများအပေါ် ဝန်ထုတ် ဝန်ပိုး မဖြစ် စေရန်၊ ၅။ နိင်ငံတော်မှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ၆။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှု တွင် လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။

အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လမ်းစဉ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူ၏ ကွာဟချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ရှုမြင်ချက်ပင်ဖြစ်သည်။ တပ်မတော် သည် ငြိမ်းချမ်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ တည် ဆောက်ရန်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးရင်းဖြင့် နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဦးတည်ထားခြင်းဖြစ်သည်။

အခြေခံအုတ်မြစ်မတူသည့် ငြိမ်းချမ်းရေးလမ်းစဉ်နှစ်ခုသည် အစိုးရဘက်က ဖော်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရှိန်မြင့်လာချိန်တွင် ထိပ်တိုက်တွေ့လာသည့် အနေ အထား ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်မြောက်တွင် နိုင်ငံရေးမူဘောင် များ ထပ်မံ ချမှတ်မည်ဖြစ်ရာ ငြိမ်းချမ်းရေး မူနှစ်ခုအကြား သိသာသော ကွာဟချက်များ ဖြစ်ပေါ် လာမည့် အခြေအနေဖြစ်သည်။

အစိုးရက ကျင်းပခွင့်ပြုထားသည့်  အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲများကို တပ်မတော် က ကျင်ပးပခွင့် ပိတ်ပင်ခြင်းသည် အရှိန်မြင့်လာသော အစိုးရငြိမ်းချမ်းရေး လမ်းစဉ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒတို့အကြား ပွတ်တိုက်မှု၏ ရလဒ်ဖြစ်သည်ဟု တိုင်းရင်းသားတို့က သုံးသပ်သည်။

NCA ဘာကြောင့် အလုပ်မဖြစ်သလဲ

NCA အပစ်ရပ်စာချုပ်တွင် မရှင်းလင်းမှုများ ၊ မသဲကွဲမှုများ ၊ လုပ်ငန်းစဉ်များ မကွဲပြားမှုများ ပါဝင်နေသည့်ကြားမှ သံသယနှင့်စိုးရိမ်စိတ်များစွာလည်း နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်လာကြောင်း ၊ အဓိကအားဖြင့် NCA ကို အကောင်အထည်ဖော်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲ ကော်မတီ(UPDJC) နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ(JMC-U) တို့၏ လုပ်ငန်းစဉ်များမှာလည်း ထိထိရောက်ရောက် ဆောင် ရွက်နိုင်မှု မရှိဟု တိုင်းရင်းသားများကဆိုသည်။

“NCA  ရဲ့အဓိကအားနည်းချက်က တစ်ခု ကတော့ တချို့အချက်တွေမှာညှိနှိုင်းစဉ်ကတည်းက ရှင်းရှင်း လင်းလင်း အဓိပ္ပာယ် မဖွင့်ခဲ့တဲ့ ဟာတွေ ပါတယ်။ဒါကြောင့်မို့လို့အဲဒီအချိန် ကတည်း က တချို့ဟာတွေကို အဲဒီ အချိန်မှာ အဓိပ္ပာယ် ဖွင့်လိုက်ရင် ရှေ့ဆက် သွားလို့မရဘူးဆိုတဲ့ ပြဿနာ တွေရှိတော့ အဲဒီအချိန်မှာ အဓိပ္ပာယ် မဖွင့်ဘူး ။အလုပ်လုပ် ရင်းနဲ့နားလည်မှုတွေ ရလာမယ်။ယုံကြည်မှုတွေရလာမယ်။ အဲဒီအချိန် ကျမှ နှစ်ဖက်နားလည်မှုတွေကို တည်ဆောက်မယ်ဆိုတဲ့ သဘော တရားကို အခြေခံပြီးတော့ ရှေ့ဆက်သွားခဲ့ကြတယ်။ အခုဖြစ်နေတဲ့ အခက်အခဲ တွေက NCA ညှိနှိုင်းစဉ်ကတည်းက အဓိပ္ပာယ်ဖွင့်ဖို့အတွက် နှစ်ဖက်နားလည်မှုတွေ ကွာခြားချက်တွေ ပေါ်အခြေခံပြီးတော့ ဖြစ်နေတဲ့ပြဿနာတွေပဲလို့ယူ ဆပါတယ်။ NCAဖြစ်လာတာက ရှစ်ဖွဲ့နဲ့တင်ဖြစ်လာ တာမဟုတ်ဘူး။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ လည်း ပါတယ်” ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျူတည်ထောင်သူ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

NCA တွင် UPDJC နှင့် JMC-U တို့ ဖွဲ့စည်းထားသော်လည်း NCA ၏ မူလရည်ညွန်းချက် ပန်းတိုင် မှာ ရှင်းလင်းမှုမရှိကြောင်း၊ ဖွဲ့စည်းထားသော ကော်မတီနှစ်ခုဖြစ်သည့် UPDJC နှင့် JMC-U မှာလည်း ဖြစ်ပေါ်နေသည့် အခြေအနေများကို ထိန်သိမ်းကိုင်တွယ်နိုင်ခြင်းမရှိကြောင်း၊ လတ်တလော တပ်မတော်နှင့် NCA  လက်မှတ်ရေးထိုးထားသည့် RCSS တို့အကြားတွင် တိုက်ပွဲတစ်ချို့ဖြစ်ပွားမှုရှိပြီး ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ကော်မတီ(JMC-U) က တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်မှုမရှိဟု တိုင်းရင်းသားများက ဝေဖန်ကြသည်။

“NCAကဘယ်ကိုသွားမယ်ဆိုတဲ့လားရာတိတိကျကျညွှန်းထားတာမရှိဘူးဗျ။ NCA အခြေခံမူ အရ ဆွေးနွေးပွဲရလဒ်နဲ့အညီ သွားမယ်ဆိုတာ ပါတယ်။တကယ်လို့ ဆွေးနွေးပွဲရလဒ်က ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုကို မသွားဘူးဆိုရင် ကျနော်တို့အတွက် ပြဿနာရှိတယ်။ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲလိုဟာမျိုးကိုလည်း တိတိကျကျ ရှင်းရှင်း လင်းလင်း အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘူး။ အဲဒါကြောင့်မို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တကယ် အကောင် အထည်ဖော်တဲ့ အချိန်မှာ တကယ် ပြဿနာတွေရှိတယ်” ဟု  UPDJC ၏ အတွင်းရေးမှူး  စိုင်းကျော်ညွှန့်က ပြောသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ပူးတွဲကော်မတီ UPDJC သည်လည်း NCA လမ်းကြောင်း အတိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် UPDJC ကိုယ်တိုင် အခက်အခဲများစွာ ကြုံတွေ့နေရ သည်ဟု ၎င်းက ဆိုသည်။

“NCA ကို အကောင်အထည်ဖော်ဖို့ Institution နှစ်ခု တည်ဆောက်ခဲ့တယ်။ တစ်ခုက အပစ် အခတ်ရပ်စဲရေးတွေကို စောင့်ကြည့်လိုက်နာဖို့ ။ စောင့်ကြည့်ကြီးကြပ်တဲ့ JMC ဆိုတာ လုပ် ပါတယ်။JMC က NCA ထဲမှာပါတဲ့ အဓိပ္ဗာယ်ဖွင့်ဆိုဖို့ ကျန်တဲ့အချက်တွေ အကောင် အထည် ဖော်ဖို့ ကိစ္စတွေလုပ်တယ်။ UPDJC ကတော့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်တဲ့ ကိစ္စ တွေလုပ်တယ်။ UPDJC မှာ တကယ်အလုပ်လုပ်ရမယ့် ယန္တရား၊ ရုံး တွေ ခိုင်ခိုင်မာမာ မရှိဘူး။ UPDJC က ငြိမ်းချမ်းရေး တစ်ခုလုံးကို ဦးဆောင်တယ်ပဲ ပြောပြော ၊ ကြီးကြပ်တယ်ပဲ ပြောပြော အခု ထက်ထိ UPDJC ရုံးဆိုတာ မရှိသေးဘူး။ ပြောချင်တာက တစ်ခုခု လုပ်မယ်ဆိုရင် အတွင်း ရေးမှူး တွေက ကတိုက်ကရိုက် လုပ်ရတာတို့ အများကြီးရှိတယ်။ ခိုင်းရမယ့် လူ မရှိ ဘူး။ အခက်အခဲတွေတော့ အခုထက်ထိ ရှိနေတုန်းပဲ”  ဟု စိုင်းကျော်ညွှန့်က ဆိုသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း NCA အပေါ် တပ်မတော်နှင့် တိုင်းရင်းသားများ အငြင်းပွားဖွယ်များရှိနေကြောင်း၊ NCA နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းပြ မြေပုံ ၇ ဆင့်မှာလည်း မည့်သို့မည်ပုံ ချိတ်ဆက်နိုင်မည်ကိုလည်း ရှင်းလင်းမှုမရှိသေးဟု တိုင်းရင်းသား များက ဆိုသည်။

“ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာ ဘယ်သူတွေပါရမယ်ဆိုတဲ့NCA အပိုဒ် ၂၂ ဂ ကို အဓိပ္ဗာယ် ဖွင့်ဆိုချက်တွေလွဲတယ်။ တိုင်းရင်းသားတွေဘက်က ဖွင့်ဆိုတာ ၃ ပွင့်ဆိုင်ဖြစ်တယ်။ တပ်မတော် ဘက်က ဖွင့်ဆိုတာက ၅ ပွင့်ဆိုင်ဖြစ်တယ်။ ဆွေးနွေးပွဲရလဒ်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သွားရန်လို့ပါတယ်။ ဘယ်လုပ်ထုံးလုပ်နည်းနဲ့ဆိုတာ မရှင်းထားဘူး။ရှင်းလင်းချက်မရှိဘူး။ လုပ်ထုံးလုပ်နည်းဆိုတာက ဘာမှ မပြောထားရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းလားပေါ့။ NCA ထဲမှာ တော်တော်ရှင်းလင်းရမယ့် ကိစ္စတွေရှိပါတယ်။ ရှင်းလင်းတဲ့ ရှင်းလင်းချက် မရှိဘူး” ဟု စိုင်းကျော်ညွှန့်က ပြောသည်။

ပင်လုံညီလာခံကို ဆိုင်းငံ့သွားစေသည့် နောက်ဆုံးဖြစ်ရပ်များ

ရှမ်းပြည်နယ်အပါအဝင် မြို့ကြီးများတွင် အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲများ ကျင်းပ ရန် ပြင်ဆင်ခဲ့သော်လည်း တပ်မတော်က ယင်းနိုင်ငံရေးအကြို ဆွေးနွေးပွဲများ မပြုလုပ်ရန် တားမြစ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယင်းသို့တားမြစ်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသား အဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲများအားလုံး လုံး၀ ကျင်းပခွင့်မရရှိခဲ့ပေ။

အခြားတစ်ဖက်တွင်လည်း ကရင် အမျိုးသားအစည်းအရုံး(KNU)က NCA စာချုပ်ကို  တပ်မတော် က ချိုးဖောက်သည့်လုပ်ရပ်များ ကျူးလွန်ကြောင်း၊ တပ်မတော်က ၎င်းတို့၏ အခြေစိုက် တပ်စခန်းများကို ရိက္ခာပို့ရန် ဟု ဆိုကာ KNU ထိန်းချုပ်သော ကျောက်လုံးကြီး ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများကို တစ်ရွာလျှင် လှေနှစ်စီး ပေးရန် ဒီဇင်ဘာလ ၂၉  ရက်နေ့ ညွှန်ကြားခဲ့ကြောင်း၊ ယင်းသို့ ညွှန်ကြားမှုသည် NCA စာချုပ်ကို ချိုးဖောက်မှုဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို ယုံကြည်မှု နည်းစေကြောင်း KNU ခေါင်းဆောင်တချို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့မှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က အရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး အဆိုပါအစည်း အဝေး တွင် မြန်မာ့တပ်မတော် ဦးတည်ချက်နှင့်လုပ်ငန်းစဉ်တွေအပေါ် ပြန်လည် သုံးသပ် ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်နက်ကိုင်လမ်းစဉ်စွန့်၍ နိုင်ငံရေးပါတီ ထူထောင် ရွေးကောက်ပွဲဝင်ရန် ၊လက်နက်ဖြုတ်သိမ်းရေး အရပ်သားအဖြစ်သာ ဆက်လက် ရပ်တည် သွားရန် စီးပွားရေး လုပ်ငန်းလုပ်ဆောင်ရန် တပ်မတော်က ဦးတည်ပြောဆိုမှုများကို KNLA က လက်မခံကြောင်း၊ ထို့ကြောင့် တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ကို ဆိုင်းငံ့ရန် သဘောထားထုတ်ပြန်ကြေညာသည်။

NCA လက်မှတ်ရေးထိုးထားသည့် RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် တပ်မတော် တို့အကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဇန်နဝါရီလဆန်းပိုင်းတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများဖြစ်ပွားရခြင်းသည် တပ်မတော်က RCSS နယ်မြေများကို လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး NCA ကို တပ်မတော်က ချိုးဖောက်ကြောင်း RCSS ဘက်က စွပ်စွဲပြောဆိုသည်။

ကယားပြည်နယ်တွင်လည်း NCA လက်မှတ်ထိုးရန် အလားအလာ ရှိနေသည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦးကို တပ်မတော်က သတ်ဖြတ်သည်ဟုဆိုကာ တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ KNPP သည်  ၁၉၉၄ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ပင်လုံ ညီလာခံ ပြန်စဖို့ လွယ်ပါ့မလား

လတ်တလော တင်းမာမှုအများစုသည် တပ်မတော်နှင့်ဆက်စပ်နေပြီး တိုင်းရင်းသားများနှင့် တပ်မတော်အကြား၊ တပ်မတော်နှင့် အစိုးရအကြား၊ အစိုးရနှင့် တိုင်းရင်းသားများအကြား တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှု ပျောက်ဆုံးနေသည့် အခြေအနေဖြစ်ကြောင်း၊  ပင်လုံ ညီလာခံ၏ သဘောသည် ရက်အကန့်အသတ်ဖြင့် ဆွေးနွေးစရာရှိသည်များကို ဆွေးနွေးပြီး မူဘောင် ချမှတ်ရသည့်သဘောဖြစ်ရာ အစိုးရခေါင်းဆောင်ပိုင်း၊ တပ်မတော် ခေါင်းဆောင်ပိုင်း၊ တိုင်းရင်းသားခေါင်းဆောင်များအကြား  တိုက်ရိုက် ငြိမ်းချမ်း ရေး နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ညှိနှိုင်းဆွေးနွေးမှု မရှိသည့်အတွက် ပင်လုံညီလာခံ ကျင်းပ နေသည့်တိုင် ငြိမ်းချမ်းရေး ပန်းတိုင်က ပို၍ပင် ဝေးကွာလာကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပက်ကျိသွားနှုန်း ကဲ့သို့ဖြစ်နေသော်လည်း NCA ချိုးဖျက်ခြင်းမရှိသေး၍ အကောင်းမြင်သေးသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။

သို့သော်လည်း ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အဖြစ် ပြန်လည် စတင်နိုင်ရေးမှာ လက်ရှိသွားနေသည့် NCA လမ်းစဉ်ဖြင့် လုံး၀ မဖြစ်နိုင်တော့ဘဲ တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်ပိုင်းအကြား ၃ ပွင့်ဆိုင် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းပြီးမှသာ အဖြေထွက်နိုင် ကြောင်း၊ ဆုံးဖြတ်ချက်ပေးနိုင်သည့် ခေါင်းဆောင်များအကြား တစ်စုံတစ်ရာ ညှိနှိုင်းမှုမရှိဘဲ ၂၁ ပင်လုံ ညီလာခံ ကျင်းပသည့်တိုင် နိုင်ငံတစ်ဝန်း တိုက်ပွဲသေနတ်သံ ပိုမို ကျယ်လောင် လာမည်ဖြစ်ကြောင်း တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးအင်အားစုများက သုံးသပ် ပြောဆိုကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.