Local News

တာမွေစစ်ပွဲရပ် ဆန္ဒပြပွဲတွင် အကြမ်းဖက်သော အရပ်ဝတ် ၈ ဦးကို အရေးယူပေးရန် တရားရုံးဦးတိုက်လျှောက်ထားဟုဆို

 ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုမြတ်ကျော်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသော အရပ်ဝတ်တချို့နှင့်ရဲတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-ကိုလင်းဘိုဘို)


ဆန္ဒပြပွဲတွင် သတင်းယူနေသော သတင်းမီဒီယာများကို ရဲတပ်ဖွဲ့ဝင်များ တွန်းထိုးကန်ကျောက်နေစဉ်။


ရန်ကုန်၊ ဇွန် ၂၅
မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲရပ် ဆန္ဒပြပွဲတွင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းသော အရပ်ဝတ် စွမ်းအားရှင်များအနက်မှ ၈ ဦးကို အရေးယူပေးရန် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ဗဟန်းတရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း သိရှိရသည်။
မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တာမွေစစ်ပွဲရပ် ဆန္ဒပြပွဲတွင် သတင်းမီဒီယာများကို အရပ်ဝတ် တချို့က စွမ်းအားရှင်ပုံစံ ခြိမ်းခြောက်ခြင်း၊ ရန်ပြုရန် ကြိုးစားခြင်း၊ ဆဲဆိုခြင်းများ လုပ်ဆောင်သောကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို တရားဝင် တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေး လျက်ရှိပြီး ရဲတပ်ဖွဲ့ကို စစ်ဆေးစဉ် စွမ်းအားရှင်ပုံစံ အကြမ်းဖက်သော အရပ်ဝတ် ၈ ဦးကို အရေးယူရန် ဗဟန်း တရားရုံးသို့ ဦးတိုက်လျှောက်ထားသည်ဟု သိရှိရသည်။
“အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုင်ကြားသူဖြစ်တဲ့ သတင်းသမားကာကွယ်ရေးကော်မတီကို အကြောင်းပြန်တာက သူတို့ အခု ရဲ၊ ထွေအုပ်၊ သတင်းထောက်၊ အကြမ်းဖက်ခံရသူနဲ့ အကြမ်းဖက်တဲ့ အရပ်ဝတ်တွေ အားလုံးကို စုံညီ ခေါ်ယူစစ်ဆေးတဲ့အခါမှာ အခြေအနေက ရုပ်လုံးပေါ်လာပြီဆိုတာပြောတယ်။ နောက်တစ်ခုက ရဲတပ်ဖွဲ့ဘက်က အရပ်ဝတ် ၈ ဦး ကို ဗဟန်းတရားရုံးမှာ အရေးယူပေးဖို့ ဦးတိုက်လျှောက် တယ်။ အဲဒါကိုလည်း တရားရုံးဘက်ကနေ ရဲတပ်ဖွဲ့ကို ပြန်လည်စစ်ဆေးဖို့ ချပေးထားတယ် ပြောတယ်။ ကော်မရှင်ဘက်က လုပ်နိုင်တာ အကုန်လုပ်နေတယ်ဆိုတာ အသိပေးပါတယ်” ဟု မြန်မာနိုင်ငံ သတင်းသမားကာကွယ်ရေးကော်မတီမှ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဗဟန်းရဲတပ်ဖွဲ့က အရေးယူပေးရန် ဦးတိုက်လျှောက်ထားသော အကြမ်းဖက် အရပ်ဝတ် ၈ ဦး၏ အမည်၊ အရေးယူမည့် ပုဒ်မ အပါအဝင် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာမွေစစ်ပွဲရပ် ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမ ျှကို အစီရင်ခံစာ ထုတ်ပြန်၍ လိုအပ်ချက်များ ဆောင်ရွက်ရန် သတင်းမီဒီယာများနှင့် အာဏာပိုင်များကို တိုက်တွန်းမည်ဖြစ်ကြောင်း သိရှိရသည်။
တာမွေဆန္ဒပြပွဲတွင် ဆန္ဒပြခဲ့ကြသော ကိုမြတ်ကျော်အပါအဝင် ဆန္ဒပြသူ ၁၇ဦးမှာ ယခုအချိန်အထိ ဗဟန်းတရားရုံးတွင် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉  ဖြင့် အမှုဖွင့် စစ်ဆေးခံနေရဆဲဖြစ်သည်။ 

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.