Features political news

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလွန် တပ်ချုပ်သစ် ဘယ်လို ရွေးချယ်မလဲ.. သတင်းသုံးသပ်ချက်

သတင်းသုံးသပ်ချက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလွန် တပ်ချုပ်သစ် ဘယ်လို ရွေးချယ်မလဲ

By သာလွန်ဇောင်းထက်(ခေတ်သစ်သတင်းအေဂျင်စီ)
 ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ( စစ်ဦးစီးအရာရှိချုပ်(ကြည်း)) ညာအစွန်
စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး( တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်း ဗိုလ်ချုပ်မျိုးဇော်သိန်း( ယခု ဒုတိယဗိုလ်ချုပ်ကြီး ကစထမှူး)

စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသက် ၆၀ နှစ် ပြည့်ခဲ့ပြီဖြစ် သော် လည်း အသက် ၆၅ နှစ်အထိ တပ်ချုပ်တာဝန် ဆက်လက်ထမ်းဆောင်မည် ဟု တပ်မတော်က သတင်း ထုတ်ပြန် ခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလွန် တပ်ချုပ်သစ် တဦး မည်သို့ ရွေးချယ် မည်နည်း၊ မည်သူက တပ်ချုပ်သစ် အတွက် အလားအလာကောင်းနေသနည်း ဆိုသည်ကို နိုင်ငံရေး အသိုင်းအဝိုင်းက စိတ်ဝင်တစား မေးခွန်းထုတ်ကြသည်။

၁၉၅၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မေးဖွားခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ရွေးချယ်မှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူး ရရှိခဲ့သည်။ တပ်ချုပ်အဖြစ် ရွေးချယ်ခန့်အပ်စဉ်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးအဆင့်သာရှိနေသေးသည့် အချိန် ဖြစ်သည်။

ဗိုလ်သင်တန်းအပတ်စဉ် ၁၈ ကျောင်းဆင်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ချန်လှပ်ထားပြီး ဗိုလ် သင်တန်း အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်ချုပ် အဖြစ် ခန့်အပ် ခဲ့ခြင်းဖြစ်ရာ ဗိုလ်သင်တန်း အပတ်စဉ် ကြီးစဉ်ငယ်လိုက် မဟုတ်ဘဲ ထိုအချိန်က တပ်မတော် ကာကွယ် ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ ယုံကြည်မှု၊ နီးစပ်မှုရှိသူကိုသာ တာဝန် လွှဲပြောင်း ပေးအပ်ခဲ့ သည့် ပုံစံပင်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက် ၆၀ ပြည့်ချိန်တွင် တပ်မတော်က တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့သည် အသက် ၆၅ နှစ် အထိ တာဝန် ထမ်းဆောင်နိုင် သည်ဆိုသော ညွှန်ကြားလွှာ တစ်ရပ် ထုတ်ပြန်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆက် လက် တပ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်။

ယင်းသို့ ခွင့်ပြုမှုသည် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီဖြစ်ပြီး တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း အခြားသော နိုင်ငံ့ဝန်ထမ်းများ ထက်စာလ ျှင် ထူးခြား သော သဘာဝရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၉၁ တွင်လည်း တပ်မတော်သားများနှင့် ပတ်သက်၍ တပ်မတော် ဥပဒေများအတိုင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း တပ်မတော်က ရှင်းလင်း ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၆၅ နှစ်ပြည့်သည့် ၂၀၂၁ခုနှစ် အထိ တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။

တပ်ချုပ်သစ် မည်သို့ ရွေးကြမည်နည်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၂ တွင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ) ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေး ရမည်ဟု ပြဋ္ဌာန်းထားပြီး ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၆ (က) တွင်လည်း နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို ခန့်ထား ရမည်ဟု ဖော်ပြထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ အရ သော်လည်းကောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ရေးသည် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အဖြစ် တည်ရှိနေသည်။

သို့ရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ခန့်ထားရေးနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မူ ဖော်ပြထားခြင်းမရှိဘဲ ဖြစ်နေရာ မည်သို့သော အရည်အချင်း သတ်မှတ်ချက် နှင့်ပြည့်စုံသူကိုသာ တပ်ချုပ် အဖြစ် ခန့်အပ်ရမည်ဆိုသော ဥပဒေ တစ်ရပ်လိုအပ်နေကြောင်း လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက ဆိုသည်။

“ကာလုံ အဆိုပြု ထောက်ခံချက်နဲ့ သမ္မတက တပ်ချုပ်ကို ခန့်အပ်ရမယ်ဆိုပေမယ့် ဘယ်လို အရည်အချင်း သတ် မှတ် ချက်ဆိုတာလည်း မပါလာဘူး။ ဒါက ဥပဒေ တစ်ရပ် ထပ်ပြီး လိုနေသေးတယ်ဆိုတာပြတယ်။ ဥပမာ ဆိုပါ တော့ သမ္မတ ရွေးချယ်မယ်ဆိုရင် သမ္မတ အရည်အချင်းသတ်မှတ်ချက်တွေ ဖော်ပြတယ်။ ဝန်ကြီး ဆိုရင်လည်း ဝန်ကြီး အရည်အချင်းသတ်မှတ်ချက် စသည်ဖြင့် ဖော်ပြထားတယ်။ ဒါပေမယ့် တပ်ချုပ် ခန့်အပ်မယ် ဆိုရင်တော့ အရည်အချင်းသတ်မှတ်ချက် မရှိဘူးဖြစ်နေတယ်” ဟု ဦးရဲထွန်းက ဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၁၁ ဦး ပါဝင်သည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေကြမ်း တခုကို လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ခါနီးဖြစ်၍ ယင်းဥပဒေကြမ်းကို မဆွေးနွေး တော့ဘဲ ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေကြမ်းသည် အဓိကအားဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့်များ၊ ကာ/လုံကောင်စီအတွင်း မဲခွဲဆုံး ဖြတ်နည်းများ ပါဝင်ရာ တပ်ချုပ်သစ်ခန့်ထားရေး ကိစ္စများပါ တိုက်ရိုက် ပတ်သက် လျက် ရှိနေကြောင်း သိရှိရသည်။

“အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးဥပဒေဆိုတဲ့ ဥပဒေကြမ်းကို လွှတ်တော် ပြီးခါနီးမှာ ဦးသိန်းစိန် အစိုးရ ဘက်ကနေတင်လာတယ်။ တင်လာ တဲ့အခါကျတော့ လွှတ်တော် သက် တမ်း လည်း ကုန်ခါနီးချိန်လည်းဖြစ်တော့ ကျနော်တို့ ပထမအကြိမ်မှာ မစဉ်းစားတော့ဘဲနဲ့ ဆိုင်းထား လိုက်တာပေါ့ဗျာ၊ အဲ့ဒီမှာ သတိထား မိတဲ့ အချက်က အဓိကဘာလဲဆိုတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး အစည်းအဝေးမှာ သမ္မတက မဲပေးခွင့်မရှိဘူး။ မဲတူ နေတဲ့အခါ သမ္မတ အဆုံးအဖြတ်ပေးရမယ်ဆိုတာမျိုး ပါတယ်” ဟု ဦးရဲထွန်းက ဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဥပဒေကြမ်းတွင် တပ်ချုပ်သစ် အဆိုပြု ခန့်အပ်မှုတွင် သမ္မတ သြဇာချဲ့ထွင် အတည်ဖြစ်နိုင်သော ပြဋ္ဌာန်းချက် ထည့်သွင်းခြင်းဖြင့် အရပ်သားအုပ်ချုပ်မှုအောက်တွင် တပ်မတော်ကို ထားရှိနိုင်ရေး အခွင့်အလမ်းများရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခု ပထမအကြိမ် လွှတ်တော်မှာ တင်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို ဆက်ပြီး ဆွေးနွေးနေသလား၊ မဆွေးနွေးဘူးလားဆိုတာ သေချာမသိဘူး။ ဒါပေမယ့် NLD အမတ်အများစု လွှတ်တော်မှာရှိနေတာမို့ တပ်ချုပ်ခန့်ထားရေးနဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းလင်းတဲ့ ဥပဒေ ဖွင့်ဆိုချက် တွေ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းပြဋ္ဌာန်းမယ်ဆိုရင်တော့ အရပ်သားသမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုကြီးလာမှာပဲ” ဟု သူက ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်တွင် တစ်စုံတစ်ရာ ဆွေးနွေးမှုပင်မရှိသေး ဟုဆိုသည်။

စီနီယာလား၊ နီးစပ်မှုလား

တပ်ချုပ်သစ်ရွေးချယ်ထားနိုင်ရေး အဓိကကျသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ဥပဒေကြမ်း မရှိသေးသည့်တိုင် တပ်ချုပ်သစ်အဖြစ် မည်သူကို ရွေးကောက်တင်မြှောက်မည်နည်းဆိုသော မေးခွန်းထုတ်မှုများက တပ်အသိုင်းအဝိုင်းတွင်လည်း ရှိနေသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်ချုပ်မင်းအောင်လှိုင်ကို ရွေးချယ်ခဲ့သည့် နီးစပ်မှု ပုံစံမျိုးဖြင့်သာ တပ်ချုပ်သစ်ကို ရွေးချယ်မည်ဟု စစ်ဘက်ရေးရာ ကျွမ်းကျင်သူများကဆိုကြသည်။

“စီနီယာဆိုတာက Rank(ရာထူး) ကို ကျော်လို့မရဘူး။ ကိုယ့်ထက် ဂျူနီယာ ဖြစ် ပေမယ့် လည်း ရာထူးကြီးလာရင်တော့ အလေးပြုရတာပဲ။ ဂျူနီယာပေမယ့် ရာထူးကြီး တဲ့သူက စီနီယာရာထူးငယ်နေသူကို အကိုကြီးလို့ လေးစားသမှုနဲ့ ခေါ်ချင်ခေါ်မယ်။ ပြောချင်တာကတော့ စီနီယာ ဆိုတာက Rank ကို ကျော်လို့ကိုမရဘူး” ဟု စစ်ဘက်ရေးရာ ကျွမ်းကျင်သူ အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးက ပြောသည်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ ၏ တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးက တပ်ချုပ် သစ် ရွေးချယ်မှုပုံစံသည် စီနီယာအပတ်စဉ်အတိုင်းမဟုတ်ဘဲ ထက်မြက်သူကိုသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးချယ်လိမ့်မည်ဟု ဆိုသည်။

“ ဘယ်သူဆိုတာ ပြောဖို့တော့ ခက်ပါတယ်။ လက်ရှိတပ်ချုပ်က သင့်တော်သူလို့ ထင်တဲ့သူကိုပဲ တပ်ချုပ် ရာထူး ပေးပါလိမ့်မယ်” ဟု ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။

စစ်ဘက်ရေးရာကျွမ်းကျင်သူ ဒေါက်တာအောင်မျိုးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၂၅ ခုနှစ်အထိ တပ်ချုပ်ရာထူးအတွက် ကြိုတင်ပြင်ဆင်ခဲ့ပုံကြောင်း၊ ၂၀၂၅ နောက်ပိုင်း တပ်ချုပ် ရာထူးအတွက် လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီမံ ပြင်ဆင်လိမ့်မည်ဟု သုံးသပ်သည်။

“အရင်ကတည်းက ဘယ်သူပြီး ဘယ်သူတက်မယ်ဆိုတာ တိုင် ပင်ပြီး Line up လုပ်ထားခဲ့ပုံပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက Line Up လုပ်ထားခဲ့ပြီးသားလို့ ကျနော်က မြင်တယ်။ ၂၀၂၅ အထိ သူ လုပ်ထားခဲ့ပုံရတယ်။ ၂၀၂၅ အလွန် တပ်ချုပ် ရာထူး အတွက်ကတော့ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ Line Up လုပ်မှာပေါ့” ဟု ဒေါက်တာအောင်မျိုးက ပြောသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦး တပ်ချုပ်သစ် ဖြစ်မလား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် အဖြစ်ရေပန်းစားနေသည့် ဗိုလ်ချုပ်မြထွန်းဦးသည် ၂၀၁၄ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး တိုးမြှင့်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ခံရပြီး တပ်မတော်ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးဖြင့် တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ၁၉ ၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ကြောင်း၊ ယခင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောကျခဲ့ သည့် မျိုးဆက်သစ် တပ်မတော်အရာရှိ ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆက်ဆံရေး ကောင်းမွန်စေရေး စွမ်းဆောင် နိုင်ခဲ့သူတဦးဖြစ်ကြောင်း၊ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကိုယ်စားပြု တက်ရောက် ခဲ့ကြောင်း စစ်ဘက်အသိုင်းအဝိုင်းမှ သိရှိရသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အတူ အလားအလာရှိသော အနာဂတ် တပ်ခေါင်းဆောင်များ

ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့သည်လည်း အနာဂတ် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် ထင်ကြေးပေး မှတ်ချက်ပြုမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

(၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာသံတော်ဆင့် နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားပြီးဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.